ပေါ့ပ် (Pop) ဆိုတာ ရေပန်းစားမှု၊ လူကြိုက်များမှု ဆိုသော (Popular) ၏ အတိုကောက်ဖြစ်သည်။ ယနေ့မြန်မာပြည်တွင် ဒီမိုကရေစီသည် ဟမ်ဘာဂါ၊ ကိုရီးယားရုပ်ရှင်တို့လို လူကြိုက်များကာ ရေပန်းစားနေသည်။ ပေါ့ပ် ဒီမိုကရေစီ (Pop Democracy) ပေါ့။
ဒီမိုကရေစီက ရေပန်းစားတယ်ဆိုတော့ ရေပန်းစားချင်သူတွေက ဒီမိုကရေစီ “လုပ်” (ဒီမိုကရေစီ စကားတွင်တွင်ပြော၊ ဒီမိုကရေစီဟု ထင်ရသော အပြုအမူတွေ ပြုမူ) ကြသည်။ ရေပန်းစားပြီးသားသူတွေကလည်း ပို ရေပန်းစားချင်၍လော သို့မဟုတ် သူတို့ရေပန်းစားမှု အရှိန်လျော့ကျသွားမည်ကို စိုးရိမ်၍လောမသိ၊ ဒီမိုကရေစီ လုပ်ကြသည်။ ပေါ့ပ် စတား (Pop Stars) အတော်များများ ဒီမိုကရေစီဘက် ကူးပြောင်းလာခဲ့ကြသည်။ ကူးပြောင်းလာခဲ့ သည်ဟု သုံးစွဲရခြင်းမှာ ထိုအထဲမှ ပေါ့ပ်စတား အတော်များများသည် ယခင်စစ်အစိုးရဟောင်းများလက်ထက်က အာဏာရှင်အကြိုက် ဝါဒဖြန့်ချီရေး ဇာတ်ကားတွေ ရိုက်၊ ဝါဒဖြန့်ချီရေး သီချင်းတွေ ဆိုခဲ့သူတွေ ဖြစ်သောကြောင့် ဖြစ်သည်။ သူတို့လဲ အမှားပြင်ဆင်ခွင့် ရှိပါသည်။ သို့သော် ခဏ ခဏ အမှားပြင်ဆင်နေကြလျှင် မကောင်း။ တကယ်ခိုင်မာတဲ့ ယုံကြည်မှုကြောင့်လော၊ မြင့်တယ်ထင်တဲ့ အလံတော်အောက် ပြေးဝင်ခိုလှုံခြင်းလော။
သူတို့နိုင်ငံများမှာတော့ ပေါ့ပ်စတားဟုခေါ်သော နာမည်ကျော် အဆိုတော်၊ ရုပ်ရှင်မင်းသား၊ မင်းသမီးများနှင့် အဆိုတော် (Celebrity) များမှာ နိုင်ငံရေးလောကနှင့် အတော်ပင် ကင်းကင်းရှင်းရှင်း နေထိုင်ကြသည်။ ဒီမိုကရက်တစ်၊ ရီပတ်ဘလစ်ကန် သမ္မတရွေးချယ်ပွဲများ၊ ပါတီကိစ္စများတွင် ပါဝင်ဆောင်ရွက်သူ အင်မတန်နည်းသည်။ တယောက်စ နှစ်ယောက်စသာရှိသည်။ ဒါက သူတို့ တကယ်ယုံကြည်လို့ ဖြစ်သည်။ တခြား ဘာအကျိုး မျှော်ကိုးမှုမှမပါ။ (ရေဂင်လို၊ အာနိုးလို နိုင်ငံရေးလောကထဲ ဝင်ရောက်ကြတာလည်း ယုံကြည်မှု သက်သက်)။ ကျနော်တို့ နိုင်ငံမှာတော့ ဒီမိုကရေစီ ဘက်တော်သားဟု ဆိုသော ပေါ့ပ်စတားတွေ တပုံကြီး တွေ့ရလေရာ သူတို့၏ နိုင်ငံရေး ရေချိန်မြင့်မားမှု ဟုပင်ဆိုရပေ တော့မည်။
လူထုခေါင်းဆောင်ပုံပါသော တီရှပ်တွေ၊ ဒီမိုကရေစီ ကြွေးကြော်သံ အမျိုးမျိုး ရိုက်နှိပ်ထားသော တီရှပ်တွေကို ဝတ်ကြသည်။ (တီရှပ်သည် ပေါ့ပ် ယဉ်ကျေးမှုဖက်ရှင်ဖြစ်သည်။) ဒီမိုကရေစီအကြောင်း ဖွဲ့နွဲ့ထားသော ပေါ့ပ်သီချင်းတွေ ဆိုကြသည်။ ဒီမိုကရေစီနှင့် ပတ်သက်သော ပေါ့ပ်သီချင်းတွေ ရေးသည်။ ပေါ့ပ် ယဉ်ကျေးမှု (Pop Culture)သည် ဒီမိုကရေစီ ယဉ်ကျေးမှု (Democracy Culture) ဖြစ်လာသည်။ ခွဲခြားမရ။ ဒီမိုကရေစီမှာ ပေါ်ပြူလာဖြစ်သဖြင့် ဒီမိုကရေစီ နိုင်ငံရေးသမားတွေလည်း ပေါ်ပြူလာဖြစ်လာကြသည်။ တချို့မှာ ပေါ့ပ်စတားတွေထက်ပင် ထင်ပေါ်ကျော်ကြားကာ လူကြိုက်များနေကြသည်။ နိုင်ငံရေး စီလီဘရစ်တီ (Political Celebrities) တွေဖြစ်နေကြသည်။ ပွဲတွေ အဆက်မပြတ် ဖိတ်ကြားခံရကာ တက်ရောက်နေရသည်။ (တချို့ မတက်ရောက်သင့်သောပွဲတွေ ပါ လာတာတွေ့ရသည်။) ပုံစံအမျိုးမျိုး နှင့် ဓာတ်ပုံ အရိုတ်ခံသည်။ သူတို့မပါလျှင်ပွဲမစည်။ ပြည်သူလူထုမှာ အချို့နေရာတွင် မျက်စိလည်နေသည်။ တချို့ ကြီးရင့်သော သူများကတော့ နိုင်ငံရေးကိုသာ စိတ်ရောကိုယ်ပါ နှစ်လုပ်စေလိုသော စေတနာတွေ ရှိကြသည်။
ယခင်က ရေပန်းအစားဆုံး သတို့သားလောင်းများမှာ စစ်ဗိုလ်၊ ဆရာဝန်၊ အင်ဂျင်နီယာများဖြစ်သော်လည်း ခုတော့ နိုင်ငံရေးသမားဖြစ်လာသည်။ သမီးရှင်တွေက လိုလိုလားလား ဖြစ်လာသည်။ လွတ်လပ်ရေးမရခင်ခေတ်က “သခင်ပေါက်စ ထောင်ခြောက်လ” ဟူသောစကားနှင့် အနှိမ်ခံခဲ့ရသော နိုင်ငံရေးသမားများမှာ လွတ်လပ်ရေး ရပြီးသောအခါ ဝန်ကြီးတွေ ဝန်ကလေးတွေ ဖြစ်လာသော သာဓကတွေ ရှိသည် မဟုတ်ပါလား။ အားလုံးကောင်းပါသည်။ ဒီကနေ့ နိုင်ငံရေးသမား များသည်။ အရိပ်ထဲရောက်အောင် နေပူထဲက လာခဲ့ကြသူများဖြစ်သည်။ အနာခံသူများသည် အသာလည်း စံသင့်ပါသည်။ (ဒုတိယတန်း၊ တတိယတန်း နိုင်ငံရေးသမား အများစုကတော့ အနာခံနေရဆဲ ဖြစ်ပါသည်။) ယခု စင်ပေါ်ရောက်နေသူများမှာ နှစ်ပေါင်းများစွာ စွန့်လွှတ်အနစ်နာခံမှုများဖြင့် ဘဝကို စတေးခဲ့ကြသူများဖြစ်သည်။ သူတို့ယုံကြည်ချက်ကို သံသယ ဖြစ်စရာမရှိ။ သို့သော် စီလီဘရစ်တီ နေထိုင်မှုအပေါ် သာယာစိတ်ဝင်သွားမှာကိုတော့ စိုးရိမ်မိပါသည်။ ဟိုချီမင်းနှင့် လီနင်ကအစ လင်ကွန်းနှင့် အိုဘားမား အဆုံး ဒီလိုမနေထိုင်ကြဟု ထင်ပါသည်။
မြန်မာပြည်မှာ ဒီမိုကရေစီ ပေါ်ပြူလာဖြစ်နေတာ ကောင်းသည်။ ယနေ့ ကျေးလက်အထိ ဒီမိုကရေစီ ဆိုသော ဝေါဟာရကို မကြားဖူးသူမရှိ။ (ဒီမိုကရေစီ၏ အတွင်းသဘောနှင့် အနှစ်သာရ ကိုတော့ သိချင်မှ သိမည်။) တခေတ်က (သူ့ဖာသာ သူကောင်းသော) ဆိုရှယ်လစ်ဆိုသည့် စကားသည် မ.ဆ.လ ပါတီကြောင့် “ဆီသည်မ လက်သုတ်ဖတ်” ဖြစ်ကာ မြောင်းထဲရောက်သွားရဖူးတာ သမိုင်း သာဓကရှိသည်။ ပေါ့ပ် ဒီမိုကရေစီ ဆိုသည့်အတွက် ဒီမိုကရေစီ၏ မူလ တန်ဘိုးများ၊ စံနှုန်းများ လျော့ကျကာ ပေါ့ပျက်ပျက် ဖြစ်သွားမှာ စိုးရိမ်ပါသည်။ ရေပန်းစားရုံ ထင်ပေါ်ရုံ မဟုတ်ဘဲ လမ်းမှန် ကမ်းမှန် လျှောက်နေသော နိုင်ငံရေးသမားများလည်း များစွာရှိပါသည်။ ပေါ်ပြူလာဖြစ်ချင်သဖြင့် ဖြတ်လမ်းနည်း အသုံးပြု နေသူများလည်း တွေ့နေရပါသည်။ တချို့ဆို ကိုယ့်ကိုယ်ကို ထောင်မကျ ကျအောင် လုပ်နေကြသည်။ (ထောင်ကျခြင်းမှာ နိုင်ငံရေးသမားတဦးအဖို့ သိက္ခာထပ်ခြင်းဖြစ်သည်။)
ကျနော်ကတော့ ကျနော်တို့နိုင်ငံသည် ဒီမိုကရေစီခရီးလျှောက်လှမ်းရန် များစွာကျန်နေသေးသည်ဟု ထင်ပါသည်။ ထို့ကြောင့် နိုင်ငံရေးသမားများကို စစ်မှန်သော နိုင်ငံရေးသတိ မပြတ်ရှိနေစေချင်ပါသည်။