နိုင်ငံ တနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ လူသား အရင်းအမြစ်က အဓိက ကျတဲ့နေရာက ပါဝင်ကြောင်း အခုအခါ လက်ခံလာကြပါတယ်။ သယံဇာတတွေ ဘယ်လောက်ပါများ ကြွယ်ဝပါစေ၊ ဒါတွေကို ထုတ်ယူသုံးစွဲနိုင်တဲ့ လူသားအင်အား မရှိဘူးဆိုရင် အဟောသိကံ ဖြစ်နေမှာ အမှန်ပါပဲ။ အဲဒီ လူသား အရင်းအမြစ်တွေဟာ နည်းပညာ အတတ်ပညာနဲ့ အသိတရားတွေ ယဉ်ကျေးမှုတွေ မြင့်မားနေတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ အဲဒီ လူ့အဖွဲ့အစည်း၊ အဲဒီနိုင်ငံ ဟာ ကမ္ဘာ့အလယ်မှာ ရင်ကော့ ခေါင်းမော့နိုင်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ရမှာ သေချာပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံက လူသားအရင်းအမြစ်တွေကို ဖွံ့ဖြိုးတိုးတက်အောင်၊ အခြေအနေ မြင့်မားအောင် ဘာတွေ ဆောင်ရွက်ကြမလဲ။ ပညာရပ်ဖွံ့ဖြိုးမှုတွေ၊ ပညာရေး တိုးတက်မြင့်မားရေးတွေ ဘယ်လိုပဲ နေနေ၊ ကျောင်းနေသင့်တဲ့ ကျောင်းနေရမယ့် ကျောင်းနေအရွယ် ကလေးငယ်တွေကို ကျနော်တို့ စာသင်မပေးနိုင်ဘူးဆိုရင် ကျနော်တို့ လူ့အဖွဲ့အစည်း ဟာ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတော့မှာပဲ။ ကျောင်းဖွင့်စမှာ ကလေးတွေ ကျောင်းထားရေးအတွက် စီမံကိန်းချ ဆောင်ရွက်နေတာ တွေ့ရလို့ ဝမ်းသာမိပေမေယ့် အမှန်အတိုင်းဝန်ခံရရင် တခြား စီမံချက်တွေလိုပဲ “ထင်သာထင် ၊ မဝင်ဘူး ကျောင်းအမရေ” အဆင့်မှာပဲ ရှိပါသေးတယ်။ (အနည်းဆုံး အလယ်တန်းအဆင့် ပညာရေးကို မသင်မနေရ ပညာရေးအဖြစ် လွှတ်တော်က ဥပဒေ ပြဌာန်းပြီး၊ ဥပဒေနဲ့အညီ တိကျ ထိရောက်အောင် အရေးယူ ဆောင်ရွက်သင့်ပါပြီ။)
တချို့နိုင်ငံတွေမှာတော့ ဒီကိစ္စကို မက်လုံးပေး ဆွဲဆောင်ပြီး ဖြစ်မြောက်အောင် လုပ်ကြတယ်။ ဥပမာ၊ ဆင်းရဲလှပါတယ် ဆိုတဲ့ ဟေတီနိုင်ငံမှာတောင် ကလေးကို ကျောင်းလွှတ်ပေးတဲ့ မိဘတွေကို လစဉ် ဒေါ်လာ ၂၀ လောက် ဆုကြေး အဖြစ် ထောက်ပံ့ပေးတယ်တဲ့။ အဲဒီ နည်းကို ဗင်နီဇွဲလား၊ ဘရာဇီးနဲ့ မက္ကဆီကို နိုင်ငံတွေမှာလည်း ဆောင်ရွက်နေတယ်။ (တခု ရှိသေး။ ဟေတီနိုင်ငံဟာ ၂၀၁၀ တုန်းက လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူတွေ တော်တော်သေပြီး လူသားအရင်းအမြစ် ဆုံးရှုံးခဲ့ ရတယ်။ အဲဒါတွေကို အစားထိုးဖို့ မျိုးဆက်သစ် လူငယ်တွေကို မွေးမြူနေတာ ဖြစ်ပါလိမ့်မယ်။) မြန်မာပြည်မှာရော မိဘတွေက ကလေးတွေကို ကျောင်းထားပေးချင်အောင် ကျနော်တို့ ဘယ်လို ဆောင်ရွက်ကြမလဲ။
မြန်မာပြည်မှာ ဆန်ရေစပါး ရှားပါးတဲ့ မ.ဆ.လ ခေတ်က ကိုယ့်ရင်သွေးကလေးကို ဆန်ဖိုးရအောင် ကိုယ်တိုင်လိုက်ရောင်း နေတဲ့ မိဘတွေ တွေ့ရဖူးပါတယ်။ အခုလည်း လမ်းပေါ်မှာ ကျပန်းလုပ်ကိုင် စားသောက်ပြီး အသက်မွေးနေတဲ့ ကလေး တွေ၊ လေလွင့်ပြီး တောင်းရမ်းစားသောက်နေတဲ့ ကလေးတွေ၊ ဒီ ကလေးတွေကို လေ့လာသူတွေက မေးမြန်းကြည့်တော့ မိဘတွေ ကိုယ်တိုင်က တောင်းရမ်းခိုင်းတာလို့ ပြောကြပါတယ်။ သတ်မှတ်ထားတဲ့ (ငွေ) စံချိန်မီအောင် မတောင်းနိုင်ရင် ထမင်းအငတ်ထားတာ၊ နှိပ်စက်ရိုက်နှက်တာ ခံကြရတယ်တဲ့။ အများစု ကလေးတွေ ကတော့ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ စားပွဲထိုး ပန်းကန်ဆေး လုပ်ကိုင်နေကြတာ တွေ့ရတယ်။ မြန်မာပြည်မှာ ၁၆ နှစ် မပြည့်ရင် အလုပ် မလုပ်ရ ဆိုတဲ့ ခိုင်မာတဲ့ ဥပဒေ ရှိနေပေမယ့် ဒီလို ကလေးသူငယ် အလုပ်သမားလေးတွေရဲ့ အရေးကိစ္စကို အရေးယူတဲ့သူ မရှိသေးတာလည်း အံ့သြစရာ ကောင်းပါတယ်။ ဆိုင်ရှင်တွေက ကလေးအလုပ်သမားတွေကို ပိုကြိုက်ကြ တယ်။ လစာ ပေးတဲ့အခါ လူကြီး အလုပ်သမားတွေထက် တဝက်ပဲ ပေးရတယ်။ အဲဒီ ကလေးတွေကို ဆူပူရိုက်နှက် ရင်လည်း ရတယ်။ မကြာခင်က သတင်းတပုဒ်မှာ အရွယ်မရောက်သေးတဲ့ ကလေးအလုပ်သမား တယောက်ကို ဆိုင်ရှင်က ရက်ရက်စက်စက် အပြစ်ပေး နှိပ်စက်လို့ သက်ဆိုင်ရာက အရေးယူလိုက်တဲ့ အကြောင်းပါ။
အပြည်ပြည်ဆိုင်ရာက အလုပ်သမားအဖွဲ့ (ILO) ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ ကလေး အလုပ်သမား အရေအတွက် ၂၁၅ သန်းရှိတယ်တဲ့။ အဲဒီ အထဲက ကလေး အလုပ်သမား သန်း ၁၀၀ ကျော်ဟာ အန္တရာယ်ရှိတဲ့ အလုပ်ခွင်တွေမှာ လုပ်ကိုင်နေကြရတယ်တဲ့။ မကြာခင်ကပဲ မြန်မာဂျာနယ် တစောင်မှာ အရွယ်မရောက်သေးတဲ့ ကလေး တယောက်ဟာ အင်္ဂတေ မီးဖိုကြီးကို ထမ်းပိုးပြီး ဝယ်ယူသူရဲ့ အိမ်အရောက် လိုက်ပို့ရာက ချော်လဲတော့ ခေါင်းပိမိပြီး အသက်ဆုံးရှုံး သွားတယ်ဆိုတာ ဖတ်လိုက်ရသေးတယ်။ တကယ်တော့ ဒီ အရွယ် ကလေးတွေဟာ ကျောင်းနေပြီး ပညာသင်ယူနေကြ ရမယ့် အရွယ်တွေပါ။ ဒီကလေးတွေ စာမတတ် ပေမတတ် အသိဉာဏ်မဲ့ပြီး ကြီးပြင်းလာရင် သူတို့ အနာဂတ်ဟာ ဘာတွေ ဖြစ်လာမလဲ၊ ဖြစ်သွားမလဲ။ သူတို့ဟာ နိုင်ငံရဲ့ အနာဂတ် အရင်းအမြစ်တွေ ဖြစ်တော့ နိုင်ငံ့ အနာဂတ်ဟာ ဘာဖြစ်မလဲလို့ မေးခွန်းထုတ် ရင်လည်း မမှားဘူး။
စာရင်းဇယား တခုအရ ကမ္ဘာပေါ်မှာ ကလေး သန်း ၂၀၀၀ ကျော်ရှိတယ်။ ၅၀ ရာခိုင်နှုန်းသော ကလေး သန်း ၁၀၀၀ ကျော်ဟာ ဆင်းရဲတဲ့ ဘဝနဲ့ နေထိုင်နေကြရတယ်။ သန်း ၆၄၀ က အိုးအိမ်မရှိတဲ့ လေလွင့် ကလေးငယ်တွေနဲ့ ဒုက္ခသည် စခန်းတွေက ကလေးငယ်တွေပါ။ (လက်ရှိ ကျနော်တို့ နိုင်ငံက ကချင်ပြည်နယ်နဲ့ ရခိုင် ပြည်နယ်က ဒုက္ခသည် စခန်းတွေမှာ ကလေးအရေအတွက် ဘယ်လောက်ရှိပြီလဲ။ သူတို့ ကျောင်းမတက်နိုင်ကြဘူး။ ကချင်ပြည်နယ်မှာဆို တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်နေတော့ ဆယ်တန်း စာမေးပွဲ ဖြေဆိုဖို့တောင် ကလေးတွေမှာ အခက်အခဲ ဖြစ်နေပါတယ်။ ဒီတော့ နှစ်ဘက်စလုံးက ဆယ်တန်း စာမေးပွဲ ဖြေဆိုရမယ့် ရက်တွေမှာ လုံး၀ အပစ်အခတ် ရပ်စဲတဲ့ သဘောတူ ကျေညာချက်တွေ ထုတ်ပြန်ဖို့ ကောင်းပါတယ်။)
ဆက်ပြီး ပြောရရင် အဲဒီ သန်း ၁၀၀၀ ကျော်ထဲက ကျန်တဲ့ သန်း ၄၀၀ လောက်ဟာ ရေကောင်း ရေသန့် မသောက်ကြရဘူး။ သန်း ၂၅၀ လောက်က ဆေးကုသခွင့် မရကြဘူး။ ကဲ ဘယ်လောက် ရင်နာစရာ ကောင်းသလဲ။ ကျနော်တို့ ကမ္ဘာကြီးဟာ စစ်အသုံး စရိတ်နဲ့ ဝန်ပိနေတယ်။ တကမ္ဘာလုံး စစ်အသုံးစရိတ်ရဲ့ ၁ ရာခိုင်နှုန်းလောက်ကို လျှော့ချလိုက်မယ် ဆိုရင်တောင် ကမ္ဘာပေါ်က ကလေးတိုင်း ကျောင်းနေဖို့ စရိတ် လုံလောက်တယ်တဲ့။ ကျနော်တို့ နိုင်ငံမှာလည်း စစ်အသုံးစရိတ်နဲ့ ပညာရေး အသုံးစရိတ်က တော်တော်ကွာဟ နေပါတယ်။
ကျနော်တို့ နိုင်ငံမှာ ၁၆ နှစ်အောက် လေလွင့်နေတဲ့ ကလေးတွေကို အသက်အရွယ်အလိုက် လူမှုဝန်ထမ်းဌာန လက်အောက်မှာ ရှိတဲ့ လူငယ်သင်တန်းကျောင်းတွေကို ပို့ပြီး စောင့်ရှောက်ပေးတဲ့ အစီအစဉ် ရှိပါတယ်။ ဒါနဲ့ မလုံလောက် ပါဘူး။ အခုဆို ဒီလို စောင့်ရှောက်ပေးတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပေါ်ပါက်လာပါတယ်။ အဲဒီ ကလေးဂေဟာတွေ မှာ နေ့စဉ် ရောက်ရှိခိုလှုံတဲ့ ကလေးတွေ ရှိတယ်။ သူတို့ကို ထမင်းကျွေးတယ်၊ မုန့်ကျွေးတယ်၊ စာသင်ကြားပေး တယ်။ ဒါက နာတာရှည်ရောဂါကို ဆေးမြီးတိုနဲ့ ကုသတဲ့ သဘောပါပဲ။ အနာဂတ် စီမံကိန်းတွေ ချပြီး တိတိကျကျ ဆောင်ရွက်ရမယ့် အခြေအနေ ရောက်နေပါပြီ။ နိုင်ငံတော်မှာ ကလေးလူ့ အခွင့်အရေး ကော်မတီဆိုပြီး သီးသန့်ဖွဲ့ ဆောင်ရွက်ရမလို ဖြစ်နေတယ်။ သူတို့ကို ကယ်တင်တာဟာ နိုင်ငံတော်ရဲ့ အနာဂတ်ကို ကယ်တင်တာနဲ့ အတူတူပါပဲ။
(သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေး ဆရာ တဦးဖြစ်သည်။)