တချို့က ကမ္ဘာ့သမိုင်းကို စစ်ပွဲများ၏ သမိုင်းဟု ရှုမြင်ကြသည်။ ငြိမ်းချမ်းရေး ဆိုသည်မှာ စစ်နှင့် စစ်ရပ်စဲထားသော ကာလကို ခေါ်သည်ဟု ဆိုကြသည်။
ကမ္ဘာပေါ်တွင် စစ်ပွဲ အလီလီ ဖြစ်ကြရာတွင် အကြောင်းရင်းခံမှာ အမျိုးမျိုးပင် ဖြစ်သည်။ ဘုရင်က ဘုန်းလက်ရုံး ဆန့်တန်းလို၍ (ဥပမာ – ဂျင်ဂစ်ခန်၊ အလက်ဇန္ဒာ သည်ဂရိတ် စသည်ဖြင့် …) အင်ပါယာ လက်နက် နိုင်ငံတော်ကြီး ထူတောင်ရန် စစ်ခင်းကြသည်။ တချို့က စီးပွားရေး အလို့ငှာ (ဥပမာ – ကုန်ကြမ်းယူ၍ ကုန်ချောရောင်းရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ခဲ့သော ကိုလိုနီနယ်ချဲ့စစ်)၊ ထို့နောက် အယူဝါဒ ပြန့်ပွားလိုသဖြင့် (ဆိုဗီယက်က ချက်ကိုစလိုဗက်ကို ကျူးကျော်ခြင်း) ခင်းရသောစစ်။ အယူဝါဒ ဆိုရာ၌ နိုင်ငံရေး သာမဟုတ် ဘာသာရေးလည်း ပါဝင်ပေသည်။
ဥပမာ – ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော ခရူးဆိတ် (Crusade) စစ်ပွဲများ။ တပ်ခ် (တူရကီ) အစ္စလမ် ဘာသာဝင်များက ဂျေရုစလင်ကို သိမ်းပိုက်မိသောအခါ ဥရောပရှိ ခရစ်ယာန်များနှင့် ထိပ်တိုက်တွေ့ရသည်။ ဂျေရုစလင်သည် သူတို့အတွက် Holy Land (မြင့်မြတ်သော မြေ)၊ သူတို့ ကိုးကွယ်သော ယေရှုခရစ် ဖွားမြင်ရာ အရပ်၊ ထိုအရပ်သို့ ဘုရားဖူး ရောက်ရှိလာသော ခရစ်ယာန် များကို အစ္စလမ် ဘာသာဝင်များက နှိပ်စက် စော်ကားမှုများ ပြုသဖြင့် ပုတ်ရဟန်းမင်းထံ အကူအညီတောင်းသည်။ ထိုစဉ်က ပုတ်ရဟန်းမင်း ဖြစ်သော ဒုတိယမြောက် အာဘန်းက ဥရောပရှိ ဘုရင်များအား အကူအညီတောင်းကာ ဂျေရုစလင်ကို ပြန်လည်တိုက်ခိုက်ရာမှ ဘာသာခြားများ အကြား ခင်းရသော ခရူးဆိတ်စစ်ပွဲ ဖြစ်လာရသည်။ ထိုစစ်ပွဲသည် ၁၀၉၅ မှ ၁၂၉၁ အထိ အနှစ် ၂၀၀ တိုင် ကြာမြင့်ခဲ့လေသည်။
ကမ္ဘာတွင် မူဂျာဟစ်ဒင်တို့နှင့် ပတ်သက်၍ ဂျီဟတ် (Jihad) စကား ခေတ်စားလာ၏။ ထိုစကားလုံးကို ကိုရ်အန်ကျမ်းတွင် ၄၁ ကြိမ်တိတိ ဖော်ပြထားတာကို တွေ့ရသည်။ အဓိပ္ပာယ်မှ “ဘုရား၏ လမ်းစဉ်အတိုင်း နေထိုင်ခြင်း” (Al-Jihad Fi Sabil Allah) ဟူ၍ ဖြစ်သည်။ ထို ဂျီဟတ် လမ်းစဉ်ကျင့်သုံးသူကို Mujahid (မူဂျာဟစ်) ဟုခေါ်သည်။ အများစု အနေဖြင့်မူ မူဂျာဟစ်ဒင်ဟု ခေါ်သည်။ ဂျီဟတ် နှစ်မျိုးရှိရာ အဆင့်မြင့် ဂျီဟတ် (Greater Jihad) မှာ အတွင်းစိတ်ဝိညာဉ် အားထုတ်မှုကို ခေါ်၍ (Lessen Jihad) မှာမူ အပြင် ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုကို ဆိုလိုသည်။ Lessen Jihad တို့သည် မွတ်စလင်၏ ရန်သူများကို တိုက်ခိုက်ရန် တာဝန်ယူရသည်။ သူတို့သည် နည်းနှစ်နည်းဖြစ်သော သွေးထွက်သံယိုနည်း (A Violent Farm) နှင့် အနုနည်း ဆိုသော (Non – Violent Farm) ကို အသုံးပြုကြသည်။ စာပေနှင့် ဝါဒဖြန့်ချိနည်းမှာ (Jihad Of The Pen) အကြမ်းမဖက် နည်း ဖြစ်သည်။ သွေးထွက်သံယိုနည်းမှ အသေခံ ဗုံးခွဲ တိုက်ခိုက်သော Sucide Bomber တွေကို မွေးထုတ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်ထံတော်မှာ အမှုထမ်းခြင်း (Duty toward God) ဟု ဆိုကြသည်။
အမှန်တကယ်အားဖြင့် ဘာသာတရား အတော်များများသည် မေတ္တာတရားပေါ် အခြေခံသည်ဟု ယုံကြည်သည်။ လူမျိုး ဘာသာ အယူဝါဒ မည်သို့ပင် ကွဲပြားပါစေ လူသည် လူသာ ဖြစ်သည်။ လူသားတိုင်း အပြန်အလှန် လေးစား၊ အပြန်အလှန် စာနာထောက်ထားရန် လူသားတိုင်းမှာ တာဝန်ရှိသည်။ ဘာသာတရားကို အကြောင်းပြု၍ စစ်ပွဲများ ဖြစ်ပွားခြင်း၊ သွေးထွက်သံယို သေကြေပျက်စီးခြင်းများ မဖြစ်သင့်။
ယနေ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို နှောင့်နှေး နှောက်ယှက်မှု ပြုသလို ဆူပူ လှုပ်ရှားမှု အမျိုးမျိုး ပေါ်ထွန်းနေလျက်ရှိစဉ် မိတ္ထီလာ အရေးအခင်းမှာ ဘာသာရေး ပဋိပက္ခ အသွင်သို့ ကူးပြောင်းလာသည်ကို တွေ့မြင်နေရ လေရာ ယင်းမှာ ကောင်းသည့် လက္ခဏာတရပ် မဟုတ်ဟု ထင်မြင်မိပေသည်။ လူတိုင်းတွင် မိမိတို့ ယုံကြည်ရာ ဘာသာအား လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အတိအလင်း ခွင့်ပြုထားပြီး ဖြစ်သည်။
ငါ့ဘာသာမှ ငါ့ဘာသာ၊ ကျန် ဘာသာဝင်များမှာ မိစ္ဆာဒိဋ္ဌိ ဟု တယူသန်အစွဲ ကြီးနေကြလျှင် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမှာ ဘယ်သောအခါမှ ဖြစ်နိုင်မည် မဟုတ်။ အိမ်ရှင်ကလည်း ကိုယ့်မြေပေါ် လာနေသူများ အပေါ် ဧည့်သည်လို သဘောထားကာ ဧည့်ဝတ်ကျေပွန် ရမည် ဖြစ်သကဲ့သို့ အိမ်ကို စော်ကားသော အမူအကျင့်များကိုလည်း ဧည့်သည်က မပြုအပ်။ ဤ မိတ္ထီလာ ပြဿနာမှာ ရခိုင်ဒေသ အရေးအခင်းနှင့် သွယ်ဝိုက် ဆက်နွယ်နေသည်။ သို့သော် ကျနော်တို့က ယင်း ကိစ္စရပ်များကို တကွဲတပြားစီ ရှုမြင်ကာ သင့်တော်သလို ဖြေရှင်းပါမှ ပြဿနာ ပြေလည်နိုင်မည်။
ရခိုင်နှင့် ပတ်သက်သော တခြားဒေသမှ တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင်များက ပြဿနာ တခုဖြစ်သည်။ ရခိုင်ဒေသခံများနှင့် ပြဿနာဖြစ်ကြသည်မှာ မွတ်စလင်များ ဖြစ်သဖြင့် မိတ္ထီလာ ပြဿနာကဲ့သို့ မွတ်စလင်များကို နှိပ်ကွပ်မည် ဆိုသော အယူအဆမှာ ကြွက်မနိုင် ကျီ မီးနဲ့ရှို့တဲ့ ကိန်းမျိုး ဆိုက်နေလေသည်။ ဘာသာခြား အချင်းချင်း အတူယှဉ်တွဲ နေထိုင်ရေးမှာ တရားမဝင် အခြေချ ဝင်ရောက် နေထိုင်ခြင်းနှင့် မပတ်သက်။ ထို့အတူ ထိုအမှုအခင်း ဖြစ်စဉ် အကြမ်းဖက် ခြင်းများသည်လည်း ရှေ့က ဆိုပြီးသော အကြောင်းတရားများနှင့် မပတ်သက်။ အပြန်အလှန် အကြမ်းဖက်ကြသော မည်သူ့ကို မဆို တရားဥပဒေကြောင်း အရ ထိရောက်စွာ အရေးယူရမည်သာ ဖြစ်သည်။
၁။ အကြမ်းဖက်ခြင်း၊ ၂။ ရိုဟင်ဂျာ (တရားမဝင် ဝင်ရောက် အခြေချ နေထိုင်ခြင်း)၊ ၃။ ဘာသာရေး ပဋိပက္ခ စသည့် ၃ ခုစလုံးကို ရောထွေးသုံးသပ်ကာ အဖြေတခု ရှာခြင်းသည် ဖြစ်နိုင်သော ကိစ္စမဟုတ်။ အဖြေမှန်လည်း မဟုတ်။ သီးခြားစီ ကိုင်တွယ် ဖြေရှင်းရမည့် ပြဿနာသာ ဖြစ်သည်။ ဒီကြားထဲ ပွဲလန့်တုန်း ဖျာခင်းချင်သည့် အဖွဲ့အစည်း တချို့၏ ပယောဂ ကိုလည်း သတိထားရဦးမည်။ ပုထုဇဉ်တို့ သဘောအရ ဒေါသအလျောက် အပြစ်ကျူးလွန်မှုများ နှစ်ဘက်စလုံးမှာ ရှိနိုင်ပေသည်။ ဒါကို အပြန်အလှန် ခွင့်လွှတ်နိုင်ကြရမည်။ ပြီးလျှင် ရေရှည် အတူတကွ ပူးတွဲ နေထိုင်ရေး အတွက် ယုံကြည်မှု အသစ်များ ပြန်လည် တည်ဆောက်ရမည်။
ထိုသို့ ဆောင်ရွက်ရန်မှာ အစိုးရမှာသာ တာဝန်ရှိသည် မဟုတ်။ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှာသာ တာဝန်ရှိသည်မဟုတ်။ ဤနိုင်ငံတွင် နေထိုင်သော လူမျိုး ဘာသာ မရွေး နိုင်ငံသား တိုင်းတွင် တာဝန်ရှိသည်ဟု ခိုင်မာစွာ ယုံကြည်မိပေသည်။ ။