ကျမက ကဗျာကို တော်တော်လေး စိတ်ဝင်စားသူပါ။ ကိုယ်တိုင် က ကဗျာရေးနေသူတစ်ယောက် ဖြစ်တဲ့အပြင် ကလေး မိခင်တစ်ဦးလည်း ဖြစ်တာမို့ ကလေးကဗျာကို အင်မတန်မှ စိတ်ဝင်စားပါတယ်။ ကဗျာရေးသူတစ်ယောက် အနေနဲ့ ပြောရမယ် ဆိုရင်ဖြင့် ကလေးကဗျာဟာ အင်မတန်ကိုမှ ရေးရခက်တဲ့ ကဗျာပါ။ ကလေးရဲ့ အတွေး၊ ကလေးရဲ့ စိတ်ကူး၊ ကလေးရဲ့ အမြင်ကို ကလေးရဲ့ရှူထောင့်ကနေပြီးတော့ ကဗျာဆရာဟာ မြင်နိုင်ရမှာ ဖြစ်သလို ကလေးတို့ ပါတ်ဝန်းကျင်ကို ချစ်လာအောင်၊ သတိထားမိလာအောင်၊ စူးစမ်းတတ်လာအောင်နဲ့ လောကကို အလှအဖြစ် မြင်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ကလေးကဗျာကို ရေးဖွဲ့ရပါမယ်။
အဲဒီ့လိုပဲ ကလေးတို့ဟာ ကဗျာလေးတွေ ရွတ်ရင်းနဲ့ တစ်နှစ်သုံးလေးကို သိလာမယ်။ ရာသီတွေရဲ့ အပြောင်းအလဲကို သိလာမယ်။ ကိုယ့်ယဉ်ကျေးမှုရဲ့ အကြောင်းကို နားလည်လာမယ်။ အသံတွေ၊ ကာရန်တွေကို သိလာရပါမယ်။ ပြီးတော့လည်း ကလေးတို့အတွက် စပ်ဆိုထားတဲ့ ကလေးကဗျာဟာ ကလေးတို့တတွေ ပျော်ပျော်ရွှင်ရွှင် လိုလိုချင်ချင်နဲ့အားပါးတရ ရွတ်ဆိုချင်စိတ်ရှိအောင် စပ်ဆိုရပါမယ်။ ဒါဟာ ကလေး ကဗျာ ရဲ့ တကယ့်ပင်မ သဘောတရားကြီးပါပဲ။ ဒီသဘောတရားကြီး တစ်ခုလုံးကို ပါအောင်လို့ ကလေးကဗျာ စပ်ရတာဟာ တကယ်တော့ လူကြီးကဗျာ ကို စပ်ဆိုရတာထက် အများကြီးခက်လှပါတယ်။
ဒီလိုခက်လှတဲ့ ကလေးကဗျာကို လွယ်လွယ်လေးရယ်လို့ ထင်ရလောက်အောင် စပ်ဆိုသွားကြတဲ့ ကလေးကဗျာ ဆရာကြီးများ ကျမတို့ရဲ့ မြန်မာစာပေလောကမှာ ရှိခဲ့ပါတယ်။ သူတို့ကတော့ ဆရာဒေါက်တာမောင်ဖြူးနဲ့ ဆရာမင်းသုဝဏ်တို့ပါပဲ။ ဆရာမင်းသုဝဏ်ဟာ ဆိုရင်ဖြင့် ကလေးတို့ ပတ်ဝန်းကျင်ကို သတိထားမိစေဖို့အတွက် လူကလေးတို့ရဲ့မိတ်ဆွေ ငှက်ကလေးတွေ ဆိုပြီးတော့ ရှုမဝမှာ ငှက်ကလေးတွေအကြောင်း အများကြီးဖွဲ့ဆိုသွားပါတယ်။ ဥပမာ တစ်ခု ထုတ်ပြရရင်ဖြင့် “ကိုဇီးကွက်” ဆိုတဲ့ ကဗျာ ကိုပဲ ဖတ်ကြည့်ကြပါဦး။
နေ့ခါ အိပ်လို့ ညခါထွက်
သစ်ခေါင်းထဲက ကိုဇီးကွက်။
သူ့မျက်စိက ရှေ့ကိုမျှော်
ပြူးပြူးပြဲပြဲ စိန်းစိန်းနော်။
မော့လိုက် ငုံ့လိုက် ဦးညွတ်လိုက်
သူကြည့်ပုံက စူးစူးစိုက်။
ညဉ့်မှောင်ခိုက်မှာ ကြွက်ကိုရှာ
ဖားငယ် သားငယ် ပိုးမွှားပါ။
လသာသာမှာ ဆူညံလျက်
ဇီးကွက် ဇီးကွက် ဇီးဇီးကွက်
မျက်ပြဲ ဇီးကွက် ကိုဇီးကွက်
ဒီကဗျာလေးမှာ ဆိုရင်ဖြင့် ကလေးတို့ဟာ ကဗျာဖတ်ပြီးတာနဲ့ဇီးကွက်လေး အကြောင်း သိသွားပါတော့တယ်။ ဇီးကွက်လေး ညမှာ အစာရှာထွက်တာ၊ ကြွက်၊ ဖား စတာတွေကို စားတာ၊ သစ်ခေါင်းထဲမှာ နေတာ စသဖြင့် ကဗျာကို ဖတ်ရင်းနဲ့ကလေးတို့ သိသွားစေနိုင်ပါတယ်။ အသံသိပ်သာတဲ့ ဒီကဗျာလေးကို ရွတ်ရင်းဖတ်ရင်းနဲ့ပဲ ကလေးတို့ဟာ ငှက်လေးတွေကို ချစ်တတ်၊ စိတ်ဝင်စားတတ် လာစေပါတယ်။
အဲဒီလိုပဲ “ခေါင်းအုံးကြီး”ဆိုတဲ့ ကဗျာမှာလည်း ကလေးတို့ ခေါင်းအုံးကို မြင်းလုပ်စီးတတ်တဲ့ သဘာဝကို ဆရာက စပ်ဆိုခဲ့တာပါပဲ။ ဆရာတို့ရဲ့ ကဗျာတွေမှာ ကလေးသဘာဝနဲ့ ကင်းလွတ်တာ၊ ကလေး နားမလည်တာ ဘာဆိုဘာမှ မပါပါဘူး။
သင်ကြားခံလိုက်ရမှန်းကိုတောင် ကလေးက မသိဘဲ ရွတ်ရင်းဆိုရင်းနဲ့ပဲ သိသွားကြ၊ ကဗျာလေးတွေကို ချစ်သွားကြတာပါပဲ။ ကလေးတို့ဟာ ကဗျာလေးတွေကို ရွတ်ရင်းဖတ်ရင်းနဲ့ပဲ ကာရန်လေးတွေပါ သိသွားကြတာမို့ စာသင်ကြားတဲ့ အခါမှာလည်း ကားလို့ ဆရာမက သင်လိုက်တာနဲ့ ခ ခွေးဆိုရင် ခါး၊ ပ ဆိုရင် ပါး လို့ အလိုလိုသိသွားကြပါတယ်။ ကဗျာကို စိတ်ဝင်စားတဲ့၊ ကဗျာလေးတွေရဲ့ ကာရန်ကို သိတဲ့ ကလေးများဟာ စာဖတ်တတ်ဖို့ ပိုလွယ်ကြပါတယ်။ ဒါကြောင့်မို့လို့ ကလေးကဗျာ ဟာ စာစသင်တဲ့ ကလေးများ အတွက် မရှိမဖြစ် ရွတ်ဆိုကြရမယ့် စာပေအမျိုးစားမို့ သိပ်ကိုမှ အရေးကြီးလှပါတယ်။
ဒါပေမယ့် ဝမ်းနည်းစရာကောင်းအောင်ပဲ ကျမတို့ရဲ့ အစိုးရ ပထမတန်း မြန်မာဖတ်စာ စာအုပ်ထဲက ကလေးကဗျာ တချို့ကတော့ ခြောက်နှစ်အရွယ် ကလေးများနဲ့ မလိုက်ဖက်လှတဲ့ လူကြီး ကဗျာကြီးတွေ ဖြစ်လို့နေပါတယ်။ ဘယ်လို ရည်ရွယ်ချက်၊ ဘယ်လို စိတ်ကူးစိတ်သန်းတွေနဲ့ သင်ရိုးညွှန်းတန်းထဲမှာ ထည့်ထားရသလဲဆိုတာကိုတော့ ကျမ နားမလည်နိုင်ပါဘူး။
ပထမဆုံး ပြောရမယ်ဆိုရင် “သူ့ကျေးဇူး”ဆိုတဲ့ ကဗျာကိုပဲကြည့်ပါ။
သူ၏ကျေးဇူး၊ ရှိပေဖူး
အထူးသိအပ်စွာ။
ကျေးဇူးသိက၊ ဖြစ်သမျှ
နှစ်ဝသုခိတာ။
ကျေးဇူးချေပစ်၊ တရားလစ်
နွမ်းညစ်စည်းစိမ်မှာ။
ဒီကဗျာဟာ ခြောက်နှစ်အရွယ် ကလေးတို့ရဲ့ ပထမတန်း ဖတ်စာမှာပါတဲ့ကဗျာပါ။ ဒီကဗျာဟာ အမှန်တော့ ကလေးကဗျာ မဟုတ်ပါဘူး။ ခြောက်နှစ်အရွယ ်ကလေးတစ်ယောက်ဟာ နှစ်ဝသုခိတာ ဆိုတဲ့ အသုံးမျိုး၊ တရားလစ်ဆိုတဲ့ အသုံးအနှုန်းမျိုးကို နားလည်နိုင်လောက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး မရှိသေးပါဘူး။
ကလေး ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို လေ့လာသူလည်းဖြစ်၊ မူလတန်းအရွယ်ကလေး သင်ရိုးညွှန်းတန်းကို ဆွဲသူ ပညာရှင်ကြီးလည်း ဖြစ်တဲ့ Jean Piaget က နှစ်နှစ်မှ ခုနှစ်အရွယ် ကြားမှာရှိတဲ့ ကလေးတို့ရဲ့ သင်ယူမှုဟာ sensorimotor period ကာလလို့ ခေါ်တယ်လို့ ဆိုပါတယ်။ သူတို့လေးတွေဟာ အကျိုးနဲ့အကြောင်း စတာတွေကို ယုတ္တိဗေဒကျကျ နားမလည်နိုင်ကြသေးပါဘူး။
သူတို့ရဲ့ ဦးနှောက်ကိုက ယုတ္တိဗေဒကျကျ အကျိုးအကြောင်းနားလည်ဖို့ အတွက် လက်မခံနိုင်သေးတာပါ။ ကျေးဇူးဆိုတဲ့ စကားကို ကလေးနားလည်ဖို့နဲ့ ကျေးဇူးကန်းတယ်ဆိုတာ ဘယ်လိုဆိုတာ ကလေးနားလည်ဖို့ အတွက် ရှင်းပြဖို့ ဘယ်လိုမှ မလွယ်သေးတဲ့ အရွယ်ပါ။ စကားလုံးတွေကလည်း ကလေးနားမလည်လောက်တဲ့ စကားတွေ ဖြစ်လို့ နေပါသေးတယ်။
နောက်ထပ် ဒီကဗျာထက် ဆိုးတဲ့ ကဗျာကတော့ “အချမ်းနဲ့အလွမ်း”ဆိုတဲ့ ကဗျာပါ။ ကဗျာလေးက လူကြီးတစ်ယောက် အတွက်တော့ အင်မတန်မှ ကောင်းတဲ့ကဗျာလေးပါပဲ။ ဒါပေမယ့် ကလေးတစ်ယောက်အတွက်ကတော့ ဘယ်လိုမှ နားလည်ဖို့ မလွယ်တဲ့ ကဗျာတစ်ပုဒ်ပါ။ ကလေးဖတ်ဖို့ အတွက်ရေးထားတဲ့ ကဗျာလည်းမဟုတ်ပါဘူး။ ဖတ်ကြည့်ပါဦး။
မနက်လည်းခြုံ
ညလည်းခြုံ
ခြုံနေရင်းက ချမ်းနေမြဲ
မနက်လည်းဆုံ
ညလည်းဆုံ
ဆုံနေရင်းက လွမ်းနေမြဲ
ဒီကဗျာကို ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ပထမတန်း ဖတ်စာမှာ ထည့်ထားလဲ ဆိုတာကို ကျမ စဉ်းစားလို့ မရပါဘူး။ တကယ်တော့ လူပျိုပေါက်၊ အပျိုပေါက် အရွယ် ခုနှစ်တန်းတို့ ရှစ်တန်းတို့မှာ သင်ကြားရမယ့် ကဗျာ အမျိုးအစားပါ။
နောက်ကဗျာကတော့ “ပညာ”ဆိုတဲ့ကဗျာပါ။
ပညာပြည့်၀ နှလုံးလှသော်
ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်
ကျဉ်းကျယ် ထွင်းဖောက် ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏” တဲ့။
ပထမတန်း အရွယ် ခြောက်နှစ်ကလေး နားလည်နိုင်၏ မနိုင်၏ ကို စဉ်းစားကြပါဦးလို့ပဲ ကျမ ဆိုချင်ပါတော့တယ်။
တကယ်တော့ ကဗျာကောင်း စာကောင်းတိုင်း ဖတ်ကြဟဲ့ သင်ကြဟဲ့ ဆိုပြီးတော့ သင်ရိုးညွှန်းတန်းထဲကို ထည့်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ကလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု မိုင်တိုင် အဆင့်နဲ့ချိန်ညှိပြီးတော့မှသာ ထည့်သင့်ပါတယ်။ ကလေးတို့ လိုက်နာဖို့အတွက်၊ ယဉ်ကျေးလိမ္မာဖို့အတွက် ထည့်ချင်တယ် ဆိုရင်လည်း ကလေး နားလည်လောက်တဲ့ စကားနဲ့ ကလေးကဗျာဖြစ်အောင် စပ်ဆိုပြီးမှသာ ထည့်သင့်ပါတယ်။
ကျမတို့ မြန်မာစာပေလောကမှာ ကလေးကဗျာကို စေတနာပါပါ၊ တာဝန်ကျေစွာနဲ့ စပ်ဆိုခဲ့ကြတဲ့ ဆရာမောင်ဖြူး၊ ဆရာမင်းသုဝဏ်၊ ဆရာတင်မိုးတို့ရဲ့ ကလေးကဗျာနဲ့တူတဲ့ ကလေးကဗျာ များစွာ ရှိပါတယ်။ တခေတ်တခါတုံးကတော့ အကြောင်းအမျိုးမျိုးကြောင့် ဒီဆရာကြီးတွေရဲ့ ကဗျာတွေကို အစိုးရ သင်ရိုးညွှန်းတန်းမှာ သုံးခွင့်မရခဲ့ကြပါဘူး။ ဒါပေမယ့်လည်း အခုအခါမှာတော့ ကလေးများအတွက် သုံးလို့ ရနိုင်လောက်ပြီလို့ မျှော်လင့်မိပါတယ်။
ကလေးများရဲ့ အကျိုး၊ အနာဂါတ် မြန်မာစာပေရဲ့ အကျိုးအတွက် မြန်မာစာပေ သင်ရိုးညွှန်းတန်းထဲက ကလေးကဗျာနဲ့ မတူတဲ့ ကဗျာများကို ဖယ်ရှားပြီးတော့ ကလေးကဗျာစစ်စစ်များကို ကလေးတို့ ရွတ်ဆိုဖို့ ပြဋ္ဌာန်းပေးကြပါလို့ တိုက်တွန်းလိုက်ရပါစေ။