ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု (Northern Alliance) လို့ခေါ်တဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ပါဝင်တဲ့ တပ်ပေါင်းစု က နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေဟာ တပတ်ကျော်ကြာလာတဲ့အထိ ရပ်တန့်မသွားဘဲ အစိုးရ တပ်မတော်နဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြားမှာ နှစ်ဘက်တပ်တွေအကြားမှာသာ ထိခိုက် သေဆုံခြင်းတွေ ရှိနေတာမဟုတ်ဘဲ အပစ်မဲ့ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရရှိမှုတွေ၊ အကျိုးစီးပွားပျက်စီးမှုတွေ၊ ဒုက္ခသည်တွေအဖြစ် ပုန်းရှောင်နေရမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။
မန်စီမြို့နယ်၊ မန်ဝိန်းကြီး ဒေသအတွင်းက ကျေးရွာ ၁၈ ရွာရဲ့ အနီးတဝိုက်မှာလည်း တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေလို့ ဒေသခံတွေ ထိတ်လန့်နေကြရပြီး လမ်းတွေလည်း ဖြတ်တောက်ထားတဲ့အတွက် ပြေးပေါက်တွေ ပိတ်မိသလို ဖြစ်နေပြီး ပြေးစရာလမ်းမရှိဖြစ်နေပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အဲဒီကျေးရွာတွေမှာ ကွင်းဆင်းပြီး အကူအညီဆောင်ရွက်ပေးနေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ မန်စီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအေးမင်း ကို ဧရာဝတီသတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ မန်ဝိန်းကြီး ဒေသမှာ တိုက်ပွဲတွေက ရက်ဆက်ဖြစ်နေတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ ဆိုတော့ အဲဒီဒေသက အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလားခင်ဗျ။
ဖြေ ။ ။ ဒီလ ၂၁-၂၂ လောက်ကတည်းက လက်နက်ကြီးသံတွေကြားနေရတယ်။ ၂၃ ရက်နေ့မှာတော့ တနေကုန်ပဲ လေယာဉ်နဲ့ စစ်ကူတွေတို့ ဘာတို့ ဒီမန်ဝိန်းကြီးအနောက်ဘက် မန်ဝမ်း ကျေးရွာအုပ်စု နဲ့ ၂ မိုင်လောက်ဝေးတဲ့တောင်ပေါ်မှာ ပစ်ကြခတ်ကြတယ်။ အခုအခြေအနေအထိဆိုရင် ဘာတွေဖြစ်နေလဲဆိုရင် ရွာတွေရဲ့ ဘေးပတ်လည်မှာ တိုက်ပွဲတွေချည်းပဲ နေ့စဉ်ပေါ့။ လက်နက်ကြီးသံ လက်နက်ငယ်သံတွေချည်းပဲ။
မေး ။ ။ ဒီနေ့နောက်ဆုံး အခြေအနေကရော ဘယ်လိုရှိလဲဗျ။ တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပဲလား။
ဖြေ ။ ။ နောက်ဆုံးအခြေအနေကတော့ အစိုးရတပ်မတော်ကနေပြီးတော့မှ မန်ဝိန်းကြီး အထကကို ရိက္ခာတွေ လာချသွားတယ်။ စစ်အင်အားဖြည့်ထားတဲ့ သဘောပေါ့။ လက်နက်ကြီးသံတွေကတော့ နေ့တိုင်းလိုပဲကြားနေရတယ်။
ပြည်သူတွေအနေနဲ့ကတော့ မန်ဝိန်းကြီး-နမ့်ခမ်း ၇ မိုင်ဝေးတဲ့ ကြိုးတံတားနဲ့ လမ်းတွေ လုံခြုံရေးအရ ပိတ်ထားတယ်။ ကျနော်တို့ အဲဒီမှာ တသောင်းကျော်လောက်ရှိတဲ့ ပြည်သူတွေက နမ့်ခမ်းကို သွားမယ်ဆိုရင် တရုတ်ပြည်ထဲက ပတ်သွားရတဲ့ အဆင့်ပေါ့။
ကျနော်တို့ မန်ဝိန်းကြီးဆိုတာက ရှမ်းပြည်မြောက်ပိုင်းနယ်စပ်လဲဖြစ်တယ်။ တရုတ်နဲ့နယ်စပ်လဲဖြစ်တယ်။ မန်စီမြို့နယ်ကို ၂၀၁၀ ကတည်းက ပိတ်ထားတာရှိတယ်။ အဲဒကြောင့် နမ့်ခမ်းကိုပဲ အားကိုးနေရတဲ့အခါကြတော့ ၂၃ ရက်နေ့ကစပြီး ကချင်နဲ့ ရှမ်းနဲ့ ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပိတ်ထားတယ်။ အဲဒါကြောင့် ကျနော်တို့ တရုတ်ပြည်ဘက်ကနေ ပတ်သွားရတယ်။
မန်ဝိန်းကြီးမှာက ကျေးရွာအုပ်စုပေါင်း ၅ စု၊ ရွာပေါင်းက ၂၀ ရှိတယ်။ မန်ဝိန်းကြီးမှာက ၂၀၁၀ စစ်ဖြစ်တုန်းက စစ်ဘေးရှောင် လာတဲ့ ဒုက္ခသည်စခန်း ၄ ခုရှိတယ်။
မေး ။ ။ ခုနပြောတဲ့အထဲမှာ တိုက်ပွဲတွေက ရွာတွေရဲ့ ပတ်လည်မှာ ဖြစ်နေတယ်လို့ဆိုတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးစိုင်းအေးမင်း တို့ ဘက်ကနေပြီး ဘယ်လိုဆောင်ရွက်နေတာတွေများ ရှိလဲဗျ။
ဖြေ ။ ။ လက်ရှိကတော့ ကျနော်တို့က ပြင်ဆင်မှုအနေနဲ့ကတော့ အဲဒီမှာရှိတဲ့ ကျေးရွာအုပ်စုတွေ၊ လူတွေ က တိုက်ပွဲကြောင့် ရှောင်မယ်ဆိုရင်တောင် ရှောင်ဖို့လမ်းမရှိဘူး။ တရုတ်ဘက်ကလည်း သူတို့နယ်စပ်မှာ တင့်ကားတွေ၊ စစ်အင်အားတွေ ဖြည့်ထားတာ ရှိတယ်။ နမ့်ခမ်းဘက်ကိုလည်း ကျနော်တို့ ပြေးသွားလို့မရဘူး။ လမ်းတွေလည်း ပိတ်ထားတယ်ဆိုတော့ လက်ရှိ မြစ်ကြီးနားမှာ လူကယ်ပြန်ဝန်ကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ကို ကျနော်တို့ စာတွေတင်ထားတာတော့ရှိပါတယ်။
မေး ။ ။ စစ်ပွဲတွေက ရွာပတ်လည်မှာရောက်နေလို့ အိုးအိမ်တွေစွန့်ပြီး ပြေးမယ်ဆိုရင်တောင် ပြေးပေါက်က မရှိဘူးဖြစ်နေတဲ့ သူတွေက စုစုပေါင်း ဘယ်လောက်များရှိနိုင်မလဲ။
ဖြေ ။ ။ မှန်ပါတယ်။ ဒုက္ခသည်အဆင့်တော့ မဟုတ်သေးပါဘူး။ ရွာပေါင်းက ၁၈ ရွာ ဖြစ်နေတဲ့အခါကြတော့ နီးတော့နီး နေတယ်။ ဒါပေမယ့် ကျနော်တို့က မပြေးဖို့ ကျနော်တို့က ကျေးရွာတွေမှာပြောပါတယ်။ လက်ရှိ ဒုက္ခသည် အဆင့်ကို နေလာတဲ့သူ ၄ ထောင်လောက်ရှိတယ်။ အဲဒါကတော့ မန်ဝိန်းကြီးပေါ်မှာ။ ကျန်တဲ့ ၁၈ ရွာမှာကကြတော့ လောလောလတ်လတ် တောင်သူလယ်သမားတွေပဲဖြစ်တယ်။ မပြေးပါနဲ့လို့တော့ ကျနော်တို့က မေတ္တာရပ်ခံထားတယ်။
မေး ။ ။ အခုဖြစ်နေတဲ့ တိုက်ပွဲကြောင့် ဒေသခံတွေကို ထိခိုက်၊ ဒဏ်ရာရမှုတွေရှိလား။
ဖြေ ။ ။ တိုက်ပွဲတွေက ရွာနဲ့ ၂ မိုင်လောက်အကွာတွေမှာရှိတဲ့ တောင်ပေါ်တွေမှာ ဖြစ်နေတာဆိုတော့ ဒေသခံတွေကို ထိခိုက်တာတော့ မရှိသေးဘူး။ ဒါပေမယ့် လုပ်ငန်းပိုင်းဆိုင်ရာမှာ တောင်ယာသွားတာ၊ ထင်းခုတ်တာ၊ တောထဲမသွားဖို့ အားလုံးကို မလုပ်စေဘူး။ အဓိက စိုးရိမ်ချက်နှစ်ခုရှိတယ်။ တကယ်လို့ တိုက်ပွဲတွေ ဒီထက်ပြင်းထန်လာတယ်ဆိုရင် ကျနော်တို့ ဘယ်ကိုပြေးရမလဲမသိဘူး။ နောက်တချက်က အခုလောလောဆယ် လေး-ငါး-ခြောက်ရက်ကိုပဲ အဆက်အသွယ်တွေက ပြတ်နေတဲ့ အခါကြတော့ ကူးလူးသွားလာတဲ့အခါ တရုတ်ပြည်ကတဆင့်သွားရတဲ့အချိန်မှာ လုံခြုံရေးအရ နားလည်မှု သဘောနဲ့ သွားနေရတဲ့ အခါကြတော့ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။
မေး ။ ။ အခုဆို တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထိတ်လန့်နေကြရတယ်။ အကျိုးစီးပွားတွေလည်း ထိခိုက်နေပြီ။ ပြေးမယ် ဆိုရင်တောင် ထွက်ပေါက်မရှိဘူးဖြစ်နေတယ်။ ဒီအပေါ်မှာ လွှတ်တော်အမတ်တယောက်အနေနဲ့ ဘာများ ပြောချင်လဲ။
ဖြေ ။ ။ ကျနော်တို့မှာ ဒီလို စစ်ဒဏ်တွေကို ခံခဲ့ရတာတွေကတော့ ဒီနယ်စပ်မှာ ကျနော်မီတာကတော့ ၂ ကြိမ်ရှိပြီ ၂၀၁၄ ကလည်း အကြီးအကျယ်ဖြစ်တယ်။ တရုတ်ပြည်ထဲကို ခရီးသွားလို့မရဘူး။ နမ့်ဝမ်းချောင်းဆိုရင် တရုတ်ပြည်နဲ့ မြန်မာပြည် နယ်ခြားပေးတဲ့ နမ့်ဝမ်းချောင်းမှာဘဲ ဖြစ်သလိုနေခဲ့ရတယ်။ အခုလည်း ကျနော်တို့က စစ်က ထပ်ကြုံတုန်းဆိုတော့ ဒီဟာကြီးကို မဖြစ်စေချင်ဘူး။ မြန်မြန်ငြိမ်းချမ်းချင်တယ်။ နောက်ပြီးရင် မလွှဲမရှောင်သာလို့ ဖြစ်ရင်တောင်မှ ဒီတချက်ကတော့ ပြည်သူတွေ အသံပါ။ ပြည်သူတွေနဲ့ ဟိုးအဝေးကြီးမှာ တပ်အချင်းချင်းဖြစ်ကြပေါ့။ ဒါလည်း လုံးဝ မလွှဲသာ မရှောင်သာ အခြေအနေကြမှပါ။ ကျနော်တို့ကတော့ လုံးဝ စစ်ကို မလိုလားပါဘူး။