နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခုရက်ပိုင်း ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဆိုင်ရာ အရေးယူ ပိတ်ဆို့မှု ဆန်ရှင် (Sanction) တချို့ကို ရုပ်သိမ်းပေးမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမား က ကြေညာလိုက်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံဟာ ဆန်ရှင် ရုပ်သိမ်း ပေးခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် အခြေအနေတွေလည်း ရှိနေဆဲ ဖြစ်လို့ အမေရိကန် ဆန်ရှင် ရုပ်သိမ်းပေးခြင်း အပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး စတဲ့ နယ်ပယ် အသီးသီးမှာ လှုပ်ရှား ဆောင်ရွက်နေသူတွေရဲ့ သဘောထား အမြင်တွေကို ဧရာဝတီ က ဆက်သွယ် မေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။
ဒေါက်တာ သက်သက်ခိုင်
ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ စီးပွားရေး လုပ်ငန်းရှင်
ကျမတို့ နိုင်ငံက ၁၉၈၇ ခုနှစ်မှာ LDC(ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ) နိုင်ငံအဖြစ်ကို ရောက်သွားခဲ့တယ်။ တိုင်းပြည်က စီးပွားရေး ကမောက်ကမ ဖြစ်ပြီး တော့ နိုင်ငံတကာ အကြွေးတွေ မဆပ်နိုင်တဲ့အခါ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ ဖြစ်သွား တယ်။ အဲဒီလို စာရင်းဝင်သွားခြင်း သည် နာမည်တော့ မကောင်းဘူး။ ဒါပေမယ့် အရှိအရှိအတိုင်း လက်ခံရမယ်။ နာမည်မကောင်းပေမယ့် စာရင်းထဲဝင်သွား တဲ့ အတွက် ကျမတို့ကို ဦးစားပေးတာတွေ ရှိတယ်။ အဲဒီအများကြီး ရှိတဲ့ အခွင့်အရေးတွေကို ကျမတို့ အကုန် မသုံးနိုင် သေးဘူး။
ဘာကြောင့် မသုံးနိုင်လဲဆိုရင် အဓိကက Economic Sanction(စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု) ဝင်သွားတယ်။ ဝင်သွားတဲ့ အတွက် ကုန်သွယ်မှုတွေမှာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှုတွေမှာ LDC အနေနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ အနေနဲ့ ရသင့်တဲ့ အခွင့်အရေးတွေ မရခဲ့ဘူး။ မရတာကြာလာတော့ လူတွေက သုံးလည်း မသုံးတတ်ကြတော့ဘူး။ ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ EU (ဥရောပ သမဂ) ကနေ Economic Sanction လွှတ်လိုက်တယ်။
ဥပမာ ထားပါတော့ EPA လို လက်နက်နဲ့ ပတ်သက်တာကလွဲရင် အကူအညီရတာမျိုး၊ GSP (ကုန်သွယ်မှု ဆိုင်ရာ အထူး အခွင့်အရေး) လိုမျိုး အကုန်လုံး ကူးသန်းရောင်းဝယ်ခွင့် ရသွားပြီ။ အကန့်အသတ်ထဲမှာလည်း ကျမတို့ မပါဘူး။ သွင်းကုန်ထုတ်ကုန်နဲ့ ပတ်သက်လို့ ရနိုင်တဲ့ အထူးအခွင့်အရေးတွေလည်း US ကနေ မရသေးဘူး။
အခုက စစ်တပ်အချင်းချင်း Joint Exercise လိုမျိုး ပူးပေါင်း လေ့ကျင့်တာမျိုး မလုပ်သေးဘူး။ ဒါပေမယ့် Engage တော့ လုပ်နေပါတယ်။ အဓိက ဘာက ကောင်းတာလည်းဆိုရင် စီးပွားရေး ဖွံ့ဖြိုးဖို့အတွက်ကို ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအနေနဲ့ ရထားတဲ့ ကမ္ဘာက ပေးထားတဲ့ အခွင့်အရေးတွေ သုံးပြီးတော့မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်တယ်။ အကျိုးသက်ရောက်မှုလို့ပြောရင် ဒီအခွင့်အရေးကို ကျမတို့ သုံးနိုင်ခဲ့ရင် US ဒေါ်လာနဲ့ ပြောလို့ရှိရင် Its Billion of Dollar ပေါ့နော်။
နောက်တခုက နိုင်ငံတကာကနေပြီးတော့ ဥပမာ တရုတ်နိုင်ငံက စက်ရုံတခု သို့မဟုတ် ထိုင်းနိုုင်ငံက စက်ရုံတရုံရုံက သူတို့ဆီက Production Course ကို လျှော့ချင်ရင် သူတို့ဆီက လုပ်သားတွေက ဈေးကြီးလာတဲ့အခါမှာ စရိတ်သက်သာ တဲ့ အခြား တိုင်းပြည် တခုခုကို ရွေ့ချင်လို့ရှိရင် ကျမတို့က LDC ထဲမှာလည်းပါတယ်။ Economic Sanction ကလည်း လွတ်ပြီဆိုတော့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ပြီ။
ဖိတ်ခေါ်နိုင်ပြီဆိုရင် အကျိုးဆက်က အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာမယ်။ ကျွမ်းကျင်မှုတွေ ရမယ်။ ကျမတို့ ပြည်သူတွေ အသိပညာ အတတ်ပညာတွေ ရလာမယ်။ ကျမတို့ တိုင်းပြည်အတွင်းမှာလည်း ထုတ်လုပ်မှုများပြီး Export ထုတ်ကုန်တွေကိုလည်း ပြန်ပို့နိုင်မယ်။ ပြန်လုပ်နိုင်ရင် နိုင်ငံခြားငွေတွေ ပြန်ရလာမယ်။ နိုင်ငံခြားဝင်ငွေရတာ များလာရင် မြန်မာငွေ မာလာမယ်။ အဲဒီလို အကျိုးကောင်းတာတွေ အများကြီးရှိတယ်။
အဲဒါကြောင့် Economic Sanction လွှတ်တာကို ကြိုဆိုရမှာ ဖြစ်တယ်။ ကျမတို့ရဲ့ စီးပွားရေးလုပ်ငန်း အသိုက်အဝန်း ကလည်း ရတဲ့ အခွင့်အရေး၊ Economic Sanction လွတ်တဲ့အတွက်ကို LDC အတွက် ရတဲ့အခွင့်အရေးတွေကို များများ သုံးပြီးတော့ တိုုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမှာ ဖြစ်တယ်။ ဆိုလို့ရှိရင် နိုင်ငံတကာနဲ့ ရင်းနှီးမြှပ်နှံတာတွေ အများကြီး ဝင်လာပြီးတော့ စီးပွားရေး ပိုကောင်းလာနိုင်တယ်။ ပြီးလို့ရှိရင် အခု ထိုင်စောင့်ကြည့်နေကြတဲ့ Foreign Direct Investment တွေ လာနိုင်တယ်။ အဲဒါဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ ပြောချင်ပါတယ်။
ဦးဝင်းအောင်
စစ်ကိုင်းတိုင်း အမှတ် ၃ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
အခုလို Sanction ရုပ်သိမ်းသွားတာ ပထမ အဆင့်အရ ကောင်းတယ်။ သူတို့ ရုပ်သိမ်းမှာကတော့ ၂ ဆင့် ရှိမှာပေါ့။ ကွန်ဂရက်က ရုပ်သိမ်းရမယ့် အဆင့်ရယ်။ အမေရိကန် သမ္မတက လုပ်ပေးရမယ့် အဆင့်ရယ်။ အဲဒါတွေ ပြီးသွားရင်တော့ အမေရိကန် လုပ်ငန်းရှင်တွေ အနေနဲ့လည်း ဒီမှာ လာပြီးတော့ ရင်းနှီးမြှပ်နှံနိုင်လိမ့်မယ်လို့ ထင်တယ်။
နောက်ပြီးတော့ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့လည်း ဆက်ပြီးတော့ လုပ်ငန်းတွေ ပိုလုပ်လာနိုင်လိမ့်မယ်။ ပြည်တွင်းမှာ လည်း အလုပ်အကိုင် အခွင့်အလမ်းတို့၊ ငွေကြေး လှည့်ပတ်စီးဆင်းမှုတို့ ပိုကောင်းလာမယ်လို့ ထင်တယ်။ ကျန်တဲ့အပိုင်းတွေကလည်း တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး အောင်မြင်မှု အခြေအနေပေါ်မှာ မူတည်ပြီး ဖြစ်လာလိမ့်မယ်။ ကျန်တဲ့ကိစ္စတော်တော် များများလည်း ပိုကောင်းလာမယ်လို့ ထင်ပါတယ်။
တိုင်းပြည်မှာက လူမှုရေးနဲ့ နိုင်ငံရေး အခြေအနေတွေကလည်း တိုးတက်မှု ရှိလာတော့ ဒီအခြေအနေတွေကြောင့် အခုလို အမေရိကန်က ဆုံးဖြတ်ပေးလိုက်တာလို့ ယုံကြည်တယ်။ ဒီလိုအခြေအနေတွေ ဖြစ်လာတယ်ဆိုတာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ကြိုးပမ်းမှုတွေကြောင့် အခုလို ရောင်ခြည်းသန်းလာတာလို့ ပြောနိုင်ပါ တယ်။
ဦးအောင်ကျော်ဇံ
ပေါက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ
အခု Sanction ဖြုတ်လိုက်ပြီလို့ ပြောတယ်။ ဟိုတခေါက်က ပြည်သူ့လွှတ်တော်မှာ အဆိုတခုကို ပြည်ခိုင်ဖြိုးက တင်တာ မှတ်မိလား။ အဲဒီ Sanction ဖြုတ်သိမ်းရေးအဆိုကို လွှတ်တော်က ပယ်ချလိုက်တော့ ရှေ့နောက်မညီ ဖြစ်နေတာ တွေ့တယ် မဟုတ်လား။ အဲဒီတုန်းက Sanction ကို လက်ခံသလိုကြီး ဖြစ်နေတယ်။ ပြောင်းပြန်ကြီး ဖြစ်နေတယ်။
Sanction ရုပ်လိုက်တာတော့ ကောင်းပါတယ်။ စီးပွားရေး အခွင့်အလမ်းတွေ ရှိလာမှာပေါ့။ ပိတ်တာထက်စာရင် ဖွင့်ထား တာက အကုန် ကောင်းတယ်။ အထူးသဖြင့်တော့ ငွေရေးကြေးရေး အခွင့်အလမ်းတွေ ပိုရလာနိုင်တယ်။ ငွေကြေး စီးဆင်း မှု ပေါ့ဗျာ။ ငွေကြေး စီးဆင်းမှု က အမေရိကန်ကို အခြေခံနေရတာပဲ။
World Bank ဆိုရင် စင်တာကြီးဖြစ်နေတဲ့အတွက် အမေရိကန်နဲ့က မဆက်သွယ်လို့ကို မရဘူး။ အရင်က ကွေ့ပတ်ပြီး ဆက်သွယ်နေတာကနေ အခုတည့်တည့် ဆက်သွယ်ရတော့မယ်။ သိသာတာက အလုပ်အကိုင် အခွင့်အလမ်းတွေ တိုး လာမယ်။ ပြီးတော့ Sanction ပိတ်တာက Personal ပိတ်တာမျိုး မလုပ်သင့်ဘူး။ မူအရပဲ ပိတ်တာမျိုး ဖြစ်သင့်တယ်။
ဦးစိုင်းလိတ်
ပြောခွင့်ရသူ – ရှမ်းတိုင်းရင်းများ ဒီမိုကရေစီ အဖွဲ့ချုပ်- SNLD
ဆန်ရှင်ရုပ်သိမ်းတာနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် အပိုင်း ၂ ပိုင်း ရှိပါတယ်။ တခုက ကုန်သွယ်မှု အပိုင်းဆိုရင်တော့ တိုက်ရိုက် အကျိုးရှိပါမယ်။ နောက်တပိုင်းကတော့ သယံဇာတဆိုင်ရာတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု ပုံစံ မဖြစ်သေးတဲ့ အတွက် အခွန်အခ ခွဲဝေခြင်းဆိုတဲ့ နေရာမှာ ပြဿနာ တက်နိုင်တဲ့ အပိုင်းတွေ ရှိပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ရိုးရိုးသာမန် ရင်းနှီးမြှုပ်နှံမှု မျိုးဆိုရင်တော့ ကျနော်တို့မှာ ကန့်ကွက် စ ရာ မရှိပါဘူး။ လူထု အတွက်လည်း အကျိုးများပါလိမ့်မယ်လို့ ထင်ပါတယ်။
နောက်တခုက ခရိုနီတွေနဲ့ပတ်သက်ရင်တော့ လွှတ်တော်နဲ့ဆိုင်ပါတယ်။ ခရိုနီတွေအတွက် အကျိုးရှိလား၊ မရှိဘူးလား ဆိုတာတော့ လွှတ်တော်က ပြဌာန်းမယ့် ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ ဆိုင်ပါမယ်။ ခရိုနီတွေရဲ့ လုပ်ပိုင်ခွင့်တွေဟာ လွှတ်တော်က ပြဌာန်းမယ့် ဥပဒေတွေနဲ့ဆိုင်မှာပါ။ လွှတ်တော်ရဲ့ ထိန်းကျောင်းနိုင်မှု အပေါ်မှာ မူတည်ပါတယ်။
ဦးခိုင်ကောင်းစံ
ဒါရိုက်တာ – ဝံလက် ဖောင်ဒေးရှင်း – ရခိုင်ပြည်
ဆန်ရှင် ရုပ်သိမ်းလိုက်တဲ့အတွက် တဖက်က ကြည့်ရင် တိုင်းပြည်အတွက် အကျိူးရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ လက်ရှိခရီးစဉ်မှာ အပေးအယူအနေနဲ့ လုပ်ခဲ့မယ်ဆိုရင်တော့ စိုးရိမ်စရာပါ။ အထူးသဖြင့် ရခိုင်မှာ ဖြစ်နေတဲ့ ပဋိ ပက္ခတွေနဲ့ပတ်သက်ပြီး အပေးအယူ လုပ်ခဲ့မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်အတွက် သော်လည်းကောင်း၊ မြန်မာနိုင်ငံ အ တွက် သော်လည်းကောင်း အနာဂတ်အတွက် မကောင်းပါဘူး။ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ပါတယ်။
နောက်တခုက ဆန်ရှင် ရုပ်သိမ်းလိုက်တာကြောင့် ပြည်သူတွေအတွက် ဆိုတာထက် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမယ့်သူ တွေအတွက် ပိုအကျိုးရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် ခိုင်မာတဲ့ ဥပဒေ ပြဌာန်းထားတာ မရှိသေးပါဘူး။ လက်ရှိ ဥပဒေ တချို့မှာဆိုရင်လည်းပဲ ဒေသခံပြည်သူတွေအတွက် တိုက်ရိုက်အ ကျိုးခံစားခွင့်မရှိဘဲ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေကိုပဲ အထောက် အ ပံ့ဖြစ်စေနိုင်တဲ့ ဟာတွေပါ။
ဦးအောင်မျိုးမင်း
Equality Myanmar
အစိုးရသစ်ရဲ့လုပ်ဆောင်မှုအပေါ်မှာ အမေရိကန်အစိုးရက အသိအမှတ်ပြုတယ်။ လမ်းကြောင်းပေါ်မှာ ချီတက်နေတယ်လို့ ချီးကျူးပြီး ဒါမျိုးလုပ်ဆောင်တယ်ဆိုတာ ပထမတခုအနေနဲ့ ကျေနပ်အားရပါတယ်။ အစိုးရသစ်အပေါ်မှာ အမေရိကန် အစိုးရ အနေနဲ့ လက်တွဲလုပ်ဆောင်ဖို့ သွားတယ်ဆိုတဲ့ လမ်းကြောင်းလေး ကျနော်တို့တွေ့ရတယ်။ ဒါပေမယ့် တချို့သော ဆန်ရှင် တွေက ကျနော်တို့ ဒီပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ အပေါ်မှာ သက်ရောက်နေတဲ့ အရာတွေရှိနေတယ်။ အဲဒါတွေကို အခုအချိန်မှာ ချက်ချင်းကြီး ရုပ်သိမ်းတာထက်စာရင် သူတို့အပေါ်မှာ စောင့်ကြည့်တဲ့ ဆန်ရှင်မျိုးတော့ ချန် ထား သင့်တယ်လို့ ယူဆပါတယ်။
ဘာကြောင့်လဲဆိုတော့ အစိုးရသစ်က တဖက်က လုပ်ဆောင်နေတာ မှန်ပါတယ်။ ကြိုးစားမှုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် တချို့သော စီးပွားရေးကိစ္စတွေမှာ အဂတိလိုက်စားမှုတွေ ရှိတယ်။ ဒီအပေါ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါဝင်နေတဲ့အတွက် ဒီလိုကိစ္စမျိုးတွေနဲ့ပတ်သက်ရင် ဆန်ရှင် ရုပ်တာ နည်းနည်းလေး စောလွန်းသွားတယ်လို့ ထင်တယ်။
ဦးဘိုကြည်
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)
မြန်မာနိုင်ငံကို ဆန်ရှင် စပြီးတင်သွင်းတဲ့ အချိန်တုန်းက မြန်မာနိုင်ငံမှာ ရှိနေတဲ့အစိုးရတွေက လူ့အခွင့်အရေး အခြေအနေ တွေ ကို အရမ်းချိုးဖောက်တယ် ဆိုတာမျိုးတွေကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်တယ်လို့ သိထားတယ်။
အခုက နိုင်ငံအရေးအခြေအနေကို ကြည့်ပြီး ဆုံးဖြတ်တာမျိုး ဖြစ်တဲ့အတွက် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အနေနဲ့ သူတို့ ဆန်ရှင်ကို ရုပ်သိမ်းတယ်လို့ ထင်ပါတယ်။
တကယ်တမ်းက လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုတွေ မရှိသေးပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေလည်း ရှိနေတုန်း ပဲ။ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်တွင်း စစ်တွေ ဆိုတာလည်း ဆက်ရှိတုန်းပဲ။ ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုတာ လည်း အောင်မြင်တဲ့ အဆင့်ကို ရောက်သေးတာ မဟုတ်ဘူး။
လူ့အခွင့်အရေးအခြေအနေနဲ့ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးအခြေအနေနဲ့ စီးပွားရေးတိုးတက်မှု ဒါတွေက တိုက်ရိုက်ဆက်စပ်နေပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တယ်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေ အနေတွေ တိုးတက် မလာဘူး ဆိုရင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ကလည်း အကန့်အသတ်တွေ အများကြီး ဖြစ်နေဦးမှာပါ။
အဓိက မြန်မာနိုင်ငံရဲ့စီးပွားရေးကို ချုပ်ကိုင်ထားတာက ခရိုနီတွေနဲ့ စစ်တပ် အသိုင်းအဝိုင်းတွေဖြစ်တော့ လတ်တလော အကျိုးရှိမှာက စစ်တပ် အသိုင်းအဝိုင်းနဲ့ ခရိုနီတွေပဲ။ ပြည်သူတွေကတော့ လတ်တလော အကျိုးမရှိနိုင်ပါဘူး။ တကယ့် ပြည်သူလူထုအတွက် အကျိုးရှိမယ့် အလုပ်အကိုင်တွေ တကယ်ဖန်တီးပေးနိုင်မယ့် အခြေအနေမျိုး ဖြစ်တယ်ဆိုရင် ကောင်းတာ ပေါ့။ အဲဒီလိုမဟုတ်ဘဲ ဒီခရိုနီတွေနဲ့ စစ်တပ် အသိုင်းအဝိုင်းပဲ ပိုပြီး ဓနအင်အားတွေ တောင့်တင်းလာမယ်။ ပြည်သူတွေက နင်းပြားတွေပဲ ဖြစ်နေမယ်ဆို ဒီလိုအခြေအနေမျိုးက မထူးပါဘူး။
ဒေါ်ခွန်ဂျာ
ကချင် ငြိမ်းချမ်းရေး ကွန်ရက်
Human Violation ကို စစ်တပ်က မရပ်သေးသရွေ့ အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၊ နိုင်ငံရေး ဆွေးနွေးမှုတွေ စနေတဲ့ အချိန်မှာတောင် ထိုးစစ်ကို စပြီးသွားနေတော့ ဆန်ရှင်ကို မဖြေလျှော့သင့်ဘူးလို့ ယူဆပါတယ်။ အပြောင်းအလဲ အတွက် ဆန်ရှင်ဖွင့်ပေးဖို့ လိုတယ်ဆိုတာ ကျမတို့ နားလည်တယ်။ ဆက်လက် ပိတ်ဆို့ထားဖို့လို့ ကျမတို့ ဆိုလိုတာက Selected Sanction (လူတဦးချင်း အလိုက် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု) ဆိုတဲ့ သဘောပါ။ တချို့သော ဆန်ရှင် တွေက ဖွင့်ဖို့သင့်ပြီလားလို့ စဉ်းစားစရာပါ။ တချို့သော ပြစ်မှုတွေ မှုခင်းတွေကို တာဝန်ယူမှု အရေးယူပေးမှု မရှိတဲ့အခါမှာ သူတို့ကို ထပ်ပြီး Economic Sanctions ကိုပါ ဖွင့်ပေးလိုက်ခြင်း အားဖြင့် ပိုပြီးတော့ Credit ပေးလိုက်သလိုဖြစ်နေတယ်လို့ မြင်ရပါတယ်။ ။