စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်မည့် မှတ်ပုံတင်စနစ်ကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရန် အချို့သော ပုဂ်္ဂိုလ်များ အသည်းအသန် ကြိုးပမ်းနေကြတာ မြင်ရသည့်အခါ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် စပ်လျဉ်း၍ စိုးရိမ် ကြောင့်ကြစရာ ဖြစ်ရသည်။
ဒါသည် ကူးပြောင်းမှု ရပ်တန့်သွားသည့် ဖြစ်စဉ် တစ်ရပ်လော၊
သို့မဟုတ်၊ အများပူပန်သလို နောက်ကြောင်းပြန်ခြင်း လော၊
ဒါမှမဟုတ်၊ မူလကတည်းက အပေါ်ယံကြောသာ လုပ်၍ တကယ်တမ်း ပြောင်းလဲလိုသော ဆန္ဒမရှိခဲ့ခြင်း လော၊
စဉ်းစားစရာတွေ အများကြီးရှိသည်။
အစဉ်အဆက် ရရှိခဲ့သော အထူး အခွင့်အာဏာများကို မစွန့်လွှတ်နိုင်တာလည်း ဖြစ်နိုင်သည်။ ဒီမိုကရေစီ၊ ဒီမိုကရေစီ ဟူ၍ ပြောနေကြသော်လည်း ၎င်းတို့ ပြောဆိုကြသည့် ဒီမိုကရေစီက အများပြည်သူ လိုလားနှစ်သက်သည့် ဒီမိုကရေစီမျိုး မဟုတ်တာလည်း ဖြစ်နိုင်သည်။
အထူးသဖြင့်၊ စာနယ်ဇင်းနှင့် ပတ်သက်သည့် အပိုင်းတွင် စတုတ္ထမဏ္ဍိုင် ဟူသော စကားကို နှုတ်ဖျားက ပြောနေကြသော်လည်း အမှန်တကယ် နှစ်သက်လိုလားသူ ဘယ်နှဦးရှိသလဲဆိုတာ တွက်ဆစရာ ဖြစ်လာသည်။
ယခုတစ်လောတွင် စာနယ်ဇင်းလွတ်လပ်ခွင့် ဟူသည် ကို မနှစ်မြို့စရာလိုလို၊ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာလိုလို ပြောဆိုချင်တာတွေလည်း တွေ့လာရသည်။ အဲဒါသည် သူတစ်ပါး လွတ်လပ်ခွင့်ကို မိမိလက်ထဲ ဆုပ်ကိုင်ထားချင် သူတို့၏ သဘောဖြစ်သည်။
ဒီမိုကရေစီ ဆိုလျှင်တော့ လူတစ်ဦးချင်းတို့၏ လွတ်လပ်ခွင့်များကို လေးစား တန်ဖိုးထားရလိမ့်မည်။ အများပြည်သူသည် လွတ်လပ်ခွင့်နှင့် မထိုက်တန်သေး။ မိမိ ထိန်းချုပ်ပဲ့ကိုင်မှ ရမည်ဟု မှတ်ယူခြင်းသည် အာဏာရှင် စိတ်ဓာတ်ဖြစ်သည်။
ယခုဆိုလျှင် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ရှေးရှု ကူးပြောင်းသည်ဆိုတာ နှစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သည်အပြောင်းအလဲသည် အပေါ်က စတင်သော အပြောင်းအလဲဟု အချို့က ဆိုကြသည်။
ဟုတ်သလောက်လည်း ဟုတ်ပါလိမ့်မည်။
သို့သော်၊ အာဏာ လက်ငုတ် ပုဂ်္ဂိုလ်တို့က ဘာအတွက် အခြောက်တိုက် ပြောင်းမည်လဲ။ ဖြစ်နိုင်လျှင် အဲသည် အနေအထားမှာ ထာဝရနေမည်ပေါ့။
ထို့ကြောင့်၊ မပြောင်းမဖြစ်၍ ပြောင်းသည်။ သို့မဟုတ် အခြေအနေအရပ်ရပ်ကို ကြည့်ကာ ပြောင်းမှ ဖြစ်မည်ဟု သဘောပေါက်သဖြင့် ပြောင်းခဲ့သည်ဟု ဆိုချင်သည်။
သို့သော် ပြောင်းသည့်အခါမှာ ကိုယ်က ဦးဆောင်သည့် အနေအထားမှာပဲ ဆက်လက် တည်ရှိနေအောင်၊ ပြောင်းလဲမှု ဖြစ်စဉ်ကိုလည်း မိမိကပင် ဆက်လက် ထိန်းကျောင်း နေနိုင်အောင် အဲသည်လို အစီအစဉ်မျိုးနှင့် ပြောင်းတာ အများအမြင် ဖြစ်သည်။
ထို့ကြောင့်၊ အပြောင်းအလဲတွေ စတင်ချိန်၌ စောင့်ကြည့်သူတွေက ခင်ဗျားတို့ဟာက ဘာပြောင်းသလဲ၊ ဆိုင်းဘုတ်ပြောင်းချိတ်တာပဲ၊ အကျႌလဲဝတ်တာပဲ၊ လူမလဲဘဲ ကျောနံပါတ်လဲပြီး ပြန်ဝင်လာတာပဲ စသဖြင့် ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။ သည်လို ဝေဖန်သည့်အခါ ပြန်လည် တုံ့ပြန်သည့် ဆင်ခြေစကားတစ်ခုက လူမပြောင်းပေမယ့် မူပြောင်းသည် တဲ့။ လူပြောင်းဖို့ထက် မူပြောင်းဖို့က ပိုအရေးကြီးသည် မဟုတ်လား တဲ့။
ဒါကိုပဲ ပိုပြီး စကားတတ်သူတွေကျတော့ “ဒါရိုက်တာ မပြောင်း၊ မင်းသားလည်း ထိုနည်း၎င်း၊ သို့သော် ဇာတ်ညွှန်းကတော့ ပြောင်းသွားပြီဗျ” ဟု ဆိုသည်။
အရင်တုန်းက ဇာတ်ညွှန်းမကောင်းသဖြင့် မင်းသားသည် လူထုချဉ်ဖတ် ဖြစ်ခဲ့ရသည်။ ယခု ဇာတ်ညွှန်း ပြောင်းလိုက်ပြီဆိုတော့ လူထုအချစ်တော် မင်းသားလေးဖြစ်အောင် သရုပ်ဆောင်နိုင်တော့မည်ဟု ဆိုချင်သောသဘော။
သို့သော်၊ တစ်သက်လုံး ဘီလူးလုပ်လာခဲ့သူကို ဒီတစ်ခါတော့ မင်းသားနေရာကဟေ့ဟု ဆိုလျှင် သူ ကတတ်မည်လား။ ဘီလူးအမူအရာ အကျင့်အကြံတွေ ပျောက်မည်လား။
မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်တို့သည် ဘီလူးများကို မလိုချင်၊ မင်းသားများကိုသာ ကြည့်ချင် မြင်ချင်ကြသည် ဖြစ်ရာ၊ နဂိုမူလ ဘီလူးများ မင်းသားအဖြစ် ပြောင်းလဲကြမည် ဆိုသောအခါ ယုံနိုင်ရန် ခက်သော်လည်း အကောင်းကို မျှော်သောစိတ်ဖြင့် စောင့်ကြည့်ခဲ့ကြသည်။
အစပိုင်းမှာ မဆိုးဘူးဟု ထင်စရာ အပြုအမူတွေ မြင်ရတော့ ဝမ်းသာကြသည်။ သို့သော်၊ ဇာတိလက္ခဏာ ပြန်ပေါ်တာတွေ မကြာခဏ တွေ့လာရတော့လည်း စိုးရိမ်ကြသည်။
သူ တကယ် ပြောင်းနိုင်ပါ့မလား၊ ပြောင်းရင်ကော ဘယ်လောက်အထိ ပြောင်းမှာလဲ။
အနောက်တိုင်းသားတို့ကတော့ ကျားသစ်တို့မည်သည် ခန္ဓာကိုယ်ပေါ်ရှိ အကွက်အပြောက်များကို မပြောင်းလဲနိုင်ဟု ဆိုသည်။ သည်သဘောကိုပဲ အရှေ့တိုင်းသားများက ကျားသည် သူ့ကိုယ်ပေါ်က ကန့်လန့်စင်းများကို မဖျောက်နိုင်ဟု ဆိုသည်။
ကျား၊ ကျားသစ်တို့ကို ဥပမာထား ပြောဆိုနေကြ သော်လည်း စင်စစ် လူတို့၏ အကျင့်စရိုက်များအကြောင်း ပြောလိုခြင်း ဖြစ်သည်။
လူတို့သည် စွဲမြဲပြီးသော အကျင့်စရိုက်များကို မဖျောက်ဖျက်နိုင်။ အထူးသဖြင့် မကောင်းသော အကျင့် စရိုက်များမှာ အနေကြာ အရိုးစွဲပြီးနောက်တွင် ပြင်ဆင်ဖို့ရာ အလွန် ခက်သည်။ ဘယ်လောက် ခက်သနည်းဟူမူ၊ အထက်က ဆိုခဲ့သည့် ကျား၊ကျားသစ်တွေ ၎င်းတို့ ကိုယ်ပေါ်က အစင်းများ အပြောက်များကို ပြောင်းလဲဖို့ ပယ်ဖျက်ဖို့ ခက်သလောက်ပင် ခက်ခဲသည်။ တစ်နည်း ပြောသော် ပြင်ဖို့ရာ မဖြစ်နိုင် ဟူ၍ ဆိုခြင်း ဖြစ်သည်။
သို့သော် သည်ခေတ်မှာတော့ ဆံပင်ဆိုးဆေးတွေ အမျိုးမျိုးပေါ်နေရာ ကျား-ကျားသစ် အရေပြားများပေါ်တွင် လိုရာအကွက်အဆင်တွေ ခြယ်သလို့ ရချင်ရနေလိမ့်မည်။ ကျားကိုယ်ပေါ်မှာ အကွက်အပြောက်တွေ ရေး၊ ကျားသစ်ကို ကန့်လန့်စင်းတွေ ခြယ်ပေး။
အဲဒါဆိုလျှင် ကျားက ကျားသစ်ဖြစ်၊ ကျားသစ်က ကျားဖြစ်။ အဲသလို အပြောင်းအလဲဖြစ်နိုင်သည်။
အရေးကြီးတာက ဆိုးဆေးကောင်းဖို့ပဲ။
သည်လိုပဲ၊ ဘီလူးတွေကော မင်းသားဖြစ်အောင် မလုပ်နိုင်ဘူးလား။
ဒဿဂီရိကို ယခုခေတ် အဆင့်မြင့်လာသည့် ပလတ်စတစ်ဆာဂျရီ နည်းပညာဖြင့် ပြုပြင်ပေးနိုင်လျှင် ခေါင်းစွပ်မပါဘဲ မင်းသားဖြစ်နိုင်သည်။ အဲ၊ မျက်နှာချည်းပြင်ရုံနှင့်တော့ ကိစ္စပြီးမည်မဟုတ်။ အစွယ်လည်း နုတ်ဖို့ လိုလိမ့်မည်။ သို့မဟုတ်လျှင် ပြုံးလိုက်သည့်အခါတိုင်း (ရှင်ဥတ္တမကျော် တောလားထဲကလို) ဘီလူးသွားသည် လဖြဲတည်း ဖြစ်နေပေမည်။
(၂၀၁၃ ဇူလိုင်လ ၁၃ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ (၃)၊ အမှတ် (၁၅၅) ပါ ဆရာ ဖေမြင့်၏ “ဘီလူးများ မင်းသားလုပ်လိုသော် အစွယ်ကို နုတ်ဖို့ လိုမည် [ဖေမြင့် – အတ္တနောမတိများ]” ကို ဆရာ ဖေမြင့်၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြပါသည်။)