နောက်ဆုံးအကြိမ် အကျယ်ချုပ်ဘဝမှ လွတ်မြောက်လာပြီးသည့် နောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး သဘောထားနှင့် လမ်းစဉ်သည် ယခင်အခါများနှင့် သိသိသာသာ ကွာခြားသွားသည်ကို အလွယ်တကူ တွေ့မြင်နိုင်သည်။ သူသည် တိုင်းပြည်နှင့် လူမျိုးအတွက် လက်ငင်းလက်တွေ့ အကျိုးရှိနိုင်မည့် လမ်းစဉ် (Pragmatism – ဒိဋ္ဌဟိတ ဝါဒ) ကို ရဲရဲတင်းတင်း ရွေးချယ်လာနိုင်ခဲ့သည်။
Pragmatic Method ကို ယနေ့ နိုင်ငံတကာမှ နိုင်ငံရေးသမား အများပင် အသုံးပြု လာကြသည်။ ကောင်းကောင်း နားမလည်သော သတင်းစာဆရာကြီး တဦးဟာ နားစွန်နားဖျား အသိဖြင့် “ဖောက်ပြန်တဲ့ ရုပ်ကြမ်းဝါဒီတွေရဲ့ အကျိုးမျှော်ဝါဒ” ဟု ပုတ်ခတ် လိုက်သေးသည်။ Real Politic ဆိုတာ Romantic Politic ထက် သာလွန်ပေသည်။ အကျိုး ရှိရာရှိကြောင်း မလုပ်ဘဲ အကျိုးမဲ့ရာ မဲ့ကြောင်း လုပ်ရမလို ဖြစ်နေသည်။ လက်တွေ့ လုပ်ဆောင်မှုသည် Reality တို့၏ အခြေခံ ဖြစ်ကာ အဆုံးအဖြတ်ကို ပြဌာန်းပေးသော အရာဖြစ်သည်။ လုပ်ငန်းအောင်မြင်ဖို့ အတွက် လက်တွေ့သည် သဘောတရား ထက် အရေးကြီးသည် ဆိုသော တရားသေ နိုင်ငံရေးသည် ခေတ်မရှိတော့။ ဖြစ်ပေါ်နေသည့် အခြေအနေအပေါ် အကောင်းကို ရှေ့ရှုပြီး ကိုင်းညွှတ်ဆောင်ရွက်နိုင်သည့် နိုင်ငံရေး သဘောထားသာ ခေတ်စားနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အနှစ် ၂၀ လုံးလုံး ကိုင်တွယ် ကျင့်သုံးခဲ့သည့် ထိပ်တိုက် ရင်ဆိုင်ရေး လမ်းစဉ်၏ အကျိုးမရှိပုံကို ကောင်းကောင်း သဘောပေါက် ကာ၊ ပျော့ပြောင်း၍ လစ်ဘရယ်ဆန်သည့် အလယ်အလတ် သဘောထားသို့ ပြောင်းလဲခဲ့သည်။ ယင်းမှာ သွေဖီဖောက်ပြန်ခြင်း မဟုတ်ချေ။ စွန်မျှား စွန်ဖြတ်ကြရာ၌ လျှော့ကြိုး တင်းကြိုး ကိုသိသည်။ လေကြောင်း အနေအထား၊ စွန်ရောက်ရှိနေသော နေရာကို ကြည့်၍ ကြိုးကို လျှော့ပေးရသည့် အခါလည်း ရှိသည်။ အဓိကမှာ စွန်ဖြတ် နိုင်ဖို့သာ ဖြစ်သည်။
စစ်အစိုးရ၏ စပွန်ဆာဖြင့် ပြုလုပ်သော ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရကာ ဦးသိန်းစိန် ဦးဆောင်သော အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သည်။ အစိုးရသည် သိသာထင်ရှားသော ဆောင်ရွက်ချက်များဖြင့် ထိန်းချုပ်မှုများကို လျှော့ဖြေ (Liberalization) လာခဲ့သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကပင် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုလက်ခံလာ ခဲ့ကြသည်။
ထို့ကြောင့် ယနေ့ခေတ် မြန်မာနိုင်ငံ၏ အခြေအနေကို (အတိုက်အခံရော၊ အစိုးရဘက်ကပါ ဖြေလျှော့မှုတွေ ဆောင်ရွက်လာကြသဖြင့်) အမျိုးသား ရင်ကြားစေ့ရေးကို ဆောင်ရွက်ရန် အတွက် အကောင်းဆုံး အချိန်ကာလ၊ ထီးလိုမင်းလို ကာလဟုပင် ဆိုရပေမည်။ အပေါ်စီးမှ အာဏာကို ဆုပ်ကိုင်ထားသော အီလိ (Elite) များက အပြောင်းအလဲကို ဦးဆောင်ကာ ဖန်တီး ခင်းကျင်း ထားသော၊ သတ်မှတ်ချက် တစုံတရာအတွင်း (Guided democracy)၊ အတိုက်အခံ ပလေယာတို့ အနေဖြင့် ကစားကွက်များကို မည်မျှ လိမ္မာကျွမ်းကျင်စွာ ဖော်ဆောင်နိုင်မည်နည်း။ အင်မတန် ခက်ခဲ ကြီးလေးသော တာဝန်ဝန်တရပ်ပင် ဖြစ်သည်။ ထိုအချိန်တွင် စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုကို အခြေခံ လှုပ်ရှား၍ မရ။ နိုင်ငံရေး အမြာ်အမြင် ကြီးမားမှုဖြင့် ဆင်ခြင်တုံ တရားကိုသာ အခြေခံရမည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး (National Reconciliation) ကွက်၍ တည်ဆောက်မရ။ အဓိက အင်အားစု ၄ ရပ် (အစိုးရ၊ အာဏာရပါတီ၊ အတိုက်အခံနှင့် ယနေ့ မြန်မာနိုင်ငံရေး ကဏ္ဍတွင် အခိုင်အမာ ပါဝင်နေသည့် တပ်မတော်) စလုံး သင့်မြတ် ညီညွတ်မှ ဖြစ်ပေမည်။ အဲဒါဆို အားလုံး၏ Minister တွေကို ပြင်ရပေမည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ဆုံဆွေးနွေးကြကာ အဖြေတခု ထွက်ပေါ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို မှတ်ပုံတင်မည်၊ ရွေးကောက်ပွဲ ဝင်မည်၊ ကန့်ကွက်သူတို့က ကန့်ကွက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ရဲရဲဝံ့ဝံ့ ဆက်လျှောက်ခဲ့သည်။ နှစ်ကာလတွေ ကွာခြားသွားသော်လည်း သူ့ “စန်း” က မကျသေး။ ကြားဖြတ် ရွေးကောက်ပွဲတွင် ရာနှုန်းပြည့် နီးပါး အောင်နိုင်ခဲ့သည်။ ပြည်သူတွေက သူနှင့် ပါတီကို ချစ်ခင် အားပေးဆဲ ဆိုတာ ထင်ရှားသည်။ ရွေးကောက်ပွဲ မဲဆွယ်ခရီးထွက်ရာ၌လည်း ရောက်ရှိရာ ဒေသတိုင်းမှာ အုတ်အုတ်ကျက်ကျက် ကြိုဆိုကြသည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် အကြို အားစမ်းပွဲလည်း ဖြစ်နိုင်သည်။ လွှတ်တော်ထဲ ဝင်ရန် ကျမ်းကျိန်ဖို့ ကိစ္စ၌လည်း ဒေါ်စုဘက်က အလျှော့ပေးခဲ့သည်။ ပြည်သူတွေက သူ့ကို လွှတ်တော်ထဲမှာ မြင်ချင်ကြသည်၊ ဒါကြောင့် ပြည်သူ့ဆန္ဒကို လေးစားတဲ့ အနေနဲ့ သူ့ဘက်က အလျှော့ပေးခဲ့တာဟု သူက ဆိုသည်။ ဘာပဲဖြစ်ဖြစ် လွှတ်တော်ထဲ ရောက်သွားတော့ အားလုံးက ကြိုဆိုကြသည်။ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် တွေ့ဆုံသည်။ လွှတ်တော်က သူ့ကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ခန့်သည်။ တချို့က ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပါးနပ်စွာ အသုံးချတာဟု ဆိုသည်။ ယနေ့ မှိုလိုပေါက်နေသော ပြဿနာများ၊ ဥပဒေပြင်ပမှ ဆန္ဒပြပွဲ၊ သပိတ်မှောက်ပွဲများကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင် ဖြေရှင်းရတော့မည်။ တဘက်က လူထု ကျေနပ်အောင် မဖြေရှင်းနိုင်ခဲ့သော် … (ဤ ပြဿနာကို လက်ပံတောင်းတောင် ကိစ္စတွင် အထင်အရှားတွေ့ရသည်)။
ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းပြောသည်။ သူ့ကို အသုံးချသည် ဆိုလျှင်လည်း တိုင်းပြည်အကျိုးရှိမည် ဆိုပါက အသုံးချ ခံမည်ဟု …။
ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို တဘက်ကလည်း သိသည်။ ဒေါ်အောင်ဆန်းစုကြည်က ပရမ်းပတာ ဝါဒကို မကြိုက်။ ဥပဒေဘောင် အပြင်ဘက်က လှုပ်ရှားမှုမျိုးကို မနှစ်သက်။ ဒီမိုကရေစီ ကိုယ်နှိုက်က စည်းကမ်းရှိပြီးသားဟု ပြောလေ့ရှိသည်။ တရားဥပဒေ စိုးမိုးရေး ကို အလေးထားသူ ဖြစ်သည်။ ဤ သဘောထားကို စမ်းသပ်ဖို့အတွက် လက်ပံတောင်းတောင် ကိစ္စ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် သူ့ကို ခန့်အပ်လိုက်သည်။ တကယ်တမ်း ဖြစ်ရိုးဖြစ်စဉ် အတိုင်း ဆောင်ရွက်မည် ဆိုပါက စုံစမ်းစစ်ဆေးရေး ကောက်မရှင်က စုံစမ်းစစ်ဆေး ရရှိသမျှ တွေ့ရှိချက်တွေကို အစိုးရ ထံတင်ပြ၊ အစိုးရက အစီရင်ခံစာပါ အချက်အလက်များကို ကြည့်ရှုသုံးသပ်၍ ဆက်လုပ်သင့် မလုပ်သင့် ဆုံးဖြတ်၊ ဒါပဲဖြစ်သည်။ ယခုတော့ အစိုးရအဖွဲ့က လွှဲရှောင်လိုသော သဘောလား၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်အပေါ် ယုံကြည်မှု လွန်ကဲသော သဘောလား မသိ။ လက်ပံတောင်းတောင် ကိစ္စကို စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါမည်ဟု ကြိုတင်ကြေညာ ထားလေသည်။ အင်မတန် ကြီးမားလှသော အလောင်းအစား တခု ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော စုံစမ်းရေး ကော်မရှင်က ဆက်မလုပ်သင့်ပါဟု ဆုံးဖြတ်လိုက်လျှင် တကယ်ပဲ အစိုးရက ဆက်မလုပ်ဘဲ နေမည်လား။ (သူတို့ ကြိုတင်ပြောစကားအရ ဆိုလျှင် ဒီအတိုင်းပဲ မှတ်ယူရပေမည်) ဤနေရာ၌ ဒေါ်အောင်ဆန်းစုကြည် အတွက် ပွင့်လန်းနေသော အခွင့်ထူးကိုတွေ့ရသည်။ သူသာ ဆက်မလုပ်သင့် ဟုဆုံးဖြတ်လိုက်လျှင် ပြည်သူ၏ ထောက်ခံမှုကို တခဲနက် ရမည်။ ၉၀ ရာခိုင်နှုန်းသောလူတွေက ဆက်မလုပ်သင့်ဟု ယူဆကြ၏။ အစိုးရလည်း အကြပ်တွေ့နိုင်သည်။ တပ်မတော်ပိုင် ဦးပိုင် ကုမ္ပဏီလည်း ဒုက္ခရောက်မည်။ ဒေါ်အောင်ဆန်းစုကြည်မှာ လူထုကြားတွင် နိုင်ငံရေး ဂုဏ်သိက္ခာ မြင့်တက်နိုင်မည်။ သို့သော် သူက ရေရှည်ကိုမျှော်တွေးကာ “ဆက်လုပ်သင့်သည်” ဟု ဆုံးဖြတ်ပေး လိုက်သည်။
တဘက်ကလဲ (လောင်းကစား စကားနှင့် ဆိုရလျှင်) ဒေါ်အောင်ဆန်းစုကြည်ကို ယုံ၍ ပုံလိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူ့စိတ်ထဲတွင် မှန်သည်ဟု ထင်သည့်အတိုင်း ပြောဆိုလုပ်ကိုင်လိမ့်မည်။ သူ၏ ပင်ကိုယ် စိတ်ရင်းအတိုင်း တွက်ဆလျှင် ဤစီမံကိန်းမှာ ဆက်လုပ်သင့်သည်ဟု အဖြေထွက်ပေမည်။ ပြီးတော့ ဤဆုံးဖြတ်ချက်မှာ သူ တယောက်တည်း အပေါ်၌ မတည်။ အဖွဲ့ဝင် ပညာရှင်များ၏ သဘောထားက အရေးပါ၍ နေ၏။ အစိုးရသည် တကယ်တော့ နိုင်မည့် မြင်းကို လောင်းခဲ့သည်ဟု ဆိုရမည်။ မှန်တယ် ထင်လျှင် မငဲ့ကွက်ဘဲ ပြောရဲလုပ်ရဲသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ပေါက်ကွဲနေသော လက်ပံတောင်းတောင် ဒေသခံများနှင့် ပဋိပက္ခဖြစ်ရသည်မှာ အားလုံးအသိပင် ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံစာ မထွက်ပေါ်မီ ကော်မရှင် စတင်ဖွဲ့စည်းစဉ်ကပင် “ကျမ အကောင်းဆုံး ဖြစ်အောင်လုပ်မယ်၊ အများကြိုက်တော့ ဖြစ်ချင်မှဖြစ်မယ်” ဟု ပြောခဲ့သည်။ အကောင်းဆုံး ဆိုသော စကားဖြင့်ပင် ကျနော်တို့ ကျေနပ် သင့်သည်။ ဒါက သဘာဝလည်း ကျသည်။ သို့သော် ပြင်းထန်သော ခုခံဆန့်ကျင်မှုနှင့် သူရင်ဆိုင်လိုက်ရသည်။ တခုတော့ ကောင်းသည် ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံရေး သံဝေဂ ရစရာ ဖြစ်သည်။ လူတွေက သူတို့အကြိုက် မလိုက်နာလျှင် ကန့်ကွက်ကြတတ်သည့် သဘောဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က မှတ်သားလောက်စရာ “နိုင်ငံရေး လုပ်တယ်ဆိုတာ လူမုန်းချင်မုန်းမှာပေါ့၊ ကျမကိုချစ်စေချင်ရင် ဇာတ်ကမှာပေါ့” ဟု ပြောခဲ့သည်။
အရင်က “အမေစု ဆုံးဖြတ်တဲ့အတိုင်း နာခံပါမယ်” ဆိုသော သပိတ်စခန်း ခေါင်းဆောင်တွေကလည်း ကက်ကက်လန်အောင် ရန်တွေ့ကြသည်။ လက်ပံတောင်းတောင် ကိစ္စမှာ လှပသော နိုင်ငံရေး ကစားကွက်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ခိုင်မာ ပြတ်သားမှုနှင့် အမြော်အမြင် ရှိမှုကို ထုတ်ဖော်ပြသနိုင်သည့် ပွဲလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဤပွဲတွင် မရှုံးအောင် ကစားနိုင်ခဲ့သည်မှာ သေချာသည်။ သူသည် ပေါ်ပြူလာ နိုင်ငံရေးသမား (Popular Politic) မဟုတ် ဆိုတာ၊ အရည်အချင်းရှိသော နိုင်ငံရေးသမား တယောက်ဆိုတာ ထုတ်ဖော်ပြသ နိုင်ခဲ့သည်။ သူသည် အများစု အကြိုက်ကို လိုက်၍ မပြောနိုင်။ မီးခိုးဗုံးကို မီးလောင်ဗုံးဟု မပြောနိုင်ဟု ငြင်းခဲ့သည့် သတ္တိကို ချီးကျူးရပေမည်။
မကြာမီ ကာလများက ဒေါ်အောာင်ဆန်းစုကြည်သည် သမ္မတ လုပ်လိုသည်ဟု ပြောင်ပင်ဖွင့်ဟ ပြောလာခဲ့သည်။ နိုင်ငံရေး သမားတယောက် အတွက် အာဏာဆိုသည်မှာ လုပ်ပိုင်ခွင့်ပင် ဖြစ်သည်။ ဒါကြောင့် သမ္မတ ဖြစ်ချင်တယ် ဆိုတာ သဘာ၀ ကျသည်။ သမ္မတ ဖြစ်ဖို့ အခြေခံဥပဒေကို ပြင်ဆင်ရမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း ၃ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ အရည်အချင်းများ ပုဒ်မခွဲ (စ) ညွှန်းဆိုချက်ကို ပြင်ဆင်မှ ဖြစ်မည်။ မိမိ၏ ရင်သွေးနှစ်ဦးက အင်္ဂလန် နိုင်ငံသား ဖြစ်နေခြင်းမှာ ဤအချက်နှင့် ငြိစွန်းနေသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့သော ၁၉၄၇ အခြေခံဥပဒေ၌ ဤအချက် မပါဝင်။ သူ့ကို သမ္မတ မဖြစ်စေရန် ရည်ရွယ်ဟန့်တားလိုသော သဘောထားဖြင့် ထည့်သွင်းထား သကဲ့သို့ ဖြစ်နေသည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်ကျော်က ထောက်ခံ ရမည် ဖြစ်ရာ ယခုလက်ရှိ လွှတ်တော် အတွင်း၌ ရှိနေသော အရပ်သား ကိုယ်စားလှယ် အားလုံးက ထောက်ခံသည့် တိုင်အောင် မဖြစ်နိုင်။ ၂၅ ရာခိုင်နှုန်း ပါဝင်နေသော တပ်မတော် ကိုယ်စားလှယ်များကပါ ထောက်ခံမှ ဖြစ်ပေမည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုအချိန်၌ ဦးသိန်းစိန် အစိုးရအဖွဲ့နှင့်လည်း ပြေလည်နေပြီ။ ဦးရွှေမန်း၏ လွှတ်တော်နှင့်လည်း ပြေလည်နေပြီး ဦးရွှေမန်းနှင့် အတူ ဒုံးယိမ်းပင် ကလိုက်သေးသည်။ ပြည်ခိုင်ဖြိုးမှ ဦးဌေးဦးတို့နှင့်လည်း ပြေလည်မှု ရရှိနေပြီ။ NLD ဗဟို ပါတီညီလာခံသို့ ဦးဌေးဦး ပြုံးရွှင်သော မျက်နှာဖြင့် တက်ရောက်ခဲ့တာ တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ ပါတီသည် အတိုက်အခံပါတီ မဟုတ်ဟုပင် ထုတ်ဖော်ပြောခဲ့သည်။ ပြီးခဲ့သော ဝါဆိုလပြည့်နေ့က သုံးခွတွင် ပြည်ခိုင်ဖြိုးနှင့် NLD နှစ်ပါတီ ပူးတွဲကာ ဝါဆိုသင်္ကန်း ကပ်ကြသည်ဆိုသော သတင်းကိုကြည့်ကာ ကျနော် စဉ်းစားမရ ဖြစ်ခဲ့ သေးသည်။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ပြေလည်မှု ရရှိစေရန် ကျန်ရှိနေသေးသည်မှာ တပ်မတော် အင်အားစုသာ ရှိတော့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် အပေါ် ချစ်ခင်လေးစားသည်၊ သံယောဇဉ်ရှိသည်ဟု တဖွဖွ ပြောနေခဲ့သည်မှာ ကြာလေပြီ။ ဤအချက်ကို လက်တွေ့ သက်သေပြဖို့ အတွက် လက်ပံတောင်းတောင် ပြဿနာ ပေါ်လာသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းရေး ကော်မရှင်က လက်ပံတောင်းတောင် စီမံကိန်း ဆက်လက် ဆောင်ရွက် သင့်ပါသည် ဟူသော ကောက်ချက်ကြောင့် လက်ငင်း အကျိုးရှိသွားသည်မှာ တပ်မတော်ပိုင် ကုမ္ပဏီ ဦးပိုင်ပင် ဖြစ်လေသည်။ ဒီအတွက် တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံ ဥပဒေ ပြင်ဆင်ရေး၌ ထောက်ခံခြင်းဖြင့် ပြန်လှန်ကျေးဇူး ဆပ်လေမလား။ ဒါကလဲ စွန့်စားမှု တခုဖြစ်သည်။
“အပေးအယူရဲ့ သဘောတရားဟာ ပျော့ပြောင်းရမယ်၊ နားလည်မှုရှိရမယ်၊ ဒါ ဒီမိုကရေစီရဲ့ အခြေခံပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည်။ ပေးမှ ယူလို့ ရမည်ဟု သိသည်။
ပထမ ဆိုခဲ့သလို လက်ငင်း အကျိုးရှိသည်မှာ တပ်မတော် (ဦးပိုင်) သာဖြစ်သော်လည်း ရေရှည်တွင်မူ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးပါသော ခြေလှမ်းဖြစ်သဖြင့် နိုင်ငံတော် အကျိုးစီးပွားဟု ပြောသည်ကို မှားသည်ဟု မဆိုနိုင် ပါချေ။ တဆက်တည်းပင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နေ့ အခန်းအနားသို့ တက်ရောက်ကာ စစ်ရေးပြပွဲကို ကြည့်၍ လက်ခုပ်လက်ဝါး တီးကာ အားပေးခဲ့သည်။ ဆန်ဖရန်စစ္စကို မြန်မာမိသားစုနှင့် တွေ့ဆုံရာ၌ “တပ်မတော်သာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ပြည်သူနဲ့အတူ လျှောက်နေပြီဆိုရင် နောက်ကြောင်းပြန်လှည့်စရာ မရှိပါဘူး” ဟု ပြောခဲ့သည်။
ဦးသိန်းစိန် (သမ္မတကြီး ကလည်း) ဘီဘီစီ သတင်းဌာန Hard Talk အစီအစဉ်တွင် “မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို အနာဂါတ် မြန်မာနိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင်တယ်ဆိုရင် ကျနော့်အနေနဲ့ လက်မခံနိုင်စရာ မရှိပါဘူး။ ကျနော်တို့ အကြားမှာ ပြဿနာ တစုံတရာ မရှိပါဘူး” ဟု ပြောဆိုခဲ့သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ပြည်ခိုင်ဖြိုးကပင် စတင် အဆိုတင်သွင်းကာ ဘာတွေပြင်မည် ဆိုတာ ဆွေးနွေးဖို့ ပြင်ဆင်နေသည်။ ပြင်ဆင်ရာ၌ အခန်း ၃၊ အပိုဒ်ခွဲ (စ) ပါဝင်လာမည်လော။ ဦးအောင်မင်းက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်မည်ဟု ဆိုပြန်လေသည်။ ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးဌေးဦးက “ဒီမိုကရေစီ ဖော်ဆောင်ရေးကို ကျနော်တို့ ဆောင်ရွက်ခဲ့တာ။ ကိုယ်လုပ်ခဲ့တာကို ပြန်မဖျက်ဆီးဘူး။ နောက်ကြောင်း ပြန်လှည့်မယ် ဆိုတဲ့ စကားကို တခါမှ မပြောခဲ့ဘူး” ဟု ဆိုသည်။ ဦးသိန်းစိန်၊ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ပဋိပက္ခ ဖြေရှင်းရေး (ပူးတွဲထုတ်ပြန်သည့်) မူ ၆ ချက် ထွက်လာသည် ကိုလည်း တွေ့ရသည်။ အဲဒီတော့ ဒီနေ့ မြန်မာနိုင်ငံရေး အခြေအနေမှာ အတော်ပင် ရှင်းလင်း နေသည်ဟု ဆိုရမည်။
စိန်စု လမ်းကြောင်း (Sein – Su Trend) ဒါမှမဟုတ် အဆင့်ဆင့် ဒီမိုကရေစီ ပုံဖော်ရေးကို အချိုးအစား ညီညွတ်ရေး လမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့ ပြင်ဆင်နေတာ သေချာသည်။ ယနေ့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှ အဓိက ပလေယာ လေးဦး (အစိုးရ၊ လွှတ်တော်၊ အတိုက်အခံနှင့် တပ်မတော်) လမ်းကြောင်းကို ပြောင်းလဲနိုင်လောက်အောင် အားကောင်းသည့် တခြား ပလေယာများကို မမြင်။
ဤကစားပွဲသည် စစ်မှန်သောကစားပွဲဟု တထစ်ချ ယူဆနိုင်ပါသလား။ ကျနော် မဖြေတတ်ပါ။ ကြက်ဥအရောင်၊ တိမ်တောင် သဖွယ် ကိစ္စဖြစ်ပါသည်။ နိုင်ငံရေးဆိုသည်မှာ ပုံသေကားချ ပြော၍ ရနိုင်သောအရာ မဟုတ်။ မထင်မှတ်သော အလှည့်အပြောင်း တွေလည်း ရှိနိုင်သည်ပင်။ ဥပမာ ၂၀၁၅ မတိုင်မီ အခြေခံဥပဒေကို တကယ် ပြင်နိုင်မှာလား။ မပြင်နိုင်ခဲ့သည် ရှိသော် …။
ဦးသိန်းစိန်ပင် ဒုတိယ သက်တမ်း တာဝန်ယူဖွယ် ရှိပါသည်။ သူကလည်း (ယခင်က တကြိမ်သာ တာဝန်ထမ်းဆောင်မည် ဟု ပြောထားခဲ့ပြီးမှ) ယခုအခါ လိုအပ်ပါက သမ္မတ တာဝန်ကို ဒုတိယ သက်တမ်းအဖြစ် တာဝန်ထမ်းဆောင်မည်ဟု ဆိုထားပြန် သည်။ ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း PR စံနစ် အသုံးပြုသင့် မသင့် စဉ်းစားလိမ့်မည်။ ဒါဆို ဘယ်ပါတီမှ လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်မှု မရနိုင်။ ညွန့်ပေါင်း အစိုးရအဖွဲ့ ပေါ်ထွန်းလာလေမည်လား။ တခုတော့ ရှိသည်။ ပြည့်၀ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ ကျနော်တို့ စောင့်စားကြရဦးမည်။ စစ်တပ်အာဏာမှ တဆင့် ပြည်သူ့ အာဏာအဆင့်သို့ တဖြည်းဖြည်း ကူးပြောင်းခဲ့ကြသည့် တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့ လမ်းကြောင်းအတိုင်း သွားမည့်ပုံသာ ပေါ်ပါသည်။ ။
သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။