နိုင်ငံရေးသမားများကို အလွယ်တကူ ပုတ်ခတ်စော်ကားလိုသူတွေ သုံးစွဲလေ့ရှိသော စကားလုံးတလုံးရှိသည်။ ယင်းမှာ “အာဏာရူး” ဟူသော စကားလုံးဖြစ်သည်။ ၈၈ အရေးအခင်းကာလ ဦးနုက သူသာလျှင် ပြည်သူကရွေးကောက် တင်မြှောက်ထားသော ဝန်ကြီးချုပ်ဖြစ်ပါသည်(၁၉၆၂ တွင် ဗိုလ်နေဝင်းက အာဏာကို လက်နက် အားကိုးဖြင့် လုယူခဲ့တာ ထင်ရှားစေချင်သည်) ဟု ကြေညာ၏။ သူက အစိုးရ (စင်ပြိုင်) ဖွဲ့သည်။ နိုင်ငံရေးပါး မဝသူတွေက ပွဲလန့်တုန်း ဖျာခင်းသည့် အာဏာရူးကြီးဟု ဝိုင်းစွပ်စွဲကာ ကန့်ကွက်ကြသည်။ ဦးနု၏ နိုင်ငံရေးခြေလှမ်းကို မရိပ်စားမိ။ ထိုအခြေအနေလည်း ပျက်ပြယ်သွားသည်။
နိုင်ငံရေးသမားဆိုတာ ဘယ်အချိန် ဘာလုပ်ရမည်ဆိုတာ တိတိကျကျသိရမည်။ အဲဒါကို ပွဲလန့်တုန်းဖျာခင်းသည် ခေါ်မရ။ အခြေအနေမှန်နှင့် အချိန်အခါမှန်ကို မသုံးတတ်၍ တိတိကျကျ အခွင့်အရေးကို မဆုပ်ကိုင်နိုင်သဖြင့် ကျနော်တို့ နိုင်ငံ၏ ဒီမိုကရေစီခရီးစဉ်မှာ ဤမျှကြာအောင် ရေစုန်မျောခဲ့ရခြင်းဖြစ်သည်။ ဦးနုက ဖျာခင်းတာတော့မှန်တယ်၊ သူထိုင်ဖို့မဟုတ်၊ မောင်တို့မယ်တို့ ထိုင်ဖို့ပါဟု ပြောခဲ့သည်။ သူက အာဏာ ရာထူး ဂုဏ်ရှိန်ကို မက်မောသူမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းက (ကျောင်းတုန်းက လုပ်ဖော်ကိုင်ဖက် သူ့ကို) ဖ.ဆ.ပ.လ အဖွဲ့ထဲ အတင်း ဆွဲသွင်းခဲ့ရသည်။ အာဏာရှိစဉ် ဝန်ကြီးချုပ်ဘဝကလည်း မကြာခဏပင် အနားယူရန် စီစဉ်ခဲ့သူဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း အာဏာ ရာထူးဂုဏ်ရှိန်ကို မက်မောသူမဟုတ်။ သူ့မိသားစု ဘဝလေးကို ရိုးသား အေးချမ်းစွာ တည်ဆောက်နေလိုသူသာဖြစ်သည်။ နေမကောင်းသော မိခင်ကြီးကို ပြုစုရန်ပြန်လာစဉ် ၈၈ အရေးအခင်းနှင့် ဆုံကြုံရသည်။ အားပေးကူညီရန် လူထုရှေ့ထွက်လာသောအခါ အားကိုးရာရှာနေသော လူထုက (သူတို့ကြည်ညိုသော ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဟူသောအသိဖြင့်) အုတ်အုတ်ကျက်ကျက် ထောက်ခံကြသည်။ သို့တိုင်အောင် သူက ပါတီ မထောင် နိုင်ငံရေးမလုပ်ဟု အတိအလင်း ပြောဆိုနေခဲ့သေးသည်။ ဒီတော့ နေရာယူချင်သူမဟုတ်တာ သေချာသည်။ ရာထူးဂုဏ်ရှိန်ကို မမက်မောသူဟု မြင်သည်။
အခြေအနေအရ သို့မဟုတ် သမိုင်း၏ပြဌာန်းချက်အရ ဒီမိုကရေစီခေါင်းဆောင်၊ ပါတီကြီးတခု၏ခေါင်းဆောင် ဖြစ်လာပြီးမှ “သမ္မတ လုပ်ချင်ပါသည်” ဟုပြောဆိုနေခြင်းကို အာဏာရူးဟု စွပ်စွဲစရာအကြောင်းမရှိ။ အာဏာ သို့မဟုတ် Power ဆိုသည်မှာ လုပ်ပိုင်ခွင့်ပင်ဖြစ်သည်။ လက်ထဲမှာ အာဏာမရှိလျှင် တိုင်းပြည်အပေါ် စေတနာရှိလှပါသည်ဟု အသံကုန်အောင် ဟစ်အော်နေစေပါဦး၊ အကောင်အထည်ဖော်နိုင်ခွင့် မရှိ။ သမ္မတဆိုတာ ဒီနေ့ဖွဲ့စည်းပုံအရ နိုင်ငံတော်၏ အကြီးအကဲ ၊ အမြင့်ဆုံးအာဏာပိုင်စိုးသူ။ တခုပဲရှိသည်၊ အာဏာကို နိုင်ငံနှင့်ပြည်သူအတွက် အသုံးချတာလား၊ ကိုယ့် အကျိုးစီးပွားအတွက် အသုံးချတာလား ဆိုသောကိစ္စ။
ယနေ့ ကမ္ဘာပေါ်တွင် အာဏာရှင်နိုင်ငံများသာမက ဒီမိုကရေစီ နိုင်ငံများတွင်ပါ အာဏာအလွဲသုံးစားမှုတွေ ပေါ်ပေါက်နေတာ အားလုံးအမြင်။ တချိန်က အာဏာရှိခဲ့သူတွေမှာ အခုတော့ ရာဇဝတ်ကောင်တွေအဖြစ် အရေးယူခံနေရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံကောင်းအောင် လုပ်နိုင်တာ မလုပ်နိုင်တာ မလုပ်နိုင်တာအပထား အာဏာကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးစီးပွားရှာမယ့်သူ မဟုတ်ဆိုတာကိုတော့ (သူ့ရဲ့ အတိုက်အခံတွေအပါအဝင်) တနိုင်ငံလုံးက သေသေချာချာ ယုံကြည်နေကြသည်။ ဒါဆို သူ သမ္မတ လုပ်ပစေပေါ့။ ခက်တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၃)၊ အပိုဒ်ခွဲ ၅၉(စ)က သူ သမ္မတဖြစ်ခွင့်ကို ကန့်သတ်ဟန့်တား၍ နေသည်။
ဒါဆို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမှာပေါ့။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မည်ဟူသော မဲဆွယ်စကားဖြင့် အနိုင်ရလာခြင်း ဖြစ်သည်။( အဲဒီတုန်းက ကျနော်က ဖွဲ့စည်းပုံကို ပြင်ဆင် ရန်မလွယ်ပါဟု ထောက်ပြသောဆောင်းပါး တပုဒ်ရေးခဲ့ပါသည်။ မတ်လ ၃၁ရက်နေ့ သူ့ခြံဝန်းအတွင်း ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို တနှစ်အတွင်းပြင်နိုင်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားခဲ့ပါသည်။) အဲဒီ ကထဲက ပြင်ဆင်ဖို့မလွယ်ဘူးလို့ ကျနော်ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လိုလျှင် အခန်း(၃) ၉၅(စ) ကိုပြင်ရမည်။ အခန်း(၁၂) အခြေခံဥပဒေပြင်ဆင်ခြင်းမှာ ဖော်ပြထားမှုအရ ထိုပြဌာန်းချက်ကို ပြင်ဆင်လိုလျှင် ပထမ သူတင်ပြသော ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အစုစု၏ ၂၀ရာခိုင်နှုန်းက ထောက်ခံမှသာ လွှတ်တော်က လက်ခံဆွေးနွေးမည်။
ယခုလွှတ်တော်ထဲရှိ NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ဦး (+ ဒေါက်တာ မြတ်ဉာဏစိုး) မှာ လွှတ်တော်ကိုယ်စားလှယ် ၆၅၉ ဦး နှင့် တွက်လျှင် ၇ ရာခိုင်နှုန်းသာရှိသည်။ ယခုကာလပိုင်းတွင် တိုင်းရင်းသားများ၏ ထောက်ခံမှုမှာလည်း ကျဆင်း၍နေသည်။ ဒီတော့ ၂၀ ရာခိုင်နှုန်းပြည့်ဖို့ မလွယ်။ ဥပဒေမူကြမ်းတင်ကာ လွှတ်တော်၏ လက်ခံဆွေးနွေးမှုအဆင့် ရောက်ဖို့ပင်မလွယ်။ ကံကောင်း၍ ထိုအဆင့်ကို ဖြတ်ကျော်နိုင်သည်ထားဦး၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ကျော်က သဘောတူထောက်ခံဖို့လိုပါသည်။ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ချန်လှပ်ကာ ကျန်အရပ်သား ကိုယ်စားလှယ် အားလုံးက ထောက်ခံပါမည်လား။
ကြံ့ခိုင်ရေးပါတီ၊ တစည နှင့် တိုင်းရင်းသား ပါတီတွေက ဒေါ်စု သမ္မတဖြစ်ရေးအတွက် ထိုဥပဒေပါအချက် ၉၅ (စ) ကိုပြင်ဆင်ရန် တညီတညွတ်တည်း သဘောတူကြလိမ့်မည်ဟု ယုံကြည်ရန် ခဲယဉ်းလှပါသည်။ ကိုယ့်ပါတီက ခွဲထွက်သွားသော ပါတီများနှင့်လည်း ကျောင်းတော်က ရန်စကို အဆုံးမသတ်နိုင်သေး။ ထားပါတော့၊ ထို ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံပါပြီတဲ့။ မပြီးသေး၊ ၇၅ ရခိုင်နှုန်းကျော်ကျော်က ထောက် ခံရမည် ဆိုသည့်အတွက် တပ်မတော်ကိုယ်စားလှယ်များဘက်က ထောက်ခံမှုရဖို့ လိုသေးသည်။ ဒါကြောင့် ဒေါ်စုက “ရဲရဲတောက် သတ္တိရှိတဲ့ တပ်မတော်သားတယောက် ပေါ်ထွန်းလာဖို့လိုတယ်” ဟု ထုတ်ဖော်ပြောနေခြင်းဖြစ်သည်။
သို့သော် တကယ်တမ်းမှာတော့ တယောက်မက လိုပါသည်။ လူ ၁၀၀ တွင် ၇၆ ယောက် ထောက်ခံမှ ရပါမည်။ တပ်မတော် ရဲ့သဘောက တသွေး တသံ တမိန့်။ အထက်က ညွှန်ကြားချက်အရသာ ဆောင်ရွက်ရသည်။ အထက်ကတော့ ထောက်ခံလိုက်ဟု ညွှန်ကြားလိမ့်မည် မထင်။ ဤကာလများအတွင်း အစိုးရအဖွဲ့ (ဦးသိန်းစိန်)၊ လွှတ်တော် (ဦးရွှေမန်း) နှင့် ကြံ့ဖွံ့ပါတီ (ဦးဌေးဦး) တို့ကို စည်းရုံးအပြီး ဒေါ်စုသည် တပ်မတော်ကို စည်းရုံးရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။ NLD သဘာပတိကြီး ဦးဝင်းတင်ကပင် “ဒေါ်စုက တပ်မတော်အပေါ် ပျော့ပြောင်းလွန်းတယ်” ဟု ထုတ်ဖော်ဝေဖန်လာသံ ကြားရ၏။ လက်ပံတောင်းတောင် ကိစ္စအပါအဝင် တပ်မတော်နှင့် ပတ်သက်၍ ဒေါ်စု၏ စွန့်လွှတ်အနစ်နာခံမှု (Sacrifice) မှာ ထိုက်တန်ပါရဲ့လော သံသယဝင်သူတွေက ဝင်သည်။
အခုတော့ ၂၀၁၅ ရွေးကောက်ပွဲရောက်ရန် အချိန်အတော် လိုသေးသောကာလမှာ သမ္မတလုပ်လိုသူ သုံးယောက်ပေါ်ထွန်း လာသည်။ ဦးသိန်းစိန်သည် ယခင်က သူ့ကျန်းမာရေးအရ သက်တမ်းတကြိမ်သာ ထမ်းဆောင်မည်ဟု ပြောခဲ့သော်လည်း နောက်တော့ တိုင်းပြည်က လိုအပ်နေပါက ဆက်လက်ထမ်းဆောင်ပါမည်ဟု စကားပြင်ပြောခဲ့၏။ ဤသုံးယောက်ထဲမှ သမ္မတဖြစ်ရန် တယောက်ယောက်ကို ထောက်ခံပါ ဆိုပါက တွေဝေ စဉ်းစားနေစရာ အကြောင်းမရှိ၊ ဒေါ်အောင်ဆန်း စုကြည်ကိုသာ ရွေးချယ်ပါသည်။ လေးနက်အောင် ထပ်ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို အပြည့်အ၀ ခြွင်းချက်မရှိ ထောက်ခံပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတဖြစ်မဖြစ် အလောင်းအစား လုပ်မည်ဆိုပါက မဖြစ်တဲ့ဘက်က နေပါမည်။