အမေရိကန်သမ္မတ အိုဘားမားရဲ့ခရီးစဉ်ကို ပြည်တွင်းပြည်ပက စိတ်ဝင်တစားနဲ့ လေ့လာစောင့်ကြည့်နေကြပါတယ်။ ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေမှာ ရုံးတွေ ပလက်ဖောင်းတွေမှာ အမေရိကန်သမ္မတရဲ့ခရီးစဉ်အကြောင်း၊ ကြိုရောက်နေတဲ့ Secret Service လုံခြုံရေး အဖွဲ့ဝင်တွေအကြောင်း၊ အိုဘားမားကို သယ်ဆောင်လာမယ့် Air Force One လေယာဉ်ပျံနဲ့ သူစီးမယ့် မော်တော်ကားအကြောင်း တွေလည်းပါဝင်ပါတယ်။
မြန်မာ့အရေး လေ့လာသူတွေရဲ့စကားဝိုင်းတွေ၊ နိုင်ငံတကာ သတင်းစာတွေ၊ မြန်မာပြည်အရေးကို စောင့်ကြည့်လေ့လာသူတွေကတော့ အိုးဘားမားခရီးစဉ်က မြန်မာပြည်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပွင့်လင်းလာမှုကို ဘယ်လောက် အထောက်အကူဖြစ်မလဲ။ သမ္မတဦးသိန်းစိန်အစိုးရ လိုအပ်နေတဲ့ တရားဝင်ဖြစ်မှု Legitimacy ကို အပြီးအပိုင် ပေးလိုက်တာပဲလား၊ အမေရိကန်အစိုးရ အစဉ်အဆက်ပြောခဲ့တဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို လေ့လာပြီးပြောမှာလား၊ ဒါ့အပြင် မြန်မာနဲ့ မြောက်ကိုရီးယားစစ်ရေးအရ ဆက်ဆံမှုကို ဖြတ်တောက်ဖို့ကိစ္စ ထည့်သွင်းဆွေးနွေးမလား စတဲ့ သုံးသပ်ချက်တွေလည်း ရှိနေခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်တော့ ဘယ်လောက်ထပ်လွှတ်ပေးမလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။
အမေရိကန် ထိပ်တန်းသံတမန်တဦးကတော့ သမ္မတအိုးဘားမားရဲ့ မြန်မာပြည်ခရီးစဉ်က လုပ်ကိုလုပ်ဆောင်ရမယ့် ခရီးစဉ်ဖြစ်ပါတယ်၊ ဒါပေမယ့် Controversial အငြင်းအခုံ မဖြစ်ဘူးလို့တော့ ပြောလို့မရပါဘူးလို့ ဆိုပါတယ်။ မနှစ်ကစပြီး မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးက ပြန်ပြီးကောင်းလာတယ်လို့ သုံးသပ်လို့ရပါတယ်။ ၂၀၁၁ ခုနှစ်ဒီဇင်ဘာလမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည်ကို လည်ပတ်ခဲ့တယ်။ မြန်မာအစိုးရဘက်က နာမည်ကြီး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်။ တိုင်းပြည်အတွင်းမှာ နိုင်ငံရေး ပွင့်လင်းမှုတွေ ပိုပြီးရှိလာတယ်လို့ ဆိုရမှာပါ။ အမေရိကန်နဲ့ မြန်မာအစိုးရ ကြားမှာလည်း ပထမဆုံး ပူးတွဲပြီး လူ့အခွင့်အရေး ဆွေးနွေးဝိုင်း US-Burma Human Rights Dialogue ကို နေပြည်တော်မှာ မကြာခင်က ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်တက်ရောက်ခဲ့ သလို မြန်မာအစိုးရ ထိပ်ပိုင်း အရာရှိကြီးတွေနဲ့ စစ်တပ်အရာရှိကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်ဘက်ကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဌာနက ထိပ်ပိုင်းအရာရှိတွေအပြင် အမေရိကန်စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ အရာရှိကြီးတွေလည်း ပါဝင်တက်ရောက်ခဲ့တာတွေ့ရပါတယ်။
ဒါဟာ မြန်မာ အမေရိကန်ဆက်ဆံရေးရဲ့အချိုးအကွေ့တခုဖြစ်ပြီး ဒီဆွေးနွေးပွဲကို အမေရိကန်ဘက်က အတော့်ကို ကျေနပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ ပြန်ပြီး အနိုင်ရခဲ့တဲ့ သမ္မတအိုဘားမားရဲ့နိုင်ငံခြားရေးပေါ်လစီရဲ့အောင်မြင်မှုကို ပြန်ကြည့်မယ်ဆိုရင် အရှေ့တောင် အာရှမှာတော့ မြန်မာဟာ အတော့်ကို မျက်နှာရတဲ့ အောင်မြင်မှုလို့ အမေရိကန်တွေက သုံးသပ်ရှုမြင်ကြပါတယ်။ အိုဘားမား သမ္မတဖြစ်ပြီး ချမှတ်ခဲ့တဲ့ စည်းကမ်းတကျ တွေ့ဆုံနှိုင်းညှိတဲ့ မူဝါဒ Principled Engagement Policy အတိုင်း အရင်က မြန်မာ စစ်အစိုးရ နဲ့ရော ပြည်တွင်း ပြည်ပအတိုက် အခံတွေနဲ့ပါ ထိတွေ့ဆက်ဆံခဲ့တဲ့ ပေါ်လစီရဲ့ရလာဒ်လို့ ပြောလို့ရပါတယ်။
ဒါပေမယ့် မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ “Reform” “အပြောင်းအလဲ” ဆိုတာက အကန့်အသတ်နဲ့ပဲ သွားနေတာဖြစ်တယ်။ အိုဘားမားရဲ့ခရီးစဉ်က အခုအချိန်မှာ မသွားသင့်သေးတဲ့ ခရီးစဉ်ဖြစ်တယ်လို့လဲ ဝေဖန်သူတွေ ရှိနေပါတယ်။ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီး ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ သူရဲ့အကြားမှာ အပေးအယူလုပ် ကစားရမယ့်အချိန်တွေမှာ ဒီနိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံတွေလို လွှတ်ပေးပြီးမျက်နှာကောင်းရအောင် လုပ်လေ့ရှိသူဖြစ်တယ်လို့ စွပ်စွဲခံရပေါင်းများခဲ့ပြီ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေချိန် ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေတင်းမာနေဆဲအချိန်၊ အကန့်အသတ်နဲ့လုပ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲလို့ စွပ်စွဲချက်တွေရှိနေတဲ့ အချိန်မှာ ဘာလို့မြန်မာပြည်ကို သွားရတာလဲလို့ သမ္မတအိုဘားမားကို မေးခွန်းထုတ်ကြတာဖြစ်ပါတယ်။
မြန်မာပြည်အရေး လေ့လာရေးသမားဖြစ်တဲ့ ပရော်ဖက်ဆာ ဒေးဗစ်စတိုင်းဘက်ကတော့ သမ္မတအိုဘားမားက ဒီဒေသတွင်းက ကမ္ဘောဒီယားမှာကျင်းပတဲ့ အစည်းအဝေးကို တက်ဖို့လာရင်း သူရဲ့မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံကိုဝင်တယ်၊ ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေေ ဖာ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို ဝင်တယ်။ တကယ်လို့များ အထက်ပါ တားမြစ်ချက်တွေကြောင့် အမေရိကန်သမ္မတက မြန်မာနိုင်ငံလိုမျိုး နိုင်ငံတွေကို မလည်ပတ်သင့်ဘူးဆိုရင် မလည်ပတ်ဘဲ နေရမယ့် နိုင်ငံတွေ အတော်များများ ရှိသွားမှာပေါ့လို့ ဆိုပါတယ်။
အိုဘားမားရဲ့ခရီးစဉ်မှာ အမေရိကန်အစိုးရရဲ့ အသစ်ချမှတ်ထားတဲ့ အာရှပစိဖိတ်ဒေသတွင်း ဆိုင်ရာ မဟာဗျူဟာတွေနဲ့လဲ သက်ဆိုင်နေတယ်လို့ သုံးသပ်ကြပါတယ်။ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ စစ်ပွဲတွေ အဆုံးသတ်ချိန်မှာ အမေရိကန်က အာရှပစိဖိတ်ကို ဗဟိုပြု (Pivot toward Asia) ဆိုတဲ့ ကြွေးကြော်သံနဲ့ ပြန်ပြီး သူရဲ့ ပစိဖိတ်ပါဝါကို ပြန်ယူမယ်လို့ကြွေးကြော်ခဲ့တာ ဖြစ်ပါတယ်။ ဒီပေါ်လစီက စီးပွားရေး၊ စစ်ရေးနဲ့ နိုင်ငံရေးအရ သြဇာအာဏာ ဖြန့်ကျက်လာနေတဲ့ တရုတ်ကို ဦးတည်တာလို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် မြန်မာ အမေရိကန် ဆက်ဆံရေး ပြန်ကောင်းလာတာက တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်ဖို့ ဆုတ်ယုတ်ဖို့ မဟုတ်ပါဘူးလို့ အမေရိကန်ဘက်က အတိအလင်း ပြောကြားထားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကို အများကြီး မှီခိုခဲ့ရတဲ့ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းထားတဲ့ စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းတွေကတော့ အမေရိကန်ကြောင့် တရုတ်နဲ့ ဆက်ဆံရေးကို အပျက်ယွင်းခံမှာမဟုတ်ပါဘူး။ မြန်မာကတော့ အင်အားကြီး နှစ်နိုင်ငံစလုံးကို အဆင်ပြေ အောင် ဆက်ဆံသွားမယ်၊ အဲဒီနှစ်နိုင်ငံစလုံးဆီက ရမယ့် အခွင့်အရေးတွေကို ရအောင် ယူမှာပဲလို့ သုံးသပ်မိပါတယ်။
တရုတ်အစိုးရဘက်က မြန်မာ-အမေရိကန်ဆက်ဆံရေး ပြန်ကောင်းလာတာကို ကြိုဆိုတယ်လို့ ယဉ်ယဉ်ကျေးကျေးပြောဆိုတယ်။ ဒါပေမယ့် ပီကင်းအခြေစိုက် နိုင်ငံတကာလေ့လာရေးသုတေသီ ဇူဖန်းက အမေရိကန်အနေနဲ့ မြန်မာပြည်အပေါ် ကြွေးကြော်နေတဲ့ လူ့အခွင့်ရေး၊ ဒီမိုကရေစီရေးလို့ ဆိုနေတာတွေက အပေါ်ယံ သကာရည်လောင်း ပြောနေတာသာ ဖြစ်တယ်။ အဓိက အမေရိကန်ရဲ့မဟာဗျူဟာအရ မြန်မာဟာ အိန္ဒိယသမုဒ္ဒရာကို ခုန်ပျံကျော်လွှားရောက်ရှိနိုင်တဲ့ တရုတ်ရဲ့ အနောက်ဘက် ထွက်ပေါက် တခုဖြစ်နေတာမို့ အမေရိကန်တွေ မြန်မာအပေါ် ဆက်ဆံရေးပြောင်းလဲလာတာလို့ သုံးသပ်ပါတယ်။
အမေရိကန် အိမ်ဖြူတော်က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာက အရှေ့တောင်အာရှ အသင်းဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက် အာဆီယံ အဖွဲ့ကြီးနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်မယ်။ မြန်မာက ပထဝီနိုင်ငံရေးအရ အိန္ဒိယသမုဒ္ဒရာနဲ့ထိစပ်နေပြီး သဘာဝတွင်းထွက်တွေ ကြွယ်ဝတဲ့နိုင်ငံဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံအနေနဲ့ စိတ်ဝင်စားမှုရှိတဲ့အကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ဒါက အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက မြန်မာကို တရုတ်ရဲ့သြဇာအောက်က တဖြည်းဖြည်းနဲ့ ဆွဲထုတ်တဲ့ မဟာဗျူဟာလို့ သုံးသပ်ကြပါတယ်။အဲဒီ သတင်းစာရှင်းလင်းပွဲမှာပဲ Myanmar လို့ မသုံးနှုန်းဘဲ အရင်လိုပဲ Burma လို့ဆက်ပြီး ခေါ်ဝေါ်သုံးနှုန်းသွား တာကိုလည်း တွေ့ရပါတယ်။
မဟာဗျူဟာအရ မြန်မာနဲ့ဆက်ဆံရေး ပုံမှန်ဖြစ်အောင် ကြိုးစားတဲ့ အမေရိကန်ရဲ့အကျိုးစီးပွားကို အသာထားပြီး အိုဘားမားရဲ့ ရန်ကုန် ခရီးစဉ်ရဲ့ ရည်မှန်းချက်က လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ ခရီးစဉ်ကို အချိန်တိုအတွင်း အကျိုးသက်ရောက်မှု များများရှိအောင် ကြိုးစားမယ့် သဘောတွေ့ရပါတယ်။ နေပြည်တော်ကို မသွားဘဲ ရန်ကုန်ကိုပဲ ရွေးခဲ့တယ်။ သမ္မတဦးသိန်းစိန်က သမ္မတအိုဘားမားကို ရန်ကုန်မှာတွေ့ရမှာပါ။ ဒါ့အပြင် ၁၉၈၈ ဒီမိုကရေစီအရေးအခင်းကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက်ပိုင်းမှာ ပိတ်ခဲ့တဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကို ရွေးချယ်ပြီး မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ တိုင်းပြည်မှာ လိုအပ်နေတဲ့ ပညာရေးကိစ္စကို သူရဲ့သမိုင်းဝင်မိန့်ခွန်းမှာ ထည့်ပြောကြားမှာ အမှန်ပါပဲ။ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံကို လာတဲ့ ပထမဆုံး သမိုင်းဝင်ခရီးမှာ နယ်ချဲ့ကိုရော ပြည်တွင်းဖြစ် စစ်အာဏာရှင်တွေရဲ့ဖိနှိပ်မှုကို အမြဲတမ်းဆန့်ကျင်ခဲ့တဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်မှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ပညာရေးအကြောင်းတွေကိုပြောမှာကိုတော့ သိပ်ဆန့်ကျင်စရာ မရှိဘူးလို့ပဲ မြင်မိပါတယ်။