ဒီမိုကရေစီ နိုင်ငံတော် တခုကို တည်ထောင်တဲ့ အခါမှာ လူတိုင်း လူတိုင်းရဲ့ ရင်ထဲမှာ အာဏာရှင် ဆိုတဲ့ အကျင့်ဆိုး၊ စနစ်ဆိုး ကြီးကို ဖျောက်ပစ်ဖို့လိုပါတယ်။ ကျမတို့ နိုင်ငံကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းကိုက သက်ဦးဆံပိုင် ဘုရင်စံနစ်ကနေ စလာလိုက်တာ၊ အင်္ဂလိပ် အုပ်စိုးတဲ့ ခေတ်၊ ဂျပန်အုပ်စိုးတဲ့ ခေတ် အပါအဝင် တပါတီ အာဏာရှင်စနစ်၊ စစ်အာဏာရှင် ခေတ်တလျှောက်လုံး အားလုံး တောက်လျှောက်ကို အထက်အောက် ဆက်ဆံရေး၊ အကြောက်တရားနဲ့ အုပ်ချုပ်လာခဲ့ကြပါတယ်။ ဟိုးအထက်က စပြီးတော့ အကြောက်တရားနဲ့ အုပ်ချုပ်လာလိုက်တာ နောက်ဆုံး ကိုယ့်ရဲ့ အိမ်ကို ပြန်ရောက်တဲ့ အချိန်ထိ အိမ်မှာ သြဇာအာဏာရှိသူ လူကြီးတဦးက အကြောက်တရားနဲ့ အုပ်ချုပ်တာကို ခံရတဲ့ အထိပါပဲ။
အိမ်တိုင်း အိမ်တိုင်း လိုလိုမှာ ကြောက်ရမယ့် လူကြီးတဦး (အိမ်ထောင်ဦးစီး) ရှိနေခဲ့ပါတယ်။ အိမ်ထောင်ဦးစီးရဲ့ စကားကို မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ နားထောင်ကြရပါတယ်။ အိမ်ထောင်ဦးစီးက အိမ်ရဲ့တာဝန်ကို အပြည့်ယူသလို၊ အရာအားလုံးကို လည်း အာဏာနဲ့ပဲ အုပ်ချုပ်ပါတယ်။ အိမ်ထောင်ဦးစီး အဖေဟာ (အများအားဖြင့်) သားသမီးများနဲ့ ရောနှောပြီး မဆက်ဆံတတ်ကြပါဘူး။ မျက်နှာတည်တည်တံတံ့ ထားပြီးတော့ ကြောက်အောင် နေပါတယ်။ အဖေဟာ အိမ်ရဲ့ အာဏာရှင်ပါ။ အဖေ လုပ်တာကိုင်တာ၊ ဆုံးဖြတ် တာကို ဘယ်သူကမှ ဝင်ရောက် ပါဝင် ဆွေးနွေး ပတ်သတ်ခွင့် မရှိကြပါဘူး။ တချို့ အိမ်များမှာတော့ အမေ (မိန်းမ)က ပါဝင် နိုင်ခွင့်ရကြပါတယ်။
ဒီလို အာဏာနဲ့ အုပ်ချုပ်တဲ့ အိမ်များက သားသမီးများဟာ ကြောက်တတ် ရွံ့တတ် ကြပြီးတော့ ကိုယ့်ရဲ့အစွမ်းအစကို မထုတ်တတ်ကြသူများ ဖြစ်သွားတတ်ကြပါတယ်။ တာဝန်ယူလိုစိတ်လည်း နည်းကြသလို လူရေးလူတာလည်း သိပ်မသိတတ်ကြပါဘူး။ မှားရင်လည်း မပြောရဲ၊ မှန်ရင်လည်း မပြောရဲပဲနဲ့ ကွယ်ရာမှ အတင်းပြောတတ်တဲ့၊ ခိုးကြောင် ခိုးဝှက် လုပ်တတ်တဲ့ စိတ်မျိုးကို မွေးဖွားပေးစေပါတယ်။ ကိုယ့်ရင်ထဲက အမှန်တရားကိုလည်း ရဲရဲ မကြေညာဝံ့ကြပါဘူး။
အိမ်တွင်း ဒီမိုကရေစီ ရှိကြတဲ့ အိမ်များမှာတော့ အာဏာရှင်ဆိုတာ မရှိကြတော့ပါဘူး။ ဒါပေမယ့် အိမ်တွင်းမှာ ထုတ်ထားတဲ့ အိမ်တွင်းဥပဒေလေးတွေတော့ ရှိပါတယ်။ ဒါကို မိသားစုဝင် အားလုံးက လေးလေးစားစား လိုက်နာကြရပါတယ်။ ဥပမာ ထမင်းစားပြီးရင် ကိုယ့်ပန်းကန် ကိုယ်ဆေးရမယ် ဆိုတာမျိုးက အစ၊ ကျောင်းဖွင့်ရက်များမှာ တီဗီ၊ ဗီဒီယို ဂိမ်း မကစားရဘူး ဆိုတာမျိုးအထိကို ပြောတာပါ။
အိမ်တွင်း ဒီမိုကရေစီ ရှိတဲ့ မိသားစုထဲက အဖေနဲ့ အမေဟာ သားသမီးများ နဲ့ ရင်းနှီးနွေးထွေး စွာနေပါတယ်။ သားသမီးများရဲ့ စိတ်ထဲ ရှိရာ လွတ်လပ်စွာပြောဆိုတဲ့ အတွေးအမြင်များ ကို မဟန့်တား၊ မပိတ်ပင်ဘဲနဲ့ လေးလေးစားစား နားထောင်တတ်ကြပါတယ်။ သားသမီးကို ဆုံးဖြတ်ရဲအောင်၊ ဆုံးဖြတ်တတ်အောင် သင်ပေးကြပါတယ်။ အရွယ်အလိုက် ထိုက်သင့်တဲ့ ဆုံးဖြတ်ခွင့်လေးတွေ ပေးပါတယ်။ မှားသွားတဲ့ အမှားကို အပြစ်မတင်ဘဲ အမှားကနေ သင်ယူတတ်အောင် လေ့ကျင့်ပေးကြပါတယ်။ ပြောရမယ် ဆိုရင်တော့ လူ့လောကထဲ လူ့ဘဝထဲကို ကလေးတို့ဖာသာ ခြေစုံရပ်နိုင်ဖို့အတွက် လေ့ကျင့်ပေး ကြပါတယ်။
အာဏာနဲ့ အုပ်ချုပ်တဲ့ အိမ်များမှာတော့ အဖေ သို့မဟုတ် အမေက မှားသွားခဲ့ရင် သားသမီးက ပြောပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့် မရှိပါဘူး။ မိဘလုပ်သမျှ အားလုံးမှန်တယ် ဆိုတဲ့ အယူဆကို စွဲကိုင်ထားတတ်ကြတာပါ။ ဒါပေမယ့် အိမ်တွင်း ဒီမိုကရေစီ ရှိတဲ့ အိမ်များမှာတော့ မိဘဟာလည်း လူပဲမို့ မှားတတ်တာကို မိဘတို့က ဝန်ခံကြပါတယ်။ မိဘတို့က ကိုယ့်ရဲ့ အမှားကို ရဲရဲဝံ့ဝံ့ ဝန်ခံရင်းနဲ့ပဲ မှားရင် ဝန်ခံရမယ် ဆိုတာကို သားသမီးတို့ကို တခါတည်း သင်ပေး လိုက်ကြပါတယ်။ အမှားကနေ ဘယ်လို သင်ယူမလဲ။ မှားတာကို ဘယ်လို ပြင်ယူမလဲ ဆိုတာကိုပါ စံနမူနာအနေနဲ့ မိဘတို့က ကျင့်သုံးပြ ကြပါတယ်။
အာဏာနဲ့ အုပ်ချုပ်တဲ့ အိမ်များမှာတော့ အာဏာရှိသူ အိမ်ထောင်ဦးစီး (မိဘ) ဟာ ကိုယ့်ရဲ့ မပြေလည်မှု၊ ဒေါသ၊ စိတ်ဖိစီးမှု စတာတွေကို အိမ်ရှင်မဆီမှာ၊ သားသမီးများဆီမှာ ဖောက်ခွဲ အော်ဟစ် ပြီးတော့ ဒေါသ ဖြေဖျောက်တတ်ကြပါတယ်။ ဒါပေမယ့် အိမ်တွင်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ အိမ်များမှာတော့ မိဘများဟာ သားသမီးများ ကြုံလာရတဲ့ မပြေလည်မှု၊ ဒေါသ၊ စိတ်ဖိအား စတာတွေကို မှန်ကန်တဲ့နည်းနဲ့ ဖြေလျှော့ပစ်နိုင်ဖို့ အကူအညီပေးတတ်ကြပါတယ်။ ကိုယ့်ရဲ့ ဒေါသ၊ ကိုယ့်ရဲ့ စိတ်ဖိအားကို ဖြေလျော့အောင်လုပ်တဲ့အခါမှာ ကိုယ့်အနားက လူတွေနဲ့ ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက် မဖြစ်စေဘဲနဲ့ ကိုယ့်ဖာသာကိုယ် ဖြေလျှော့ပစ်နိုင်ဖို့ အကူအညီပေးတတ်ကြပါတယ်။
အိမ်တွင်း ဒီမိုကရေစီ ရှိကြတဲ့ အိမ်များမှာ တရားမျှတစွာနဲ့ ကြီးပြင်းခွင့်ရတဲ့ ကလေးများဟာ အမှန်တရားကို ရဲဝံ့စွာ ပြောရဲကြပါတယ်။ ကိုယ့်ရဲ့အမှား ကိုယ်တာဝန်ယူရဲကြပါတယ်။ ဆုံးဖြတ်ရဲကြ၊ လုပ်ကိုင်ရဲ ကြပါတယ်။ လူကြီးမို့လို့၊ မိဘမို့လို့၊ အသက်ကြီးလို့၊ အာဏာရှိနေလို့၊ ကြည်ညိုရတဲ့ သူဖြစ်နေလို့ ဆိုပြီး မဟုတ်တာလုပ်နေတာကို သိသိကြီးနဲ့ မပြောရဲဘဲ ထိုင်ကြည့် မနေတတ်ကြပါဘူး။ ဒီလို ရဲဝံ့တဲ့ စိတ်မျိုးကို ကလေးတို့ ရင်ထဲကို သွင်းပေးနိုင်ဖို့ ဆိုတာဟာ အိမ်တိုင်းအိမ်တိုင်းမှာ အိမ်တွင်း ဒီမိုကရေစီ စံနစ်ကို ကျင့် သုံးပါမှဖြစ်မှာပါ။
ကျမတို့ဟာ အကြောက်တရားနဲ့ မနေချင်သလိုပဲ ကလေးတို့ဟာလည်း အကြောက်တရားအောက်မှာ မကြီးပြင်းချင်ကြပါဘူး။ ကျမတို့ မမှန်တာကို ငုံ့ မခံချင်သလိုပဲ သူတို့လည်း ငါမိဘ ငါကြိုက်ရာလုပ်မယ် ဆိုတဲ့ မိဘတို့ရဲ့ မတရားမှုတချို့ကို ငုံ့ မခံချင်ကြပါဘူး။ အိမ်တွင်း ဒီမိုကရေစီ စနစ်ကို ကျင့်သုံးဖို့ အတွက် အရေးကြီဆုံး အရာကတော့ ငါ မိဘ ဆိုတဲ့ စိတ်ကလေးကို လျှော့ပြီး ကလေးတို့ကို လူသားလေးများ အနေနဲ့ လေးလေးစားစား ဆက်ဆံစိတ်လေး မွေးတတ်မယ် ဆိုရင်ဖြင့် ကျမတို့ရဲ့ အနာဂါတ် နိုင်ငံတော်မှာ မှန်ရာကို ရဲဝံစွာပြောရဲဆိုရဲတဲ့ လူကြီးတွေ များလာမှာပါ။ ကျမတို့ ရင်ထဲက အကြောက်တရားတွေကို ဆွဲနုတ်ပစ်နိုင်ဖို့ ကလေးတွေရဲ့ စိတ်ထဲကို မကြောက်တရားတွေ များများ သွင်းပေး နိုင်မယ်ဆိုရင်ဖြင့် တကယ့်ဒီမိုကရေစီနဲ့ တူတဲ့ နိုင်ငံကြီးကို တချိန်ချိန်မှာ ကျမတို့ မြင်တွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်။ မိသားစုဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်း ယူနစ်တခု မဟုတ်လား။
(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)