စက်တင်ဘာ ပထမပတ်မှ စတင်ပြီး ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဖာပွန်ခရိုင်နှင့် ထိစပ် နယ်မြေဖြစ်သော မယ်သဝေါ ဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နှင့် တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ပူးပေါင်း စစ်ဆင်ရေးအကြား တိုက်ပွဲများပြင်းထန်ကာ မြိုင်ကြီးငူ ဘုန်းကြီးကျောင်းတို့ စစ်ဘေးရှောင် ဒုက္ခသည် ၃၈၇၄ ဦး ရှိသည်။
လက်ရှိ တိုက်ပွဲဖြစ်နေသည့် DKBA သည် ၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်းက BGF ၊ တပ်မတော်တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အပေါ် တပ်တွင်း မကျေလည်မှုများ ဖြစ်ပြီး ဗိုလ်မှူးချုပ် စောကျော်သက် ဦးစီးသည့် တပ်ရင်း နှင့် ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စောဆန်းအောင် တို့ကို DKBA ဗဟိုက ထုတ်ပယ်ခဲ့သည်။
ထိုကဲ့သို့ ထုတ်ပယ်ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောကျော်သက်၊ ဗိုလ်မှူးကြီး စောဆန်းအောင်နှင့် တပ်ဖွဲ့များသည် DKBA ဗဟို က ၎င်းတို့ တပ်ဖွဲ့များအပေါ် တာဝန်ယူမှု မရှိသဖြင့် ခွဲထွက်မည်ဟု ထုတ်ပြန်ကြေညာကာ လက်ရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) အမည်ဖြင့် အဖွဲ့သစ် ထူထောင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်ပိုင်းတွင် DKBA ခွဲထွက်အဖွဲ့သည် တပ်မတော်၊ BGF တို့နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။
လက်တလော တိုက်ပွဲ များ ပြန်လည် ငြိမ်သက်နေသော်လည်း မြိုင်ကြီးငူ ကျေးရွာ နှင့် မယ်သဝေါ ကျေးရွာသို့ သွားရာ လမ်းတလျှောက် မြေမြှုပ်မိုင်း များကျန်နေသေးသဖြင့် ဒေသခံများ ပြန်ရန် ခက်ခဲနေသေးသည်။
ထို မြေမြုပ်မိုင်းများ ရှင်းလင်းရေး၊ တိုက်ပွဲ ဖြစ်ပွားရသည့် အကြောင်းရင်း နှင့် ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် (BGF) မှ စစ်ဆင်ရေး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ တိုက်ပွဲတွေ ဘာကြောင့် ပြန်ဖြစ်ပွားရတာလဲ။
ဖြေ။ ။ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းတရပ်ကတော့ ကျနော်တို့ အကြီးအကဲတွေကလည်း တည်တည်ငြိမ်ငြိမ် အေးအေးချမ်းနဲ့ ဆက်လက် ရပ်တည် လှုပ်ရှားဖို့အတွက် အကြိမ်ကြိမ် ဖြောင့်ဖြဖူးပါတယ်။ သို့သော် နည်းမျိုးစုံနဲ့ အကြောင်းအမျိုးမျိုးပြပြီးတော့မှ အခုလိုစစ်မျက်နှာဖွင့်တာတွေ စပါတယ်။ သူတို့ (DKBA) လုပ်လာတဲ့အတွက် ကျနော်တို့ အဖွဲ့က တန်ပြန် တိုက်စစ် ဆင်တာတွေ လုပ်ရတာပါ။
အကြောင်းပြချက်ကတော့ ကျနော်တို့ ကောင်းမူ ဒေသမှာ ထိုးစစ်တွေ ရပ်ဖို့လို့ ဆိုပြီး သတင်း ထုတ်ပြန်ထားတာတွေ ရှိပါတယ်။ ၃၁ ရက်စွဲနဲ့ ဒုတိယ စစ်ဦးစီးချုပ် စောသန်းရွှေရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တယ်။ အမှန်တကယ်က ကျနော်တို့ ကောင်းမူဒေသမှာ ထိုးစစ်ဆိုတာ မရှိဘူး။ ကျနော်တို့ ကောင်းမူဒေသမှာ လက်တလော ရှိနေတဲ့ အရာတွေ ကျနော်တို့ ကောင်းမူဒေသ ပြီးခဲ့တဲ့နှစ် အာရှလမ်းမ တိုက်ပွဲတွေဟာ ဖြန့်ချနေရာ ယူထားတာ ရှိပါတယ်။ နယ်မြေ လုံခြုံရေး အရပေါ့။ အဲဒီ အနေအထားလောက်ပါပဲ။ ဒါပေမယ့် ပုံမှန် တပ်အပြောင်းအလဲ အသွားအလာတော့ ရှိတာပေါ့။ ထိုးစစ်ဆိုပြီး ကျနော်တို့ တကယ်ထိုးမယ်ဆိုရင် ဒီလူနည်းစုလေးကတော့ စောစောစီးစီး ပွဲပြတ်သွားနိုင်ပါတယ်။
လက်တလော အခြေအနေက ဒီဟာက ထိုးစစ်မဟုတ်ဘူး။ တဘက်သတ် ထိုးစစ်လို့ ကြေညာ ပြီးတော့မှ စတင် တိုက်ခိုက်မှုတွေ လုပ်လာပါတယ်။
မေး။ ။ DKBA နဲ့ BGF က နှစ်စဉ် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာ ၂ ဖက် မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေရော လုပ်ခဲ့ကြသေးလား။
ဖြေ။ ။ ကျနော်တို့ ဘက်က အကြိမ်ကြိမ်အခါခါ လုပ်ခဲ့ပါတယ်။ ကျနော်တို့ ကရင်လက်နက်ကိုင် စည်းလုံးရေး ကော်မတီ ဆိုပြီးတော့ ဖွဲ့ထားတာလည်း ရှိပါတယ်။ ကရင်အမျိုးသား အစည်းအရုံး KNU ပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ကောင်စီ ပါတယ်။ ဆုံစည်းမြိုင်က လက်ရှိ DKBA ပါတယ်။ အခု သူတို့ အဖွဲ့တွေလည်း ပါပါတယ်။ အစည်းအဝေး ပြီးတိုင်းမှာ အဆင်ပြေပြေ ချောမွေ့တဲ့အနေအထား မဟုတ်ဘဲ ပြီးဆုံးသွားတာတွေ များပါတယ်။
မေး။ ။ DKBA က စစ်သုံးပန်း ဘယ်နှဦး ဖမ်းဆီး ထားမိပါသလဲ။
ဖြေ။ ။ ကျနော်တို့ ဖမ်းဆီးထားမိတာကတော့ ၄ ယောက်လောက် ရှိပါတယ်။ ကျနော်တို့ ဒီက ရပြီးတာနဲ့ အစိုးရ တပ်မတော်ကို လွဲပေးတာပဲ။
မေး။ ။ လက်ရှိ ဖမ်းဆီးထား စစ်သုံးပန်း တွေကိုရော ဘယ်လို ဆောင်ရွက်ဖို့ ရှိပါသလဲ။
ဖြေ။ ။ ဒါကတော့ လက်ရှိ နိုင်ငံတော်မှာ ထုတ်ပြန်ထားတဲ့ ဥပဒေရှိပါတယ်။ နိုင်ငံတော်က ပေးတဲ့ တရားဥပဒေကိုတော့ သူတို့ ခံယူရမှာပါ။
မေး။ ။ စစ်ဘေးရှောင် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ကြားပါတယ်။ ဘယ်တော့ ပြန်ပို့ဖို့ လုပ်နေပါသလဲ။
ဖြေ။ ။ ဒုက္ခသည်ကတော့ လက်တလော တချို့ ပြန်ရောက်နေတဲ့သူတွေလည်း ပြန်ရောက်နေပါပြီ။ တချို့ မိုင်းအနေအထားအရ မပြန်ရဲသေးတဲ့လူတွေလည်း ရှိပါတယ်။ လက်ရှိ ဒုက္ခသည်တွေထဲမှာ ခွဲထွက် DKBA တွေလည်း အများကြီးရှိပါတယ်။ လူထု စိုးရိမ်မှုက အနည်မထိုင်သေးဘူး။ သူတို့ ပြန်ချင်တဲ့အချိန် ပြန်လို့ ရနေပါပြီ။
မေး။ ။ မိုင်းရှင်းလင်းဖို့ ဘယ်နေရာ တွေမှာ ကျန်နေသေးပါသလဲ။
ဖြေ။ ။ မိုင်းကတော့ မြိုင်ကြီးငူနဲ့ မယ်သဝေါ လမ်းပိုင်းအားလုံးပါပဲ။
မေး။ ။ မိုင်းတွေ ကျန်နေသေးတော့ ဒေသခံ တွေပြန်လာဖို့ စိတ်မချသေးဘူးလို့ ပြောလို့ရပါသလား။
ဖြေ။ ။ တောင်ယာ သမားတွေအတွက် လက်ရှိ ရွာအလိုက် နယ်မြေအလိုက် ရှင်းရမယ့်အနေအထားမျိုး တွေပါ။ မိုင်းကတော့ မှိုလို ပေါက်အောင် မြှုပ်ထားပါတယ်။
မေး။ ။ လက်ရှိ မြှုပ်ထားတဲ့ မြေမြှုပ်မိုင်းတွေက ဘယ်လို အမျိုးအစားတွေလဲ။
ဖြေ။ ။ သူတို့ အသုံးပြုတာ အများဆုံးက ပိုက်တွေနဲ့ လုပ်ထားတာတွေ၊ ပြီးတော့ M150 အချိုရည် ပုလင်းတွေနဲ့ ုလုပ်ထားတဲ့ လက်လုပ်မိုင်းတွေပါပဲ။
မေး။ ။ တိုက်ပွဲမှာ တပ်မတော် နဲ့ BGF ဘက်က ဘယ်နှဦးလောက် ကျဆုံးပါသလဲ။ ခွဲထွက် DKBA ဘက်ကရော ဘယ်နှဦးပါလဲ။
ဖြေ။ ။ ကျနော်တို့ BFG နဲ့ တပ်မတော် အားလုံး စုစုပေါင်း ၆ ဦး ကျဆုံးပါတယ်။ သူတို့ (ခွဲထွက် DKBA) ဘက်ကတော့ ကျနော်တို့တွေ့တာ ၂ လောင်းပါ။ ကျန်တာတွေကတော့ ကျနော်တို့ မိုင်းရှင်းရင်းနဲ့ ထပ်ထွက်လာမှာပါ။ ကျနော်တို့ အလောင်းတွေ့မှပဲ အတည်ပြုချင်ပါတယ်။ ကျနော်ကြားတာကတော့ ၅ ယောက် ၆ ယောက်လောက် ကျဆုံးတယ်လို့ကြားပါတယ်။ ဒါပေမယ့် မျက်မြင် မမြင်ရတော့ ပြောရခက်ပါတယ်။
မေး။ ။ လက်ရှိ တိုက်ပွဲ တွေ ပြန်ငြိမ်းသွားပြီးလား။
ဖြေ။ ။ သူတို့ (ခွဲထွက် DKBA) မတိုက်ရင် တိုက်ပွဲက အေးချမ်းပါတယ်။ ကျနော်တို့ အခု ဒီတိုက်ပွဲ စဖြစ်တာလည်း ကျနော်တို့ က စဖြစ်တာမှ မဟုတ်တာ။ သူတို့ဘက်က ၉ ကြိမ် တိုင်တိုင် လာဖြစ်လာတာပါ။ ကျနော်တို့ ဘက်က တက်လာပြီး ပစ်တယ်ဆိုရင် လက်ခံပါတယ်။
မေး။ ။ ၂၁ ရာစု ပင်လုံညီလာခံ ကလည်း ကျင်းပနေပြီ၊ တဖက်ကလည်း တိုင်းရင်းသား အချင်းချင်း တိုက်ပွဲတွေက ပြန်ဖြစ်နေတဲ့ အပေါ်မှာ ဘာများသုံးသပ်ချင်လဲ။
ဖြေ။ ။ ကျနော်တို့ လက်တလော အခြေအနေကို သုံးသပ်ရမယ်ဆိုရင်တော့ ဖြစ်နိုင်တဲ့ ဆွေးနွေးမှု တခုပေါ်မှာ ဖြစ်နိုင်တဲ့ အနေအထား တောင်းဆိုမယ်။ တဖက်ကလည်း ဖြစ်နိုင်တဲ့အနေအထား လိုက်လျောမယ်။ တောင်းဆိုမှုနဲ့ လိုက်လျောမှု ကိုက်ညီတယ်ဆိုရင် အဆင်ပြေသွားမှာပါ။ အဓိက ကတော့ လိုက်လျောပေးမယ်သူနဲ့ တောင်းဆိုတဲ့သူ မပြေလည်တရွေ့ အဆင်ပြေမှာ မဟုတ်ဘူး။
နောက်တချက်က ငြိမ်းချမ်းခြင်းတယ်လို့ ပါးစပ်ကနေ ပြောပြီး ငြိမ်းချမ်းအောင် နေဖို့ကလိုတယ်။ ငြိမ်းချမ်းတယ်လို့ ပြောပြီး တဖက်က ဟိုနေရာ ပြောက်ကြားတိုက်လိုက် ဒီနေရာမှာ ချံုခိုတိုက်လိုက်၊ ဟိုနေရာ ဖောက်ခွဲမှု လုပ်လိုက်ဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေးတခု ရမှာ မဟုတ်ဘူး။ တဖက်က ချံုခိုတိုက်တာတွေ၊ ဖောက်ခွဲမှုတွေ လုပ်မယ်ဆိုရင် တဖက်ကလည်း နယ်မြေ အေးချမ်းဖို့ ထိုးစစ်ဆင်ရတာတွေ ရလာမယ်။ အဲ့ဒါကြောင့် မိမိ လုပ်ဆောင်ချက်ကို ပေါ်လွင်အောင် မပြောဘဲ ထိုးစစ်ဆင်လာတဲ့ ဥစ္စာကိုပဲ အပြစ်ပြောမယ်ဆိုရင် ဒါကတော့မမျှ တဘူးလို့ ကျနော်ထင်ပါတယ်။
မေး။ ။ လတ်တလော ဖြစ်ပွားသွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ဒီတိုက်ပွဲက ကျနော်တို့ကတော့ ကရင်ပြည်နယ်မှာ ပြည်သူတွေကို ဒုက္ခ အပေးဆုံးကတော့ စစ်ပွဲပါပဲ။ စစ်ပွဲက ပြည်သူတွေကို ဒုက္ခ အပေးဆုံးပါပဲ။ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို ပြည်သူကို တကယ်ချစ်ရင် လက်နက်ကိုင် ဖြေရှင်းမယ့်အစား အကောင်းဆုံး နည်းလမ်းနဲ့ ဘယ်လို ဖြေရှင်းရမယ်ဆိုတာ စဉ်းစားရမယ်။ ခေါင်းဆောင်တွေက လက်နက်ကိုင် ဖြေရှင်းတော့မယ်လို့ ဆုံးဖြတ်ချ တော့မယ်ဆိုရင် ဆုံးဖြတ်ချ မချခင်မှာ လူထု မျက်နှာ အရင်ကြည့်ပေးရမယ်။