“မိန်းမဆိုတာ လှရင်လည်းလှမှ၊ မလှရင် တော်မှ၊ အဲဒီနှစ်ခု စလုံး မဟုတ်ရင်တော့ ဖွဲပဲ” ဆိုသည့် စာရေးဆရာမကြီး ကြည်အေး၏ ဝတ္ထုတပုဒ်ထဲမှ စာသား တခုကို အမှတ်ရမိသည်။ အတိအကျတော့ ဟုတ်ချင်မှ ဟုတ်မည်၊ အဓိပ္ပာယ်ကတော့ ထိုအတိုင်းသာ။
ဆရာမကြည်အေး၏ “လှရင်လှမှ၊ မလှရင်လည်း တော်မှ” ဆိုသည့် စကားက ကျမတို့ လူငယ်အရွယ်က စာကြမ်းပိုး မိန်းကလေးများကို အတော်လွှမ်းမိုးခဲ့သည်။ တော်မှ ဆိုသည်မှာ ကျောင်းစာတခုတည်းကို ဆိုလိုခြင်းမဟုတ်ကြောင်း ကျမတို့ နားလည်ခဲ့ကြသည်။ ကိုယ့်ကိုယ်ကိုယ် မလှဘူးဟု သိနေသည့် ကျမအတွက်တော့ ဆရာမကြည်အေး၏ အဆို “ဖွဲ” မဖြစ်ရန် ကြိုးစားရမည် ဆိုသော အသိစိတ်ကလေး တခု ဝင်ခဲ့သည်ဆိုလျှင် မမှားပါ။ သို့သော် ယနေ့အချိန်အထိ ကိုယ့်ကိုယ်ကိုယ် ဖွဲလား၊ ဆန်ကွဲလား၊ ဆန်လား ဆိုသည်ကိုတော့ မဝေခွဲနိုင်ခဲ့ပါ။ တခါတရံ ကြိုးစားတိုင်း မဖြစ်သည့် အနေအထားမျိုးနှင့် ကြုံကြိုက်ရတိုင်း၊ လှပသည့် မိန်းကလေးများ၏ အခွင့်အရေးတချို့ကို မြင်တွေ့ရတိုင်း မိန်းကလေးတွေရဲ့ တန်ဖိုးဆိုတာ အလှတရားပါလား ဟုပင် ဝေဝေဝါးဝါး တွေးခဲ့မိသည်။
အခု အသက်အရွယ် ရောက်လာတော့ မိန်းကလေးများ၏ တန်ဖိုးမှာ အလှအပ တခုတည်းမဟုတ်ကြောင်း ကျမ နားလည် သဘောပေါက်ခဲ့ရပြီ။ ငယ်ရွယ်နုပျိုစဉ်တွင် မိန်းကလေးတိုင်း လှကြပါသည်။ ငယ်ဂုဏ်ဟု ဆိုရမလား မသိ။ အခုခေတ် တွင်တော့ မလှလျှင်လည်း လှအောင်ဖန်တီးသည့် နည်းလမ်းမျိုးစုံ ရှိနေပြီဖြစ်သောကြောင့် မိန်းကလေးတိုင်း မလှရန် မပူရတော့ဟု ဆိုနိုင်သည်။ ထို့ကြောင့် ဆရာမကြည်အေး ရေးသလို လှရင်လည်းလှမှ၊ မလှရင်လည်း တော်မှ ဆိုသည့် စကားကို ကျမ သိပ်လက်မခံချင်တော့။ မိန်းကလေးဆိုတာ လှလှ၊ မလှလှ တော်မှဟု ကျမ ပြင်ဆင်ချင်သည်။ လှလည်းလှ တော်လည်း တော်လျှင်တော့ အကောင်းဆုံးပေါ့။
လှသည်ဟု ဆိုရာတွင်လည်း ပြင်ပ ရုပ်တခုတည်းသာ မဟုတ်ဘဲ စိတ်ပါလှရမည် ဖြစ်သည်။
ရုပ်ကော စိတ်ပါလှပြီး တော်လည်းတော်သော မိန်းကလေးတဦးကို ကျမတို့ မြန်မာနိုင်ငံအတွက် ရရှိခဲ့ပြီးပါပြီ။ တခြားသူတော့ မဟုတ်ပါ၊ Miss Myanmar ဆုရ ပအို့ဝ် တိုင်းရင်းသူကလေး နန်းခင်ဇေယျာ၊ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အဖြစ် ၂၀၁၂ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲ ဝင်ခွင့်ရခဲ့သူ။ သူ့ကို အားပေးသည့် မြန်မာ အွန်လိုင်း ပရိသတ်ကြီးကြောင့် ပရိသတ်အကြိုက်ဆုံး ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ထိုဆုကို ဆွတ်ခူးရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြန်ရောက် လာချိန်တွင်လည်း နာရေးကူညီမှု အသင်းကဲ့သို့သော လူမှုရေး အဖွဲ့အစည်းမှစ၍ လူမှုရေး လုပ်ငန်းများတွင် တတ်စွမ်းသရွေ့ ဝင်ရောက် လုပ်ကိုင်နေသည်ကို တွေ့ကြရသည်။ မြန်မာအွန်လိုင်း ပရိသတ်အနေဖြင့် သူ့ကို အားပေးရကျိုး နပ်ခဲ့သည်ဟု ဆိုချင်သည်။
ယခင်က နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများကို ရုပ်မြင်သံကြားမှ တဆင့်သာ ကြည့်ရှုခဲ့ရဖူးပြီး အားကျခဲ့ဖူးသည်၊ အားမရ ဖြစ်ခဲ့ဖူးသည်။ အားကျသည်က နိုင်ငံတကာ အလှမယ် ပြိုင်ပွဲဝင်သူများသည် ပြစ်မျိုးမှည့်မထင် ကောင်းခြင်း ငါးဖြာ အလှများ ပိုင်ဆိုင်ရုံမျှမက၊ အဘက်ဘက်ကပါ တော်လှသောကြောင့် ဖြစ်၏။ ပြိုင်ပွဲဝင်စဉ်၊ စခန်းသွင်းထားစဉ် သူတို့၏ ဖြတ်သန်းမှု ပုံရိပ်များ၊ ပွဲစဉ်များကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ဝတ်စုံမျိုးစုံဖြင့် အပြင်ပန်း လက္ခဏာ တမျိုးစီလှနေခြင်း သာမက သူတို့၏ ဉာဏ်ရည်ဉာဏ်သွေး၊ ဖြတ်ထိုးဉာဏ်၊ အပြောအဆို လိမ်မာ ပါးနပ်မှု၊ ဘာသာစကား တတ်ကျွမ်းမှု၊ အဖွဲ့အစည်းနှင့် နေထိုင် အလုပ်လုပ်တတ်မှု၊ ဦးဆောင်မှု စွမ်းရည်၊ ဖေးမကူညီ တတ်သည့် စိတ်ထား စသည်ဖြင့် တခုခြင်းစီကို အမှတ်ပေးလေရာ … အလှမယ်ဘွဲ့ကို ဆွတ်ခူးသူက အထက်ပါ အရည်အချင်း အားလုံးပြည့်မီသူ ဖြစ်နေသောကြောင့်ပင်။ အားမရခြင်းကတော့ ထို နိုင်ငံတကာ အလှမယ်ပြိုင်ပွဲဝင်သူ များထဲတွင် ကိုယ့်မြန်မာ နိုင်ငံသားများ မပါဝင်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် ယခုအခါ နိုင်ငံတကာ အလယ်တွင် မြန်မာမိန်းကလေး တို့၏ အလှနှင့် ထက်မြက်မှုတို့ကို ပြသခွင့်ရရုံသာမက မြန်မာ့ ဂုဏ်ဆောင် မိန်းကလေးများ ပေါ်ထွက်လာပြီဟုပင် ဆိုနိုင်သည်။ ထို့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။
မနှစ်က နန်းခင်ဇေယျာ၊ ပြီးတော့ ဒီနှစ် သွားရောက်ယှဉ်ပြိုင်သူက ခင်ဝင့်ဝါ ဟု ဆိုသည်။ အပြင်ပန်း အလှ ပြောစရာမလိုပါ။ စိတ်ထားနှင့် ဉာဏ်ရည်ပါ အထူးလှလျှင်တော့ သူလည်း မြန်မာ့ဂုဏ်ဆောင် သမီးရတနာ တဦး ဖြစ်လာဦးမည်။ လတ်တလော တွင် သူ့ကို မြန်မာ အွန်လိုင်း ပရိသတ်ကလည်း တခဲနက် အားပေးလျှက် ရှိသည်။ ဆက်လက်၍ အားပေးကြလိမ့် ဦးမည်ဟု မျှော်လင့်ရသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က အရှေ့တောင်အာရှ နိုင်ငံတခုတွင် သွားရောက် ယှဉ်ပြိုင်သော မြန်မာ အလှမယ် ဆိုသည့် မိန်းကလေးတဦးကို ရုပ်မြင်သံကြားမှ တဆင့် ကြည့်ခဲ့ဖူးသည်။ ထိုမိန်းကလေး၏ စင်မြင့်ပေါ်တွင် ပြောဆိုနေသော အိုးနင်း ခွက်နင်း အင်္ဂလိပ် စကားကြောင့် စိတ်ပျက်ခဲ့ရသည်၊ ရုပ်မြင်သံကြားရှေ့တွင် ကြည့်ရှုသူ ကျမတဦးတည်းပင် ဖြစ်သော်ငြားလည်း ကိုယ့်နိုင်ငံအတွက် ကိုယ့်ဘာသာ ပြန်အရှက်ရခဲ့ရသည့် အဖြစ်။ နိုင်ငံတကာတွင် သွားရောက် ယှဉ်ပြိုင်ရမည့် မိန်းကလေးတဦးကို မြန်မာပြည်က လူကြီးများက မည်သို့သော စံများဖြင့် တိုင်းထွာ စေလွှတ်လိုက်သလဲ ဆိုသည့် မေးခွန်း မေးချင်ပါသည်။
ထိုမိန်းကလေး၏ အဖြစ်ကို ကြည့်ရှုခဲ့ဖူးသောကြောင့် ၂၀၁၂ ခုနှစ်က နန်းခင်ဇေယျာ သွားရောက်ယှဉ်ပြိုင်သည်ကို သိပ်မမျှော်လင့်ရဲခဲ့ကြောင်း ဝန်ခံပါသည်။ သို့သော် ကျမ အထင်နှင့် အမြင် လွဲချော်ခဲ့သည်။ နန်းခင်ဇေယျာက တကယ်ကို အဆင်းကော၊ အချင်းပါ လှသည့် မိန်းကလေး ဖြစ်ခဲ့သည်။ ယခု ခင်ဝင့်ဝါကိုလည်း နန်းခင်ဇေယျာလိုပဲ ဖြစ်လိမ့်မည်ဟု ကျမ မျှော်လင့်မိသည်။
လူမှုကွန်ရက် facebook ပေါ်တွင် တင်ထားသော ခင်ဝင့်ဝါ၏ ဓာတ်ပုံ အောက်၌ ရေးထားသည့် ဝေဖန်ချက် တခုကလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။ အွန်လိုင်းမှ မဲပေးသည့် ပရိသတ် အကြိုက်ဆုံး ဆုသာမက၊ တခြားသော ဆုများလည်း ရစေချင်သည်ဟု ရေးထားခြင်း ဖြစ်သည်။ စေတနာနှင့်ပေးသည့် ဝေဖန်ချက်ဖြစ်သည်။ သူ့အရည်အချင်း ပြည့်မီလျှင် ပရိသတ် အကြိုက်ဆုံး ဆုသမက တခြားဆုများပါ ဆွတ်ခူးခဲ့ပါလိမ့်မည်။ အရည်အချင်းပြည့်မီသည့် လှပသော မိန်းကလေး တဦးကို ကျမတို့ မြန်မာနိုင်ငံသား အားလုံး လိုချင်ကြပါသည်။ ထိုနေရာတွင် သဘောထားကွဲလွဲမည့်သူ မရှိလောက်ဘူးဟု ထင်သည်။
ယခင်က မြန်မာနိုင်ငံဟု ဆိုလိုက်လျှင် “ဒေါ်အောင်ဆန်းစုကြည်” နှင့်သာ တွဲဖက်၍ နိုင်ငံတကာက သိကြသော၊ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုသာ မြန်မာပြည်အတွက် ဂုဏ်ယူစရာအမျိုးသမီး အဖြစ် ချပြနိုင်သော အခြေအနေ မှသည် မြန်မာနိုင်ငံ ဆိုသည်ကို ထို၊ ထိုသော အဆင်း၊ အချင်း နှစ်ခုစလုံး လှသည့် မိန်းကလေးများလည်း နေထိုင်ရာ နိုင်ငံတခုဟု ပြောနိုင်တော့မည့် အဖြစ်ကို မြန်မာနိုင်ငံသား အားလုံး လိုလားကြပါလိမ့်မည်။ နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ သာမကဘဲ၊ နောက်ထပ် နောက်ထပ် အဆင်းကော၊ အချင်းပါ လှကြသည့် မိန်းကလေး များစွာ ပေါ်ထွက်လာဦးမည် ဟုလည်း မျှော်လင့်မိပါသည်။
ထိုသို့ လှသော တော်သော မိန်းကလေးများကသာ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ စသည့် အခန်းကဏ္ဍ အသီးသီးတွင် ဦးဆောင်မှု နေရာများ၌ ဝင်ရောက်ပါဝင်မည် ဆိုလျှင် ကျမတို့ မြန်မာနိုင်ငံ၏ အနာဂတ် အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုလှပလာမည် မဟုတ်ပါလား။
အပြင်ပန်း လှပစေရန် အမျိုးမျိုး ပြုပြင်နိုင်သော ခေတ်ကြီးတွင် ဆရာမကြည်အေး ရေးခဲ့သလို မိန်းကလေးဆိုတာ လှရင်လှ၊ မလှရင် တော်မှ ဆိုသည့် စာသားအစား မိန်းကလေးဆိုတာ “လှရုံပဲ လှရင်တော့ … ဖွဲပဲ” ဟုသာ အထွန့်တက်လိုက် ချင်ပါ တော့သည်။