ထိုင်းနိုင်ငံက ၎င်းတို့ နိုင်ငံတွင် ဆယ်စုနှစ် ၂ ခုကျော်ကြာနေထိုင်ခဲ့သည့် မြန်မာနိုင်ငံသား ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ စတင်၍ ပြန်ပို့နေပြီ ဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) ၏ အကူအညီဖြင့် ဒုက္ခသည် ၆၈ ဦး ပါဝင်သည့် အဖွဲ့တဖွဲ့ကို အောက်တိုဘာလ ၂၅ ရက်နေ့က ပထမဆုံး ပြန်ပို့ပေးခဲ့သည်။ အိမ်ပြန်ကြသူများ အကြောင်း နှင့် သူတို့၏ ခံစားချက်နှင့် ပတ်သက်၍ ဧရာဝတီမှ အကြီးတန်း သတင်းထောက် စောရန်နိုင်က UNHCR ၏ အာရှဆိုင်ရာ ပြော ရေးဆိုခွင့်ရှိသူ Vivian Tan ကို အီးမေးလ်မှ တဆင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပထမဆုံး အကြိမ် တရားဝင်ပြန်ပို့တာ ဖြစ်တဲ့ အတွက် စီမံကိန်းနဲ့ ပတ်သက်လို့ ဘယ်လိုထင်ပါသလဲ။
ဖြေ။ ။ ဒါက အရေးကြီးတဲ့ ပထမဆုံး ခြေလှမ်းတခုပါ။ နောက်ထပ်လည်း တခြားသူတွေကို ပြန်ပို့ပေးဖို့ လမ်းခင်းပေးနိုင်ပြီး အာရှရဲ့ ကာလအရှည်ကြာဆုံး ဒုက္ခသည် ပြဿနာတွေထဲက တခုကို အဆုံးသတ်ပေးနိုင်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ပြန်ဖို့အတွက် ဒုက္ခသည်တွေဘက်ကနေ UNHCR ကို ပထမဆုံး ချဉ်းကပ်လာတာ ဖြစ်ပါတယ်။ အစိုးရ ၂ ခုလုံးကိုလည်း ဒီကိစ္စမှာ ပူးပေါင်း ပါဝင်လာစေခဲ့ပါတယ်။ မိမိဆန္ဒအလျောက် နေရပ်ပြန်သူတွေ လုံခြုံဘေးကင်းစွာ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ဖို့ ကူညီပေးမယ့် အသိုင်းအဝိုင်း ရှိနေသမျှ ဒုက္ခသည်တွေရဲ့ ဆန္ဒနဲ့ အညီ ဒီကိစ္စက ဆက်လက်ပြီး ရှိသွားမှာ ဖြစ်ပါတယ်။
မေး။ ။ ဒုက္ခသည်တွေ ပျော်ကြသလား။ သူတို့ရဲ့တုံ့ပြန်မှုက ဘယ်လိုရှိသလဲ။
ဖြေ။ ။ နှစ်ပေါင်းများစွာ အဝေးမှာနေခဲ့ရတဲ့ အတွက် သူတို့ရဲ့ ခံစားချက်တွေ ရောထွေးနေတာက နားလည်ပေးရမှာဖြစ်ပါ တယ်။ သူတို့အများစုကတော့ သူတို့မွေးဖွားခဲ့တဲ့ တိုင်းပြည်ကို ပြန်ရမှာ ပျော်တယ်၊ စိတ်လှုပ်ရှားတယ်လို့ ပြော ကြပါတယ်။ တချို့ကတော့ မြန်မာနိုင်ငံမှာ သူတို့ကို လက်ခံဖို့ စောင့်နေတဲ့ မိသားစု ရှိတယ်ဆိုတာကို သိနေပေမယ့် မသိနိုင်တာတွေအတွက် စိုးရိမ်ကြတာ သဘာဝပါပဲ။
မေး။ ။ ဒုက္ခသည်တွေက ဘာကြောင့် အိမ်ပြန်ချင်ကြတာလဲ။
ဖြေ။ ။ နိုဘိုး ဒုက္ခသည်စခန်းကနေ ပြန်မယ့် ဒုက္ခသည်တော်တော်များများနဲ့ ကျမ စကားပြောခဲ့ပါတယ်။ တချို့ကတော့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးကို ယုံကြည်လို့ ပြန်တာလို့ ပြောကြပါတယ်။ တခြားသူတွေကတော့ သူတို့ ဒုက္ခသည် အမြဲ တမ်း ဖြစ်မနေချင်ဘူးလို့ ပြောကြပါတယ်။ အိမ်ပြန်သွားရင် ပိုကောင်းတဲ့ အနာဂတ်ကို ရမယ်လို့ သူတို့ ထင်ကြပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ ဒုက္ခသည်တွေကို ဘယ်မှာနေရာချထားပေးမှာလဲ။
ဖြေ။ ။ သူတို့က ရန်ကုန်၊ ပဲခူး၊ ကရင်နဲ့ တနင်္သာရီ အပါအဝင် ဒေသ အသီးသီးကို မိမိဆန္ဒအလျောက် ပြန်ကြတာ ဖြစ်ပါ တယ်။
မေး။ ။ သူတို့ အတွက် အစားအစာ၊ နေစရာနဲ့ လုံခြုံရေးကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ။
ဖြေ။ ။ ဒုက္ခသည်တွေကို ပြန်ပို့တဲ့ ဘယ်အစီအစဉ်မှာ မဆို မူရင်းနိုင်ငံ (ယခုကိစ္စမှာ မြန်မာနိုင်ငံ အစိုးရ) ကပြန်လာတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးရမယ့် တာဝန် အပြည့်အဝရှိတယ်လို့ ယူဆထားပါတယ်။ သူတို့ ဘဝကို ပြန် လည်ထူထောင်ဖို့ ကူညီပေးရပါမယ်။ ငြိမ်ချမ်းရေး ဖော်ဆောင်မှုတွေက ခိုင်မာ အားကောင်းလာမယ်လို့ ကျမတို့ မျှော်လင့် ပါတယ်။ ဒုက္ခသည်တွေ သူတို့ အိမ်ကို လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေးအတွက် သူတို့မှာ တာဝန်ရှိကြောင်း သက်ဆိုင် ရာ အဖွဲ့အစည်း အားလုံးကို ကျမတို့ က သတိပေးသွားမှာ ဖြစ်ပါတယ်။
ကျမတို့ UNHCR အနေနဲ့ကလည်း ပြန်သွားတဲ့ ဒေသတွေနဲ့ ဒေခံ အသိုင်းအဝိုင်တွေကို ထောက်ပံ့ ကူညီသွားမှာ ဖြစ်ပါတယ်။ အစိုးရ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာ ထောက်ထားမှုနဲ့ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်။
နေရပ်ပြန်မယ့် ဒုက္ခသည်တွေ အတွက် မြန်မာ အစိုးရ၊ UNHCR နဲ့ အခြားအဖွဲ့ အစည်းတွေရဲ့ ကူညီထောက်ပံ့မှု အပြင် အစားအစာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (UN World Food Programme) က ၃ လ စာ အစားအစာအတွက် ငွေကြေးထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။