ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် / အဖွဲ့ (KIA/KIO) ကြား ၂ လ ကျော် ကြာမြင့်လာပြီဖြစ်သည့် တိုက်ပွဲများကြောင့် ဒေသခံများ စိုးရိမ် ပူပန်နေပြီး အစိုးရနှင့် KIA တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးနေမှု သည်လည်း အဟန့်အတား ဖြစ်မည့် အခြေအနေ ဖြစ်နေပါသည်။
တိုက်ပွဲများသည် KIA ဌာနချုပ် လိုင်ဇာမြို့ကို ဦးတည်ပြီး ဖြစ်ပွားနေခြင်း ဖြစ်သည့် အပြင် လိုင်ဇာမြို့နှင့် ၅ မိုင်ခန့် အကွာ တွင် ရှိသည့် KIA တပ်ရင်း ၂၅၂ နှင့်လည်း သြဂုတ်လ ၁၇ ရက်မှ စ၍ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ကချင်ပြည်နယ် အတွင်းရှိ KIA ၏ အခြား တပ်စခန်းများတွင်လည်း စစ်ရေးအခြေအနေ မငြိမ်မသက်ဖြစ်ကာ တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားလာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ကချင် ဒေသခံများက တပ်မတော်က တဖက်သတ် ထိုးစစ် ဆင်နေခြင်းဖြစ် ကြောင်းပြောဆိုပြီး ရပ်တန့်ပေးရန် ဆန္ဒပြ တောင်းဆိုထားသည်။
KIO ဗဟိုကော်မတီကလည်း ယခု တိုက်ပွဲများသည် တပ်မတော်က တဖက်သတ် အကြောင်းမဲ့ ထိုးစစ်ဆင်နေခြင်း ဖြစ် သဖြင့် စစ်မီးကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို တပ်မတော်ကသာ တာဝန်ယူရမည်ဟု အောက်တိုဘာ လ ၈ ရက်က သတင်း ထုတ်ပြန်ထားသည်။
တပ်မတော်ကမူ ၎င်းတို့က ထိုးစစ်ဆင်ခြင်း မပြုလုပ်ကြောင်း၊ ၎င်းတို့ ပုံမှန်သွားလာနေသည့် လမ်းကြောင်းများတွင် KIA က မိုင်းထောင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုလျက်ရှိသည်။
အစိုးရ ဘက်မှလည်း ကချင်တိုက်ပွဲများနှင့် ပတ်သက်၍ နှုတ်ဆိတ်လျက် ရှိသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ KIA ၏သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူကို ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။ ။ ဒီနေ့ (အောက်တိုဘာ ၁၀ ရက်) မြေပြင် အခြေအနေ ဘယ်လိုရှိပါသလဲ ။
ဖြေ။ ။ ဒီနေ့မနက် ၈ နာရီခွဲ အချိန်ကနေ အင်ခရမ် တောင်ကုန်း၊ ဂီဒေါင် တပ်စခန်းကို တပ်မတော်ဘက်က Jet Fighter ၂ စင်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာ ရှိပါတယ်။ ဗုံးကျဲပြီးတော့ မြေပြင်ကနေ လက်နက်ကြီးနဲ့ ပြန်ပစ်နေပါတယ်။ အခုအချိန်ထိ မြေပြင် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ ဒါ့ကြောင့် ရှေ့တန်းက ဒီ့ထက် တိကျတဲ့ သတင်း အချက် အလက်တွေ ကတော့ အခု မရသေးပါဘူး။ ညနေပိုင်းမှာမှ အားလုံး ခြုံပြီး ပြောနိုင်ပါမယ်။ လေယာဉ် ဆက်တိုက် ပြန်လာပစ်မလား ဆိုတာ ကျနော်တို့ စောင့်ဆိုင်းနေပါတယ်။
မေး။ ။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ KIA ဘက်က ရဲဘော်တွေ ထိခိုက်မှု ကျဆုံးမှု အခြေအနေ ဘယ်လို ရှိသလဲ သိချင်ပါတယ်။
ဖြေ။ ။ အဲ့ဒီသတင်းကတော့ ကျနော် မရထားသေးပါဘူး။ မြေပြင်ရှေ့တန်းနဲ့ ကျနော်တို့နဲ့ အလှမ်းဝေးနေလို့ပါ။ အဲ့ဒီ ဘက် ကို ကျနော် မသွားဖြစ်လို့ ဒီသတင်း အချက်အလက်တော့ မရသေးပါဘူး။
မေး။ ။ ထိုးစစ်တွေ ဆင်နေတဲ့ အပေါ်မှာ တပ်မတော်ကတော့ ထိုးစစ်ဆင်တာ မရှိဘူးလို့ ပြောတာတွေ ရှိတယ်။ ပြီးတော့ KIA က တပ်မတော် ပုံမှန်လှုပ်ရှားနေတာကို မိုင်းထောင် တိုက်ခိုက်တယ်လို့ ပြောထား တာတွေ ရှိတယ်နော်။ အဲဒါ ဟုတ်ပါသလား။
ဖြေ။ ။ ဟုတ်ပါတယ်။ တပ်မတော်က KIA ရဲ့ တိုက်ခိုက်ခံရတယ် မိုင်းထောင်တယ်ဆိုတဲ့ အပြစ်တင်တာ ဟုတ်ပါတယ်။ မှန်ပါတယ်။ KIA ဘက်ကလည်း တပ်မတော်ကတော့ KIA ရဲ့ထိန်းချုပ် နယ်မြေထဲမှာ ကျူးကျော်ပြီး တိုက်ခိုက်လာလို့ KIA က ခုခံတိုက်ပွဲတွေ ဆင်နွဲတာပဲဖြစ်ပါတယ်။ တပ်မတော် ရဲ့ အုပ်ချုပ်နေရာမှာ မြို့တွင်းမှာ လာပြီး တိုက်ခိုက်တာ မိုင်းထောင်တာ မဟုတ်ပါဘူး။ မိုင်းထောင်တာကလည်း တိုက်ပွဲဖြစ်တဲ့ နေရာမှာ စစ်အင်အားတွေ စစ်လက်နက်တွေ လာကူတဲ့ စစ်ကူတွေကို မိုင်းထောင်တာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုတွေရဲ့ ကားတွေ မြို့ပေါ်မှာ မိုင်းထောင် တာတွေ မရှိပါဘူး။ ဒါက ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်ပွဲတွေကို ခုခံတိုက်ပွဲအဖြစ် ဆင်နွှဲတဲ့ အဓိပ္ပာယ် ပဲ ဖြစ်ပါတယ်။
မေး။ ။ ပြည်သူတွေ အပါအဝင် လွှတ်တော်အမတ်တွေ၊ ပြီးတော့ UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ) တို့ကလည်း တိုက်ပွဲတွေ ရပ်ဖို့ တောင်းဆို နေတယ်။ ဒါပေမယ့် အစိုးရကတော့ နှုတ်ဆိတ်နေတာ တွေ့ရတယ်။ KIA ဘက်က ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ပုံ အခြေခံဥပဒေ ၂၀၀၈ ကတော့ အစိုးရရဲ့အထက်မှာ တပ်မတော်ကို အာဏာ ပေးထားတဲ့ အခြေခံဥပေဒ ဖြစ်နေတယ်လို့ သိပါတယ်။ ဒါ့ကြောင့် အစိုးရကတော့ ဘာမှ အာဏာ မရှိလို့။ ပြောလည်း သူတို့က နားထောင်မှာ မဟုတ်ဘူး၊ ဂရုစိုက်ပေးမှာလည်း မဟုတ်ဘူး ဆိုပြီး အစိုးရက အခုလို နှုတ်ဆိတ်နေတယ်လို့ပဲ ကျနော်တို့ က သုံးသပ်ပါတယ်။ အခြေခံဥပဒေမှာကို တပ်မတော်ကို အထက်မှာ ထားထားတာက ဒါ တချက်ပါ။ နောက်တခုက တပ်မတော်က ပြည်သူလူထုကို ဂရုမစိုက်ဘူး။ ပြည်သူလူထုက ဆန္ဒဖော်ထုတ်ပြီး တိုက်ပွဲတွေ ရပ်ဖို့ တောင်းဆိုနေလည်း တပ်မတော်က ဂရုမစိုက်ဘူး။ အစိုးရကလည်း အဲ့ဒါကို တန်ဖိုးမထားဘူး။ ပြည်သူလူထုက ဖော်ထုတ်တဲ့ ဆန္ဒကို ဂရုမစိုက်တဲ့ ပုံစံနဲ့ လုပ်နေတယ်လို့ ကျနော်တို့က မြင်မိပါတယ်။
မေး။ ။ နိုဝင်ဘာလမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ စတော့မယ်။ နောက် ၆ လပြည့်ရင်လည်း ပင်လုံ ညီလာခံ ပြန်စမယ်။ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတော့ အစိုးရနဲ့ KIA ကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှုက ဘယ်လောက်ထိ အနှောင့်အယှက် ဖြစ်နိုင်ပါသလဲ။
ဖြေ။ ။ အခုအခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင် ကချင်ပြည်နယ်မှာ တိုက်ပွဲပဲ ဆက်တိုက် ဖြစ်နေမယ် ဆိုရင်တော့ အမျိုးသားအဆင့်လိုက် နိုင်ငံရေးဆွေးနွေးတာတွေ၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးတာတွေ ဆိုတာက ကျနော်တို့ KIO အနေနဲ့ဆို တော်တော် အခက်အခဲရှိပါတယ်။ အဟန့်အတားလည်း ရှိပါတယ်။ ပြည်သူလူထုနဲ့ ဆက်သွယ်တဲ့ နေရာ မှာလည်း ကျနော်တို့ အဟန့်အတားတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီ နိုင်ငံရေး ဆွေးနွေးတာတွေ အမျိုးသားအဆင့်အလိုက် နိုင်ငံရေးဆွေးနွေးတာတွေက ကျနော်တို့အတွက် စဉ်းစားဖို့ လိုနေတဲ့ အနေအထား ဖြစ်နေတယ်လို့ ပြောလိုပါတယ်။
မေး။ ။ အရင်ကလည်း တိုက်ပွဲတွေ ဖြစ်နေပေမယ့် KIA က ထုတ်ပြန်ချက် ထုတ်တာမျိုး မရှိခဲ့ဘူး။ အခုဖြစ်နေတဲ့ တိုက်ပွဲ တွေ အပေါ်မှာတော့ စစ်မီးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တပ်မတော်က တာဝန်ယူရမယ် ဆိုပြီး ထုတ်ပြန်ခဲ့တယ်။ ဘာ့ကြောင့်လဲ။
ဖြေ။ ။ခုနပြောသလို တိုက်ပွဲဆင်နွဲတာတွေ မရပ်တန့်ဘူးဆိုရင် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးကို ဆက်သွားမယ့် လမ်းကြောင်းက ပြတ်တောက်သွားနိုင်တယ်။ အဲ့ဒါကိုလည်း တပ်မတော်ဘက်က တာဝန်ယူရမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျနော်တို့ ကချင် ပြည်နယ် အနှံ့ကို ပြည်တွင်းစစ်က ပိုကြီးထွားလာပြီး မဖြစ်သင့်တာတွေ ဖြစ်လာမယ်ဆိုရင် တပ်မတော်ဘက်က တာဝန် ယူရမယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
အခု ပြည်သူ လူထုက တိုက်ပွဲတွေ ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့ တောင်းဆိုနေတဲ့ ကြားကနေ တိုက်ပွဲက ပြင်းထန် လာ တယ် ဆိုတော့ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ အလားအလာက ဆိုးဝါးလာတဲ့ အခြေအနေ ရှိနေတယ်။ အခုဆက်ပြီး တိုက်ပွဲ တွေ ဖြစ်နေမယ်ဆိုရင် ကချင်ပြည်နယ်ရဲ့ ပြဿနာတွေ အားလုံးက တပ်မတော်မှာ တာဝန်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ကျနော်တို့ ဖော်ထုတ်ခြင်း ဖြစ်ပါတယ်။
မေး။ ။ လက်ရှိ တိုက်ပွဲတဖက် ငြိမ်းချမ်းရေးဆွေးနွေးတာ တဖက်ဖြစ်နေတဲ့ အပေါ်မှာ တပ်မတော်ကိုရော အစိုးရ ကိုရော ဧရာဝတီ ကနေတဆင့် KIA က ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ လိုလားတယ်ဆိုရင် တပ်မတော်ဘက်က လက်နက် အင်အား၊ စစ်အင်အားနဲ့ ဖိအားပေးပြီးတော့မှ ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတဲ့ လမ်းစဉ်ကို စွန့်လွှတ် စေချင်ပါတယ်။ အစိုးရကလည်း ဘာပဲဖြစ်ဖြစ် တပ်မတော်ဘက်က အခုလောက် တိုက်ပွဲတွေ ဆင်နွှဲနေတာကို နှုတ်ပိတ်ပြီးမှ နေတာမျိုး ကတော့ ကျနော်တို့ ပြည်သူလူထုရော ကျနော်တို့ KIO ကရော မလိုလား ပါဘူး။
ဒါ့ကြောင့် အစိုးရကလည်း တပ်မတော်ကို ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးဖို့ လိုအပ်တယ်လို့ ကျနော် ပြောလိုပါတယ်။ ဒါမှ မဟုတ်ရင်တော့ ဒီနိုင်ငံရေးဆွေးနွေးတယ်၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တယ် ဆိုတဲ့ နေရာမှာတော့ အဟန့် အတားတွေ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး သွားဖို့ လမ်းကြောင်းက ပြတ်သွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်ရော အစိုးရရော စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့ ဆန္ဒရှိရင် ဒီစစ်ဆင်ရေးတွေကို ရပ်တန့်ဖို့ လိုတယ်လို့ ကျနော် ပြောလိုပါတယ်။ ။