ကလေးများကို ပြုစုပျိုးထောင်ပေးခြင်းဟာ အနာဂတ် လူ့အဖွဲ့စည်းတခုကို ပုံသွင်းပျိုးထောင်ပေးခြင်းပါပဲ။ ကျမတို့ရဲ့ အနာဂတ် လူ့အဖွဲ့စည်းကြီးထဲမှာ လူကြီးလူကောင်း စိတ်ဓာတ်တွေ လူတိုင်းလူတိုင်းမှာ ရှိလာစေဖို့အတွက် ကလေးအရွယ် ငယ်ကတည်းကိုက လူကြီးလူကောင်း စိတ်ကလေးတွေ ကလေးတို့ဆီမှာ ကပ်ငြိနေအောင်လို့ လုပ်ပေးကြရမှာပါ။
လူကြီးဖြစ်လာမယ့် လူမှု အဖွဲ့အစည်းထဲကို ဝင်ရမယ့် ကလေးများကို လူကြီးလူကောင်းစိတ်တွေ ဝင်လာအောင်လို့ မိဘ၊ဆရာများ ဘယ်လိုထိန်းကျောင်း ပြုစုပေးရမယ် ဆိုတာကို ကျမ ဒီတပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ကျမတို့ရဲ့ လူမှု အဖွဲ့အစည်းထဲမှာ လူတော်တွေ များကြပါတယ်။ ဒါပေမယ့် လူကြီးလူကောင်းစိတ်တွေ ဖြစ်တဲ့ မျှတစွာ တွေးတတ်သူ၊ ကိုယ်လုပ်တဲ့ အလုပ်ကို ရဲဝံ့စွာ တာဝန်ယူတတ်သူ၊ အမှားကို ဝန်ခံတတ်သူ များကတော့ အလွန်ပဲ နည်းလှပါတယ်။ အထူးသဖြင့် အကြောက်နဲ့ အုပ်ချုပ်ရတဲ့ လူ့အဖွဲ့အစည်းမှာ၊ အကြောက်နဲ့ အုပ်ချုပ်တဲ့ မိသားစုများမှာ၊ အကြောက်နဲ့ အုပ်ချုပ်တဲ့ စာသင်ခန်းများမှာတော့ ကြောက်ရခြင်းသာ ကြီးစိုးနေတာမို့ လူကြီးလူကောင်း စိတ်ဓာတ် ရှင်သန်ဖို့ဆိုတာ အင်မတန်မှ မလွယ်ကူလှပါဘူး။
ကျမ အနေနဲ့ကတော့ ကလေးကို ပြုစု ပျိုးထောင်တဲ့ နေရာမှာ တုတ်ကိုင်ပြီးတော့၊ ခြိမ်းခြောက်ပြီးတော့ စည်းကမ်း လိုက်နာ ခိုင်းတာကို မှန်ကန်တဲ့ ဆုံးမမှုလို့ မယူဆပါဘူး။ အကြောက်တရားနဲ့ မတရားမှုကို မကျူးလွန်အောင်လို့ တားမြစ်ခြင်းဟာ မကြောက်ရမယ့် နေရာ၊ မကြောက်ရမယ့် အချိန်ကို ရောက်လာတဲ့ အခါမှာတော့ မတရားမှုကို ကျေကျေနပ်နပ်ကြီး ကျူးလွန်တတ် လာပါတော့တယ်။ အကြောက်တရားကြောင့် မတရားမှုကို မကျူးလွန်တာ မဟုတ်ဘဲနဲ့၊ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုလေးစားလို့၊ ကိုယ့်ပတ်ဝန်းကျင်ကို မညစ်နွမ်းစေချင်လို့ မကျူးလွန်တဲ့ လူမျိုးတွေမှာတော့ဖြင့် ဘယ်နေရာ ရောက်ရောက်၊ ဘယ်ကိုပဲ ရောက်ရောက်၊ ဘာအကြောင်းနဲ့ ဖြစ်ဖြစ် မတရားမှုကို လုံး၀ မကျူးလွန်တတ်ကြပါဘူး။
ကိုယ့်ကိုယ်ကိုယ် ကြည်ညိုလေးစား တတ်တဲ့၊ လူကြီးလူကောင်း စိတ်ကလေးတွေ ရှိတဲ့ လူကြီးတွေ ဖြစ်လာစေဖို့ အတွက် တုတ်မကိုင်ဘဲနဲ့ ကလေးတို့ကို ဘယ်လို ပြုစုစောင့်ရှောက် ကြမလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။
ကတိတည်ပါ၊ ပြောတဲ့အတိုင်း လုပ်ပါ
ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများကတော့ဖြင့် ကလေးကို လွယ်လွယ်ပဲ နားအေးအောင်လို့ ပြောတတ်ကြပါတယ်။
“ဖေဖေ မုန့်ဝယ်ခဲ့” ဆိုရင်လည်း “အေးအေး” လို့ လွယ်လွယ်ပဲ ကတိပေးပြီးတော့ မေ့နေတတ်ကြပါတယ်။ အဲဒီလိုပဲ အပြင်သွားရင် အရုပ်မပူဆာနဲ့ ဝယ်မပေးဘူးလို့ ပြောထားပေမယ့်လည်း ကလေးက အရုပ်လိုချင်လို့ အော်ဟစ်ငိုယိုတဲ့ အခါမျိုးမှာတော့ ကလေးရဲ့ အငိုဒဏ်ကို မခံနိုင်တော့ဘဲနဲ့ ဝယ်ပေးတတ်ကြပါတယ်။
အဲဒီလို ကလေးကို ကတိပေးပြီးတော့ ကလေးပဲရယ်လို့ လွယ်လွယ်နဲ့ မေ့ပစ်လိုက်ကြတာ မျိုးဟာ ကလေးတို့ကို စကား မတည်အောင်၊ ကတိပေးပြီးရင် ဒီလိုပဲ လွယ်လွယ်နဲ့ ဖျက်ပစ်လို့ ရတယ်လို့ ထင်သွားအောင်လို့ သင်ကြားပေးနေသလိုပါပဲ။ အရုပ်ကို သူငယ်ချင်းနဲ့ ဝေမျှပြီး အတူတူကစားရင် ပန်းခြံကို လိုက်ပို့မယ်လို့ ကလေးကို ကတိ ပေးထားတယ်ဆိုပါတော့ …ကိုယ်ပြောထားတဲ့ ကတိအတိုင်းပဲ ကလေးကို ပန်းခြံလိုက်ပို့ ပေးရပါမယ်။ ကလေးကို ကတိပေးထားပြီးရင် ပေးထားတဲ့ အတိုင်း ကတိ တည်ခြင်းဟာ သူတို့လေးတွေရဲ့ ရင်ထဲက ယုံကြည်မှုကိုပါ ရစေသလို၊ ကတိ တည်တတ်တဲ့ လူကြီးလူကောင်း စိတ်ကလေးကိုပါ ဖွံ့ဖြိုးလာအောင်လို့ အစပြု ပျိုးတောင်ပေးရာလည်း ရောက်စေပါတယ်။
အဲဒီလိုပဲ “ဒါမလုပ်နဲ့၊ လုပ်ရင် … ဘာမလုပ်ပေးဘူးလို့” ပြောထားတယ် ဆိုပါတော့။ ကလေးကို ပြောထားမိတဲ့ အတိုင်း တိတိကျကျ လုပ်ဖို့ လိုပါတယ်။
စည်းကမ်း
မိဘတယောက်၊ ဆရာ တယောက်ရဲ့ တာဝန် ဝတ္တရားတွေထဲမှာ အရေးအကြီးဆုံး ဝတ္တရားတခုကတော့ ကလေးကို အသက်အရွယ်အလိုက် စည်းကမ်းပေးခြင်းပါပဲ။ ကလေးတို့ရဲ့ အပြုအမူလေးတွေ လိမ်မာ ယဉ်ကျေးလာအောင်လို့ ထိန်းကျောင်းပြုပြင်ပေးဖို့ လိုသလို၊ လူ့လောက အတွင်းကို ဝင်ရမယ့် လူကြီးလေးတွေ အဖြစ် ကလေးဘ၀ ကတည်းက ဘယ်ဟာကိုတော့ လုပ်ရမယ်၊ ဘယ်အရာကိုတော့ မလုပ်ရဘူး ဆိုတာကို နားလည်အောင်လို့ သင်ကြားပေးဖို့ လိုပါတယ်။ အိမ်တွင်း စည်းကမ်းများဟာ တကယ်တော့ အိမ်တွင်း ဥပဒေများ ပါပဲ။ ကလေးကို အိမ်တွင်းစည်းကမ်းတွေ အကြောင်းပြောတဲ့ အခါမှာ ဘယ်ဟာကိုတော့ ဘာကြောင့် မလုပ်သင့်ဘူး ရယ်လို့ ကလေး သိအောင် ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုပါတယ်။
ဥပမာ – ကလေးက အိမ်ထဲမှာ လျှောက်ပြေးနေတယ် ဆိုပါတော့ …။ “သားရေ … အိမ်ထဲမှာ လျှောက်မပြေးနဲ့၊ အိမ်ထဲမှာ ခုံတွေရှိတော့ ခုံနဲ့တိုက်မိပြီး သား ဒဏ်ရာရနိုင်တယ်။ တကယ်လို့ သားပြေးချင်တယ် ဆိုရင်တော့ ခြံထဲမှာ ဆင်းပြေးနော်” လို့ ပြောရပါမယ်။
တကယ်လို့ ကလေးက မလုပ်သင့်တဲ့ အရာတခုခုကို လုပ်ပြီ ဆိုပါတော့။ အဲဒီလို လုပ်တာ ဘာကြောင့် မှားတယ် ဆိုတာရယ်၊ဘယ်လို လုပ်သင့်တယ် ဆိုတာရယ်ကိုပါ ကလေးကိုရှင်းပြဖို့ လိုပါတယ်။ ဥပမာ – ကလေး က အိမ်မှာမွေးထားတဲ့ ကြောင်လေးရဲ့ အမြီးကို ဆွဲနေတယ် ဆိုပါတော့။ အဲဒီလို အခါမျိုးမှာ ကလေးကို တဟဲ့ဟဲ့နဲ့ အော်နေမယ့်အစား “သမီး ကြောင်လေး အမြီးကို ဆွဲရင် ကြောင်လေး နာသွားမှာပေါ့။ ကြောင်လေးကို ချစ်ရင် ဒီလိုပွတ်ပေးနော်” ဆိုတာမျိုးနဲ့ အစားထိုး သင်ကြား ပေးရပါမယ်။ ကလေးက သင်ပေးတဲ့ အတိုင်း ကြောင်လေးကို ပွတ်ပေးမယ်ဆိုရင်တော့ ကလေးကို ချီးကျူးဖို့ မမေ့ရပါဘူး။
ကလေးတို့ကို စည်းကမ်းပေးတဲ့ အခါမှာ သူ့အရွယ်နဲ့သူ လိုက်ဖက်တဲ့ စည်းကမ်းမျိုးပဲ ဖြစ်ရပါမယ်။ ကလေးသဘာ၀ ကစားတာ၊ ဆော့တာကို မဆော့နဲ့၊ ငြိမ်ငြိမ်ထိုင်နေလို့ ပြောတာမျိုး၊ ကွင်းထဲမှာ ဘောလုံးကန်တာကို ကန်ရကောင်းလား ရယ်လို့ ခေါ်ရိုက်တာမျိုးကတော့ စည်းကမ်းမဟုတ်ပါဘူး။ ရက်စက်မှုလို့တောင်မှ ခေါ်လို့ရပါတယ်။ ပြီးတော့ သုံးလေး နှစ်အရွယ် ဆွဲလွဲတတ်တဲ့ ကလေး အနားမှာ တန်ဖိုးရှိတဲ့ ပစ္စည်း၊ ကွဲနိုင်တဲ့ ပစ္စည်းတွေ မထားရပါဘူး။ ကလေး ဆိုတာမျိုး ကတော့ ဆွဲတတ်ကြတာချည်းပါပဲ။ သုံးနှစ်ကလေးကို ဟိုမဆွဲရ၊ ဒီမဆွဲရ ဆိုပြီးတော့ စည်းကမ်းလုပ်လို့ မရပါဘူး။
ကလေးကို မလုပ်ရဘူး ရယ်လို့ မပြောခင် ကိုယ့်ဘာသာ သေချာစဉ်းစား သင့်ပါတယ်။ တကယ် မလုပ်သင့်တဲ့ အရာကို မလုပ်ရဘူးလို့ ကလေးကို ပြောပြီးရင် ပြောတဲ့အတိုင်း ကလေးကို တကယ်မလုပ်ခိုင်းဖို့ လိုပါတယ်။ ဆိုလိုချင်တာက ကိုယ်ပြောလိုက်တဲ့ စကားအတိုင်း လိုက်နာဖို့ပါ။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ မလုပ်နဲ့လို့ ပြောပြီးတော့ ကလေး ဂျီကျတိုင်း လိုက်လုပ် ပေးနေမယ်ဆိုရင်ဖြင့် ကိုယ်ပြောလိုက်တဲ့ မလုပ်ရဘူးဆိုတဲ့ စကားဟာ လုပ်ကောင်းလုပ်လို့ရမယ် ဆိုတဲ့ အဓိပ္ပာယ်လို့ ကလေးတို့ ယူဆသွားနိုင်ပါတယ်။
ကလေးများနဲ့တာဝန်ယူမှု
လူကြီးလူကောင်း စိတ်ဓာတ်မှာ တာဝန်ယူမှုဟာ အဓိက နေရာက ပါဝင်ပါတယ်။ ကလေးတို့ကို ကိုယ့်တာဝန် ကိုယ်ယူတတ်စေဖို့အတွက် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးဖို့ လိုပါတယ်။ ကျောင်းနေတဲ့ ကလေး အရွယ်ကတော့ အိမ်စာပေါ့။ ကျောင်းက ပါလာတဲ့ အိမ်စာကို ဘယ်တော့မှ လူကြီးက လိုက်မလုပ်ပေးရပါဘူး။ သူ့ဘာသာသူ လုပ်ခိုင်းရပါမယ်။
ကျမတို့ နိုင်ငံက မိဘတချို့က ကလေးကို ဆရာမ မရိုက်အောင်၊ မဆူအောင် ရယ်လို့ ဆရာ၊ ဆရာမကို လက်ဆောင်တွေ ပေးကြ၊ လုပ်တတ်ကြ ပါတယ်။ ဒါဟာ ကလေးတို့ရဲ့ တာဝန်ယူစိတ်နဲ့ တကိုယ်ရေသီးခြား ရပ်တည်နိုင်တဲ့ စိတ်တွေကို ချို့ယွင်းသွားအောင်လို့ လုပ်လိုက်တာပါပဲ။ အင်မတန် မှားယွင်းတဲ့ အပြုမူပါ။ နောက်တခုက ကိုးတန်း ဆယ်တန်းမှာ အမှတ်ကောင်း အောင်ရယ်လို့ စာကျက်အကူ ခေါ်ကြတာပါပဲ။ စာကျက်အကူက ကျက်ရမယ့် စာတွေကို နုတ်ထုတ်ပေး၊ နှုတ်ကနေ တိုက်ရိုက် လိုက်ကျက်ပေးနဲ့ လုပ်ပေးကြပါတယ်။ ကိုယ့်ဘာသာ ကျက်ရ၊ နုတ်ထုတ်ရ၊ တွက်ရမယ့် စာတွေကို စာကျက်အကူရဲ့ အပေါ် တာဝန်လုံးလုံး ပေးပြီးတော့ နေကြတာမျိုးဟာ တွေးကြည့်မယ် ဆိုရင်တော့ ဆယ်ကျော်သက် အရွယ် ကလေးတယောက်ရဲ့ တာဝန်ယူစိတ်ကို ရိုက်ချိုးလိုက်တာပါပဲ။
ကလေးတယောက် တာဝန်ယူဖို့ အတွက် တာဝန်ပေးဖို့လည်း လိုပါတယ်။ ကလေးနိုင်တဲ့ အိမ် အလုပ်လေးတွေကို ကလေးကို လုပ်ခိုင်းတာမျိုး။ ဥပမာ – ကြောင်လေးကို အစာကျွေး ခိုင်းတာမျိုးက အစ ကလေးကို လုပ်ခိုင်းရပါမယ်။
အလုပ်မဖြစ်တဲ့ ပြစ်တင်ဝေဖန်ခြင်း
အပြစ်တင် ဝေဖန်တယ် ဆိုတာဟာ တကယ်တော့ တော်တော်လေးကိုမှ အလုပ်မဖြစ်တဲ့ အရာပါ။ မိဘရဲ့ ပြစ်တင် ဝေဖန်မှုကို အမြဲခံနေရတဲ့ ကလေးဟာ သူ့ကိုယ်သူ သိမ်ငယ်စိတ် ဝင်လာစေသလို၊ သူဟာလည်း သူများကို ပြစ်တင် ဝေဖန်ဖို့ ဝန်မလေး တတ်တော့ပါဘူး။
ကျမတို့ဟာ ကလေးကို ကိုယ်မကြိုက်တဲ့ အပြုအမူတွေကို တွေ့တိုင်း ပြစ်တင်ဝေဖန်မယ့်အစား ကလေး ပြင်ဆင်ဖို့အတွက် အခွင့်လေး ပေးကြည့်မယ် ဆိုရင်ဖြင့် ကလေးရော မိဘပါ စိတ်ချမ်းသာ စေရမှာပါ။ ပြီးတော့ အမှားကိုဝန်ခံတတ်တဲ့၊ မှားရင် ချက်ခြင်းပြင်ရဲတဲ့ လူကြီးလူကောင်း စိတ်ဓာတ်လေးကိုလည်း သွင်းပေးရာ ရောက်ပါတယ်။ ဥပမာ – ကလေး မှောက်လိုက်လို့ ဖျော်ရည် ဖိတ်သွားတယ် ဆိုပါစို့။ ကလေးကို ပြစ်တင်ဝေဖန်မယ့် အစား မှောက်သွားတဲ့ ဖျော်ရည်ကို အဝတ်လေး ယူပြီးတော့ သုတ်ဖို့ ကလေးကို လုပ်ခိုင်းရပါမယ်။
ယဉ်ကျေးပါစေ
လူ့အသိုင်းအဝန်း ထဲကို ဝင်တဲ့အခါမှာ လူအချင်းချင်း အနှောင့်အယှက် မဖြစ်စေဖို့အတွက် ယဉ်ကျေးမှု ဆိုတာ လိုပါတယ်။ လူအချင်းချင်း ဆက်ဆံကြတဲ့ အခါမှာ တယောက်နဲ့ တယောက် လေးစားတတ်ဖို့၊ မစော်ကားမိစေဖို့ အတွက် နှုတ်အမူအရာ၊ကိုယ်အမူအရာ အားဖြင့် ယဉ်ကျေးဖွယ်ရာဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစား၊ တန်ဖိုးထား တတ်သူများဟာ သူများကို လည်း မစော်ကား တတ်ကြပါဘူး။
ကလေးတို့ကို ယဉ်ကျေးစေလိုသူ မိဘများ အနေနဲ့ သတိပြုရမှာက ကလေးဆိုတာမျိုးဟာ ကိုယ့်ကို အမြဲပဲ အတုခိုး နေတယ် ဆိုတာကိုပါပဲ။ ကလေးကို ရိုင်းရိုင်းစိုင်းစိုင်း မပြောစေချင်ရင်ဖြင့် ကလေးရှေ့မှာ ကိုယ်ကလည်း ရိုင်းရိုင်းစိုင်းစိုင်း မပြောမိဖို့ လိုပါတယ်။ စကားပြောတဲ့ အခါမှာ ကလေးကို ဖြတ်မပြော စေချင်ရင် ကလေး စကားပြောနေတဲ့ အခါမှာလည်း လူကြီးက ဖြတ်မပြောမိဖို့ လိုပါတယ်။ အဲဒီလိုပဲ … ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို ကလေး သုံးတတ်စေဖို့အတွက် ကလေး တခုခု ကိုယ့်ကို လာပြီးတော့ လုပ်ပေးတိုင်း ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို လူကြီးက သုံးပေးဖို့ လိုပါတယ်။
လူကြီးလူကောင်း စိတ်ဆိုတာ လူ့လောကအတွက် အင်မတန်မှ အသုံးဝင်တဲ့ စိတ်ပါ။ လူ့အသိုင်းအဝန်းထဲမှာ မဟုတ်တာ၊မမှန်တာကို မလုပ်ဘူး ဆိုတဲ့ စိတ်မျိုး ရှိတဲ့လူတွေ များလာစေဖို့အတွက် ကလေးတို့ကို ငယ်ငယ်ကတည်းက လူကြီးလူကောင်း စိတ်လေးတွေ ရှိလာအောင်လို့ မွေးမြူပေးဖို့ လိုပါတယ်။ လူကြီးလူကောင်း စိတ်တွေများတဲ့ ကလေးတွေ များလာမယ် ဆိုရင်ဖြင့် လူကြီးလူကောင်းစိတ်တွေ ရှိတဲ့ လူကြီးတွေ များလာမှာပါပဲ။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့၊ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုတဲ့ လူကြီးလူကောင်းတွေ များလာစေဖို့အတွက် ကလေးတို့ကို လူကြီးလူကောင်း စိတ်ကလေးတွေ သွင်းပေးကြရအောင်ပါ။
(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)