Myanmar Micro Film Contest အပါအဝင် လက်ရှိ မြန်မာ့ ရုပ်ရှင် လောက ရဲ့ အခြေအနေ၊ ရှေ့အလားအလာတွေ နဲ့ ပတ်သက်ပြီး ရုပ်ရှင် ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန် က မေးမြန်း ထားတာတွေကို ဖော်ပြလိုက်ပါတယ်။
မေး။ ။ အခုဆို မြန်မာရုပ်ရှင် ဇာတ်လမ်းတွေကို အားမရတဲ့ ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ လက်ရှိ မြန်မာရုပ်ရှင် ကား တွေကို ဝေဖန်နေတာတွေ တွေ့ရမှာပါ။ မြန်မာကား မကြိုက်သူများ တွေ့ဆုံပွဲဆိုပြီးတောင် အဖွဲ့လုပ်ပြီး ပြောနေကြတာ၊ ဒီ အပေါ် ဘယ်လိုများ ပြန်ပြီး တုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့၊ နှစ်ပေါင်း၅၀ လောက် နောက်ကျကျန်ခဲ့တဲ့ ကျနော်တို့ ရုပ်ရှင်ကို အခု ပြန်ပြီး လိုက်ရတာ ငါးလကျော်ကျော်ပဲ ရှိပါသေးတယ်။ ငါးနှစ်တောင် မရှိသေးပါဘူး။ ဒီအတွက် အခုမှ ပြောင်းပြီး လုပ်နေ ရတယ်။ ဒီအထဲမှာ တကယ် အလုပ်မလုပ်နိုင်တဲ့သူတွေက အလုပ်လုပ်ရမယ့် နေရာတွေကိုလည်း ယူထားတာတွေ ရှိတယ် လေ။ ဆိုတော့ ဒါကိုလည်း အားလုံးသိပါတယ်။ သူတို့ကိုယ်တိုင်လည်း သိကြပါတယ်။ သိကြတော့ ကျနော်တို့ ဝိုင်းပြီး ကူ လုပ်မှရမှာပါ။ ထိုင်ပြောနေယုံနဲ့ မပြီးဘူးဗျ။ တကယ်လုပ်ပြမှရမယ်။ ဒီလိုလုပ်ဖို့အချိန်လိုတယ်။
ဖျက်ဆီးသွားတာက နှစ်ပေါင်း ၅၀ လေ၊ ဒီလိုဖျက်ဆီးတာက လွယ်လွယ်လေးပါ။ ပြန်ပြီး တည်ဆောက်ရတာက အရမ်း ကြာပါတယ်။ ဒီတော့ နှစ်ပေါင်း ၅၀ ဖျက်ဆီးတာကို ငါးနှစ်နဲ့တောင် တည်ဆောက်လို့ မပြီးနိုင်ပါဘူး။ အခုမှ ငါးလလောက်ပဲ ရှိပါသေးတယ်။ ဒီအတွက်တော့ သပ်သပ်ကြီး ထိုင်ပြောနေလို့ ဒီတစ်ခုတည်းလား မေးရင် ကျနော်တို့က ဒီတခုတည်း မဟုတ်ပါဘူး။ ဘယ်နေရာများ တိုးတက်လာသလဲ၊ ဘယ်နေရာမှ မတိုးတက်သေးပါဘူး။
နောက်တခုက ဒီလိုထိုင်ပြောနေတဲ့သူတွေ ဘာတွေ လုပ်ခဲ့ပါသလဲ။ လက်ညှိုးထိုးနေသူတွေပေါ့။ အခု ကျနော်တို့တတ်တဲ့ ရုပ်ရှင်နဲ့၊ အငြိမ့်တွေ ကပြီးတော့ ကျနော်တို့ ဒုက္ခရောက်နေတဲ့နေရာတွေကို အမြဲလှူဒါန်း လုပ်နေပါတယ်။ ဒါက ကျနော်တို့ လုပ်နိုင်နေတာတွေပါ။ အနုပညာသမားတွေရဲ့ စိတ်ဓာတ်ပါ။ အရေးအကြောင်း ဖြစ်လာရင် ပုဂံငလျင်၊ ရခိုင်အရေး၊ လေ ဘေး၊ ရေဘေးတွေ ဖြစ်လာရင် ဘယ်သူတွေ လှုပ်ရှားပါသလဲ၊ ကျနော်တို့ အနုပညာသမားတွေ လှုပ်ရှားကြပါတယ်။ ခုလို တဲ့ကြီး ပုတ်ခတ်လာတဲ့အခါ၊ ဟုတ်ကဲ့၊ ကျနော်တို့ ကိုယ်တိုင်လည်း နိုင်ငံခြားကားကို ကြည့်ပါတယ်။ ဒီမှာက ကျောင်းတွေ မရှိတဲ့အတွက်ပါ။ ကြည့်လို့ကရပါတယ်။ ဒါပေမယ့် ပုတ်ခတ်တာကတော့ ငါဘာလုပ်ပြီးပြီလဲ ဆိုတာကို အရင် စဉ်းစား စေချင် ပါတယ်။
မေး။ ။ အခုက အနုပညာ လောကသားတွေက ပြောကြတယ်၊ အနုပညာပိုင်းရော စက်မှုနည်းပညာပိုင်းကော တိုးတက် အောင် လုပ်မယ်လို့ ပြောကြတယ်ပေါ့လေ၊ ဦးမျိူးမင်း အနေနဲ့ အဲဒီ နှစ်ပိုင်းမှာ ဘယ်အပိုင်းက အားနည်းချက်တွေ ရှိနေ သေးတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ အခုအချိန်မှာ အနုပညာပိုင်းမှာလည်း အနည်းငယ် အားနည်းချက် ရှိနေသေးသလို နည်းပညာပိုင်းမှာလည်း ရှိပါ သေးတယ်။ ဒါကလည်း ဘာကြောင့်ဆိုရင် စနစ်ကြောင့်ပါ။ စနစ်တစ်ခုရဲ့အောက်မှာ နှစ် ၅၀ ကျော်လောက် နေခဲ့ရတဲ့ အတွက်၊ ပွင့်လင်းမြင်သာမှု မရှိခဲ့တာကြောင့်ပါ။ ဉာဏ်အလင်း မပွင့်တာရယ်ကြောင့်ပါ။ အခုဟာက ကျနော်တို့ဆီမှာ ဉာဏ်အလင်း ပွင့်သွားတာတောင်မှ ချက်ချင်းလုပ်လို့မရတာတွေ ရှိနေပါသေးတယ်။ နောက် ကိစ္စတစ်ခုတိုင်းမှာ အင်နားရှား Inertia ဆိုတာ ရှိပါသေးတယ်။ အရှိန်တစ်ခုကို ရပ်တန့် လိုက်တာတောင်မှ နောက်အရှိန်က ပါနေသေးတာ ရှိပါတယ်။
အခုဆင်ဆာ လွတ်လပ်သွားပြိ ပြောနေကြပေမယ့် တကယ့်ဆင်ဆာ လွတ်လားမလွတ်လား ဆိုတာ သူတို့ ဘာမှ မသိကြ သေးပါဘူး။ ကျနော်တို့ အသိဆုံးပါ။ ဆင်ဆာက အရင်နည်းပါး ပြန်ကျပ်လာပါတယ်။ ကျနော်တို့ နောက်တစ်ခါ တော်လှန်ဖို့ ကြိုးစားရပါဦးမယ်။
မေး။ ။ အခု အစိုးရ အပြောင်းအလဲမှာကို ဖြစ်နေတာလား။
ဖြေ။ ။ ဟုတ်ပါတယ်။ အခု အစိုးရ အပြောင်းအလဲမှာကို ထပ်ဖြစ်လာတာပါ။ ကျနော်တို့ လောကထဲက လူတွေ မဟုတ် တာ လည်း ပါပါတယ်။ တချို့တွေကလည်း မလိုအပ်ဘဲနဲ့၊ Bed scene တွေကို ရိုက်ပြတာကို အနုပညာလို့ ထင်တာမျိူး လည်းရှိပါတယ်။ ဒါတွေကိုမလိုအပ်ဘဲ ရိုက်ပြတဲ့အတွက် ပရိသတ်အနေနဲ့ ပြောစရာတွေ ဖြစ်ပါတယ်။ ဆင်ဆာရပြီ ဆိုပြီး စကားလုံး ကြမ်းကြမ်းတွေ ထည့်ရိုက်တဲ့ဟာတွေလည်း ရှိပါတယ်။ ဒီလိုပဲ ဒါကို အခွင့်ကောင်းယူပြီး ရှာကြံပြီး အပြစ် ထောက်ပြတဲ့ သူတွေကလည်း ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကို ဆင်ဆာဖြတ်တာ လုံးဝမကြိုက်ပါဘူး။ လုံး၀ ကန့်ကွက်ပါတယ်။ ထပ်ပြီး လုပ်ဦးမယ်ဆိုရင် ထပ်ပြီး တော်လှန်ဦးမှာပါပဲ။
မေး။ ။ ဆိုလိုတာက အစိုးရသစ်က ဒီမိုကရေစီကျကျ သွားနေပြီ ဆိုပြီး ဒီလိုတွေဖြစ်နေတာကို ဆိုလိုချင်တာပါလား။
ဖြေ။ ။ အစိုးရသစ်က ဒီမိုကရေစီ ကျကျသွားနေပြီ ဆိုတာက အခုအချိန်မှာ ရုပ်ရှင်လုပ်ငန်းမှာ မဖြစ်သေးပါဘူး။ ဘာလို့လဲ ဆိုတော့ ဘာမဆိုင်ညာမဆိုင်၊ ရုပ်ရှင်အစည်းအရုံးက ကိုယ့်အချင်းချင်းကို မကောင်းတာတွေလည်း ရှိပါတယ်။ ဒီအထဲမှာ ကို မကောင်းတဲ့သူတွေ အများကြီး။ ဒါကတော့ရှင်းတယ်။ စင်ပေါ်မှာကော၊ မျက်နှာချင်းဆိုင်ကော၊ ဥက္ကဋ္ဌတွေ တွေ့ရင် ပြော ပါတယ်။
မေး။ ။ အခုအချိန် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့ တွေ့လို့ မြန်မာ့ ရုပ်ရှင်လုပ်ငန်း အတွက် ပြောရမယ်ဆိုရင်၊ ဦးမျိူးမင်း အဓိက ဘာကို တင်ပြ ပြောမလဲ။
ဖြေ။ ။ ပြောချင်တာကတော့ ကျနော်တို့ အရင်ကရှိခဲ့တဲ့ ရုပ်ရှင်ရုံတွေကို စာချုပ်နဲ့ ၊ တခြား လုပ်ငန်းတွေ လုပ်ဖို့ ပယ် ဖျက် လိုက်ပြီးပြီ။ ဒါပေမယ့် အဲဒီလုပ်ငန်းတွေမှာ ရုပ်ရှင်ရုံ ပြန်ပါရမယ်ဆိုတဲ့ စာချုပ်ရှိပါတယ်။ ဒါတွေကို သေချာပြန်ကြည့် မပါ ရင်၊ တရားစွဲသင့်၊ ရုပ်ရှင်ရုံ ပြန်ဆောက်ပေးသင့်တယ်လို့ ပြောချင်ပါတယ်။ ဒါတွေ မဆောက်သရွေ့က ရှေ့က လုပ်သွားတဲ့ ဒဏ်ကို သူခံနေရမှာပါပဲ။ ဒီလိုခံနေရတာလည်း သဘာဝတော့ မကျပါဘူး။ ရှေ့မှာ စာချုပ်တွေ အများကြီး ရှိပါတယ်။ ဒီ ရုပ်ရှင်ရုံ နေရာတွေ ရသူတွေ တခြား လုပ်ငန်းတွေ လုပ်ကိုင်ခွင့်မပြုသင့်ဘဲ ရုပ်ရှင်ရုံ အဖြစ် ရှိကိုရှိရမယ် ဆိုတာကို ပြန် အကောင်အထည် ဖော်စေချင်ပါတယ်။
မေး။ ။ အခု မြန်မာ့ရုပ်ရှင်လုပ်ငန်း စီးပွားရေးက ဖွံ့ဖြိုးတဲ့အချိန် ရောက်နေပြီလား၊ ဒါမှမဟုတ် ဆုတ်ယုတ်တဲ့ ဘက်ကို ရောက်နေပြီလား။
ဖြေ။ ။ အခုဟာက စီးပွားရေးအရ ဖွံ့ဖြိုးလာတဲ့ အတွက်ကြောင့်၊ ငါးပွက်ရာ ငါးစာချ၊ ဈေးနည်းနည်းနဲ့ ရိုက်ပြီးတော့ အမြတ် များများ ကျန်ချင်တဲ့ သူတွေရှိတယ်။ ပြီးရင် ခပ်ပေါပေါလုပ်ပြီး ပိုက်ဆံများများ ရချင်တဲ့သူတွေ ရှိတယ်။ အနုပညာစိတ်လေး အနည်းငယ်တော့ ရုပ်ရှင်လုပ်ငန်း လုပ်ပြီဆိုရင် ရှိစေချင်တယ်။ စီးပွားရေးစိတ်ချည်းပဲ လုပ်မယ်လို့တော့ မသင့်တော်ဘူး။ ဒီလို လူမျိူးတွေများလာရင် ဆုတ်ယုတ်သွားနိုင်ပါတယ်။ ကျနော်တို့အတွက် တကယ်ရင်လေးစရာ ကောင်းပါတယ်။ တဘဝလုံးကို ရုပ်ရှင်ထဲမှာ မြှပ်နှံထားသူတွေအတွက် ရင်လေးစရာ ဖြစ်နေပါတယ်။
အခြေနေကောင်းလို့ ခွင်ကောင်းလို့ လာလုပ်ပြီး မကောင်းရင် ပြန်ထွက်မယ့်သူတွေ များလာရင် မကောင်းပါဘူး။ အရည် အချင်း ရှိတဲ့သူတွေ တကယ်ပဲ လိုအပ်ပါတယ်။ တကယ်တော့ ရုပ်ရှင်ပရိုဂျူဆာ လုပ်တယ်ဆိုတာ လွယ်တယ်လို့ ထင် တယ်၊ တကယ်တော့ မလွယ်ပါဘူး။ ပိုက်ဆံ ထုတ်ပေးလိုက်ရုံနဲ့ မပြီးဘူး။ ဒီအလုပ်တွေကို သိဖို့လိုပါတယ်။ ဒီလိုပဲ မင်းသား မင်းသမီး၊ ဒါရိုက်တာ လုပ်တာတွေကလည်း မလွယ်ပါဘူး။ တကယ် သေချာလုပ်ရင် တော်တော်ခက်ပါတယ်။
မေး။ ။ အခုက တိုင်းပြည်က ပွင့်လင်းလာပြီဆိုတော့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ အများကြီး လာမယ်လို့လည်း မျော်လင့် နေကြပြီ။ ဒီ ရုပ်ရှင်လုပ်ငန်းကိုကော နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ လာမယ်လို့များ မျော်လင့်ထားပါသလား။
ဖြေ။ ။ လက်ရှိက နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အနေနဲ့ ဒီကို မလာသေးပါဘူး။ တကယ်ကို တိကျထိမိစွာ ရောက်မလာသေးဘူး။ သူတို့အနေနဲ့က စောင့်ကြည့်နေတဲ့ သဘော ရှိပါတယ်။ တကယ်က အနည်လည်း မထိုင်သေးပါဘူး။ ခုမှ ပွင့်တာ မကြာ သေးပါဘူး။ ပွင့်တာနဲ့ ဝုန်းခနဲ့ စွတ်တိုးလာမယ်လို့ ပြောလို့မရပါဘူး။ သူတို့အနေနဲ့ အခြေနေကြည့်ဦးမှာပါ။
ဒီလိုတံခါးဖွင့်ချိန်မှာ အမှိုက်သရိုက်တွေလည်း ပါလာနိုင်ပါတယ်။ လေကောင်း လေသန့်လည်း ရလာနိုင်ပါတယ်။ အာဏာ ပြောင်းတာလည်း လပိုင်းပဲ ရှိပါသေးတယ်။ နှစ်တောင်မကူးသေးပါဘူး။ ဆိုတော့ ဒီကြားထဲမှာ ဘယ်အရာမှ ရုတ်တရက် မပြောင်းသေးပါဘူး။ စောင့်ရမှာပါ။ တကယ်လည်း မေးချင်ပါတယ်။ ကိုယ့်ဟာကိုယ်ကော ပြောင်းလဲနိုင်ကြပြီလားဆိုတာပါ။
မေး။ ။ တကယ်လို့ နိုင်ငံခြားရင်းနှီးမှုတွေ လာပြီဆိုရင် ဒီမြန်မာ့ရုပ်ရှင်လုပ်ငန်းထဲက သူတွေကကော အဆင်သင့် ဖြစ်နေ ကြ ပါပြီလား။
ဖြေ။ ။ အဆင်သင့် ဖြစ်နေပါပြီ။ သူတို့ဆီက နည်းပညာတွေလည်း သင်ယူရမယ်။ ကျနော်တို့ဆီက ဥပမာ အခက်အခဲ တွေကိုလည်း သူတို့သိမယ်။ သူတို့ထက် ပိုပြီး ခက်ခက်ခဲခဲ ကျော်ဖြတ်ရတာတွေ ရှိတယ်လေ။ ဥပမာ ဖြတ်ထိုးဉာဏ် နဲ့ ဆုံးဖြတ်ရတာမျိူး ဆိုရင် ကျနော်တို့က ပိုကျွမ်းကျင်ပါတယ်။ ဘာလို့လဲဆို ကျနော်တို့က တချိန်လုံးဒါပဲ အသုံးပြုနေရ တာ ကိုး။ လက်ရှိ အခြေနေကို ဖြတ်ထိုးဉာဏ်နဲ့ ကျော်ဖြတ်ရတယ်။ စနစ်တကျ ကျော်ဖြတ်နည်းကိုတော့ သူတို့က ပိုပြီး ကျွမ်းကျင် ပါတယ်။ သူတို့က စနစ်တကျလုပ်တတ်တာကိုး။ ဒါတွေကိုလည်း ကျနော်တို့က လေ့လာရမှာပါ။
မေး။ ။ အခုလို Myanmar Micro Film Contest တွေလုပ်တာကကော မျိူးဆက်သစ် လူငယ်ဒါရိုက်တာတွေ ပိုထွက် လာနိုင်မယ်လို့ မြင်ပါသလား။
ဖြေ။ ။ မြင်ပါတယ်။ အခုဒီပြိုင်ပွဲမှာ ဆုရတဲ့ Top 30 ထဲမှာတောင် ကျနော့်တပည့် ၄ ယောက်ပါပါတယ်။ အလားအလာ ကောင်းသူတွေ ပါပါတယ်။ ။