ရိုဟင်ဂျာ ဆိုတဲ့ ပြသနာရဲ့ အရင်းအမြစ်ဟာ အက်သနစ် (Ethnic) ကို တိုင်းရင်းသားလို့ဘာသာပြန်ဆို (သို့မဟုတ်) နားလည်သဘောပေါက် တာက စတယ်လို့မြင်ပါတယ်။ အက်သနစ် ကို မြန်မာလို တိုင်းရင်းသား လို့ဘာသာပြန်ဆိုလိုက်တာနဲ့အော်တိုမစ်တစ် တွဲပါလာတာက မူရင်းဌာနေလူမျိုး ဆိုတဲ့ အဓိပ္ဗါယ် ပါပဲ။ မူရင်းဌာနေလူမျိုးဆိုတာကတော့ Native (or) Indigenous ပါပဲ။ အမှန်က အက်သနစ် နဲ့မူရင်း ဌာနေလူမျိုးဆိုတာကွာပါတယ်။ ဒီ ၂ ခုကို ၁ ခုတည်း အနေနဲ့ တိုင်းရင်းသား ဆိုပြီး ပြန်ဆိုလိုက်တဲ့နေရာမှာ ရောထွေးပြီး ရိုဟင်ဂျာ အက် သနစ် ဟုတ်မဟုတ်ကနေ မြန်မာပြည်ရဲ့ လူမျိုး ဟုတ်မဟုတ်၊ တိုင်းပြည်ရဲ့ အရင်း ဟုတ်မဟုတ်၊ ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိမရှိ ဆိုတာတွေဖြစ်လာပါတယ်။
ဒီ concepts တွေကို အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်
(၁) အက်သနစ် ဆိုတာ လူစု (Cultural group) ပါပဲ။ လူတစုမှာ ဘာသာ၊ စကား၊ စသဖြင့် အုပ်စုတစ်ခု ရဲ့သွင်ပြင်လက္ခာတွေရှိမယ်၊ လူအစုအဝေး အနေနဲ့ပြစရာရှိမယ်ဆိုရင် သူဟာ အက်သနစ် (သို့) ကာချရာဂရုပါပဲ။ အက်သနစ် သွင်ပြင်လက္ခဏာဟာ တသက်လုံး တည်ငြိမ်မှုမ ရှိနိုင်ပါဘူး။ သူ့သဘောသဘာဝအရ စီးပွားရေး၊ နိုင်ငံရေး၊ စသဖြင့် လိုအပ်ချက်ပေါ်မူတည်ပြီး အက်သနစ်သွင်ပြင်တွေ ကို ပြောင်း လဲခြင်း၊ ပြင်ခြင်းခြင်း၊ အသစ်သွင်းခြင်း၊ ထုတ်ပြစ်ခြင်း စသဖြင့်လုပ်လေ့ရှိပါတယ်။ မြန်မာပြည်က ကချင်လူမျိုးတွေ အကြောင်း လေ့လာတဲ့ Edmond Leach က ၁၉၅၀ လောက်ကတည်းက ဒီအချက်ကို ထောက်ပြထားပါတယ်။ ချင်းနဲ့ ကယားလူမျိုးတွေအကြောင်းလေ့လာတဲ့ Dr. FK Lehman (aka) Chit Hlaing ကလည်း ၁၉၇၀ လောက်ကတည်းက ဒီလိုပဲဆိုပါတယ်။ အက်သနစ်နဲ့ပတ်သက်ပြီး လေ့လာသူတိုင်း ဒီအချက်ကို နားလည်ပါတယ်။
ဥပမာ အက်သနစ် နာမည်ဖြစ်တဲ့ ရှမ်း (သို့) သျှမ်း ဆိုတာ အရင်က မရှိခဲ့ပါဘူး။ ရှမ်းတွေက အခုထက်ထိ သူတို့ကိုယ်သူတို့ တိုင်း (Tai) လို့ခေါ်ပါတယ်။ ရှမ်းပြည်ကို မုံးတိုင်း လို့ခေါ်ပါတယ်။ ကိုလိုနီ ခေတ်ပတ်ဝန်းကျင်တုန်းက ရှမ်းတွေနဲ့လူမျိူချင်းနီးစပ်တဲ့ တိုင်းလူမျိုးတွေနေထိုင်တဲ့ စယမ် (Siam) – ယခု ထိုင်းနိုင်ငံ – ကို အခြေပြုပြီး စယမ် – စယမ် ဆိုရာကနေ တဖြည်းဖြည်းပြောင်းလဲလာပြီး Shan/သျှမ်း ဆိုတာဖြစ်လာတာပါ။ ပတ်ကညောကနေ ကရင်၊ ကယားလီကနေ ကယားကနေ အခု ကရင်နီ (Karenni)၊ ဂျိမ်းဖော်အုပ်စုတစုက အစချီပြီး ကချင် စတဲ့ နာမည်တွေ ဖြစ်လာပါတယ်။ ဘာသာစကားဆိုရင်လည်း အရင်က ကရင်နီစာပေမရှိခဲ့ပေမဲ့ အခု ကရင်နီဘာသာစာပေအသစ်ကို ဒီနှစ်ဆန်းပိုင်းက ကွယ်လွန်သွားတဲ့ ကရင်နီ ခေါင်းဆောင်ဟောင်း ထယ်ဗူးဖဲ က တီထွင်ခဲ့တာပါ (May his soul rest in peace)။
(၂) အက်သနစ်ဆိုတာ မူရင်းဌာနေလူမျိုး နဲ့ကွာပါတယ်။ ကနေဒါလိုနိုင်ငံမျိုးမှာ Red Indian (ကျနော်တို့ငယ်ငယ်တုန်းကအ တန်း ကျောင်းတွေမှာ သင်ရတဲ့ အက်စကီးမိုး) တွေဟာ နေ့တစ်ဖ် တွေဖြစ်ပါတယ်။ သူတို့ဟာ နှစ်ထောင်ပေါင်းများစွာကတည်းက ကနေဒါမှာ နေနေတဲ့လူတွေဖြစ်တဲ့အတွက် အင်ဒီးဂျီးနက်စ် (သို့) နေ့တစ်ဖ် လို့ခေါ်တဲ့ မူရင်းဌာနေလူမျိုးဖြစ်ပါတယ်။ နောက်မှ ဝင်ရောက်လာတဲ့ ဗီယက်နမ်တို့၊ မြန်မာတို့ကို ကနေဒါမှာ အက်သနစ် တွေလို့ခေါ်ပါတယ်။ ဒါကြောင့် Ethnic Communities of Canada ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိုင်းရစ်တွေ၊ တရုတ်တွေ၊ ဗီယက်နမ်တွေ၊ မြန်မာတွေလည်း ပါတာပါ။ ဥပမာအနေနဲ့ ဒီကနေဒါအစိုးရ လင့်ခ်ကို ဝင်ကြည့်ပါ။ http://www.statcan.gc.ca/bsolc/olc-cel/olc-cel?catno=89-621-X&CHROPG=1&lang=eng
ဒီလင့်ခ်မှာ ဖော်ပြထားတဲ့ ကိုးရီးယား၊ ဗီယက်နန် စတဲ့ လူစုတွေက မုရင်းဌာနေလူမျိုးတွေမဟုတ်၊ အက်သနစ်တွေဖြစ်ပြီး နိုင်ငံသားစည်း ကမ်းနဲ့ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားအခွင့် အရေး အပြည့်အဝရကြသလို နိုင်ငံအပေါ်ထားရှိရမဲ့ တာဝန်ဝတ္ထရားကို လည်း ကျေပွန်ရပါမယ်။
ဒါကြောင့် အက်သနစ် သို့ ယဉ်ကျေးမှုအုပ်စု (Cultural group) လို့ပြောတိုင်း အဲ့ဒီအုပ်စုတွေဟာ ကနေဒါမှာ နှစ်ပေါင်း ရာ ထောင်ချီကတည်းကရှိတဲ့ အင်တီးဂျီးနက်စ်တွေလို့ယူဆစရာမလိုပါ။
အချုပ်အားဖြင့်ပြောရရင်
– အက်သနစ် (Ethnic) ဆိုတာ လူစုတစု (Cultural group) ပဲဖြစ်ပြီး မူရင်းဌာနေလူမျိုး (Native သို့Indigenous) နဲ့ကွာပါတယ်။
– သျှမ်း၊ ကချင်၊ ကရင် စတဲ့ နာမည်တွေဟာ အသစ် အသစ်တွေချည်းဖြစ်ပါတယ်။ ဘာသာစကားနဲ့ သွင်ပြင်လက္ခဏာတချို့တွေက လည်း ပြောင်းလဲ၊ တီထွင်၊ လျစ်လျူရှု စသဖြင့် ရှိတတ်ပါတယ်။
ဒါကြောင့်
– ရိုဟင်ဂျာဆိုတာ အက်သနစ်ဟုတ်ပါသလားဆိုရင် ဟုတ်ပါတယ်။ သွင်ပြင်လက္ခဏာ၊ လူစုလူဝေးရှိလို့။
– ရိုဟင်ဂျာဆိုတဲ့ နာမည် ရှိလို့ရပါ့မလားဆိုရင် ရှိနိုင် ရနိုင်ပါတယ်။ တခြား လူမျိုးနာမည်လည်း တီထွင်ပြောင်းလဲခဲ့ကြတာပါပဲ။
– ရိုဟင်ဂျာတွေ နိုင်ငံသားနဲ့နိုင်ငံသားအခွင့်အရေး ပေးသင့်သလားဆိုရင် စည်းကမ်းနဲ့ညီရင် ပေးသင့်ပါတယ်။ တိုင်းပြည်အပေါ် သစ္စာလည်းရှိ၊ နိုင်ငံသားဝတ္ထရားလည်း ထမ်းဆောင်ဖို့လိုပါတယ်။
– ရိုဟင်ဂျာတွေဟာ မူရင်းဌာနေလူမျိုးတွေဟုတ်သလားဆိုရင်တော့ ဒီအချက်က ဆွေးနွေးစရာပါ။ အခု ဆွေးနွေးမယ် ဆိုရင် ဆွေးနွေးရမှာက ရိုဟင်ဂျာ နာမည် ရှိမရှိမဟုတ်ပါ၊ ရိုဟင်ဂျာ အက်သနစ်ဟုတ်မဟုတ်ပါ။ မူရင်းဌာနေလူမျိုးုဟုတ်မဟုတ် ဆိုတာပဲဖြစ်ပါတယ်။
စာရေးသူသည် ကနေဒါနိုင်ငံ Simon Fraser တက္ကသိုလ်တွင် ပါရဂူဘွဲ့ယူစာတမ်း ပြုစုနေသူ ဖြစ်သည်။