တရားလက်လွတ် စကားများနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၅ အလားအလာ

ခင်ဦးသာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ် တချို့ဟာ မိမိတို့ရဲ့ ရာထူးတာဝန် အဆင့်နဲ့ မသင့်လျှော်၊ ယဉ်ကျေးမှု မရှိတဲ့ စကားလုံးတွေကို အဆင်အခြင် ကင်းမဲ့စွာ ပြောဆိုနေတာဟာ တနေ့တမျိုး မရိုးရအောင်ထွက် ပေါ်နေဆဲပါ။

ဝန်ကြီးတွေရဲ့  ပြည်သူတွေအပေါ် ကြမ်းတမ်းတဲ့ ပြောစကားတွေအနက် ဝေဖန်ခံရမှု အများဆုံးကတော့ “နယ်လှည့်ပါး ရိုက်ရဲတယ်” ဆိုတဲ့ ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောစကားပါပဲ။

ဦးအုန်းမြင့်က “ငါ ဗိုလ်ချုပ် အုန်းမြင့်ကွ၊ နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး နယ်လှည့် မိန့်ခွန်း ပြောလာတာ” လို့ မကွေးတိုင်း၊ သစ်ရာကောက်ကျေးရွာ ဒေသခံတွေနဲ့ တွေ့စဉ်မှာ ပြောဆိုခဲ့ပါတယ်။ အဲဒီ ရုပ်သံ ဗီဒီဖိုင်ဟာ အင်တာနက် စာမျက်နှာတွေမှာ လူကြည့်အများဆုံး ဖြစ်သွားပြီး၊ လွှတ်တော်မှာ ရှင်းလင်းရတဲ့ အခြေအနေထိ ရောက်ရှိသွားခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့အထိ အရေးယူတာ၊ ပြည်သူတွေကို တောင်းပန်းတာ လုံး၀ မရှိသေးပါဘူး။ နိုင်ငံရေးသမား တချို့ကိုတော့ တောင်းပန်တယ်လို့ သိရတယ်။

စစ်သားဟောင်းတွေမို့လို့ စကားလုံး ကြမ်းကြမ်းတွေ ပြောတာပါလို့ တချို့ကဆိုပေမယ့် တိုင်းပြည် အပြောင်းအလဲ လုပ်နေချိန်မှာ ဒါဟာ လက်ခံနိုင်စရာ မရှိဘူးလို့ မြင်တဲ့သူတွေလည်း ရှိပါတယ်။ ဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေ အနေနဲ့ လက်ရှိ အချိန်မှာ စစ်တပ်တာဝန် ထမ်းဆောင်နေတာ မဟုတ်ဘဲ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်တာမို့ ပြည်သူတွေအပေါ် လေးစားမှုဟာ အရေးကြီးပါတယ်။

စကားကို မဆင်မခြင် ပြောတဲ့သူ အများစုဟာ ဝန်ကြီးတွေထဲကရော လွှတ်တော် ကိုယ်စားလှယ်တွေထဲကပါ စစ်တပ်အရာ ရှိဟောင်းတွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်နေတာကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အပေါ် လူထုရဲ့ ထောက်ခံမှု ကျဆင်းစေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေ ပါတယ်။

၂၀၁၀ တုန်းကလို ကြိုတင်မဲတွေ၊ မဲမသာမှုတွေ မရှိဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်တော့ ၂၀၁၅ အလွန်မှာ ကြံ့ခိုင်ရေးပါတီဟာ အစိုးရ တရပ်ဖွဲ့နိုင်ဖို့ မသေချာတော့ပါဘူး။ ဒါတွေကို ကြိုမြင်ထားတဲ့ အတွက်လည်း ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေဟာ စည်းရုံးရေးတွေ ဆင်းရင်း မပြောသင့်တဲ့ စကားတွေ ပြောမိလာတာ ဖြစ်ပါတယ်။ ယခင်က စစ်အာဏာရှင် ခေတ်တုန်းက လေသံတွေအတိုင်း ပြောဆိုလာလည်း တာတွေ့ရပါတယ်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း မြန်မာ့နိုင်ငံရေးကို ကြံ့ခိုင်ရေးပါတီကပဲ ဦးဆောင်ရမယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ နိုင်ကိုနိုင်ရမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြုလုပ်တဲ့ ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။ ဦးရွှေမန်းရဲ့ ပြောစကားနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ၂၀၁၀ တုန်းကလို မဲမသမာမှုတွေ၊ တခြားနည်းလမ်းတွေနဲ့ အနိုင်ရရေး လုပ်ဆောင်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တပ်မတော် နာမည်ပျက်ရတာဟာ စစ်ထောက်လှမ်းရေးတွေကြောင့် ဖြစ်တယ်၊ တခြား တပ်မတော်သားတွေ တိုက်ပွဲဝင်နေချိန်မှာ စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တွေဟာ တပ်ကြပ်ကြီး အဆင့်ကအစ ခွေးချည်တဲ့ ကြိုးလောက်ရှိတဲ့ ဆွဲကြိုးကြီးတွေ ဆွဲပြီး ဇိမ်ခံနေကြတယ်လို့ စစ်အရာရှိဟောင်းနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကလည်း Hot News ဂျာနယ် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ စစ်ထောက်လှမ်းရေး ဟောင်းတွေကတော့ ကန့်ကွက်ရှုချခဲ့ကြပြီး စကားကို ဆင်ခြင်ပြောဆိုဖို့ ဦးလှဆွေကို သတိပေးထားတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ပါတီမှာ ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် ကလွဲရင် တယောက်မှ သုံးစား မရဘူးဆိုတာရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် ပုတ်ခတ် ပြောဆိုမှုတွေကိုလည်း Hot News ဂျာနယ်ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာကြောင့် ဦးလှဆွေအပေါ် ဝေဖန်မှု၊ ကန့်ကွက်မှု အမျိုးမျိုးထွက်ခဲ့ပါတယ်။

“NLD ကို သုံးစားမရဘူး ပြောတာဟာ ကျနော်ကပဲ ပြောတာဖြစ်လို့ ထူးဆန်းနေတာ ဖြစ်ပါလိမ့်မယ်၊ NLD ဆိုရင် ဘယ်သူမှ မကောင်း မပြောရဲဘူး၊ ထွက်သမျှ ဂျာနယ်တွေကလည်း အစောင် ၁၀၀ မှာ ၉၉ စောင်က NLD ကိုပဲ ထောက်ခံရေးနေကြတယ်၊ ကြံ့ခိုင်ရေး ကောင်းတာ တယောက်မှ မရေးကြဘူး” လို့ ဦးလှဆွေ က ဧရာဝတီကို ပြောပါတယ်။

NLD နဲ့ တခြားအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို ဝေဖန်မှုကြောင့် ကြံ့ခိုင်ရေးပါတီကို ထိခိုက်မှု မရှိနိုင်တဲ့အပြင် ဂုဏ်တောင် တက်ဦးမယ်လို့လည်း ဦးလှဆွေက ဆိုပါတယ်။

“ကျနော့်ရဲ့ ပြောဆိုမှုတွေကြောင့် ကြံ့ခိုင်ရေးပါတီကို ဘယ်လိုမှ မထိခိုက်နိုင်ဘူးဗျ၊ ပိုတောင် ဂုဏ်တက်ဦးမယ်၊ ကြံ့ခိုင်ရေး ပါတီမှာ အဲဒီလိုပြောရဲတဲ့ သူက ခပ်ရှားရှားရယ်” လို့ ပြောပါတယ်။

သတင်းစာ ဆရာကြီး ဦးဝင်းတင်ကတော့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်တွေနဲ့ ဝန်ကြီးတွေကို ယဉ်ကျေးလိမ္မာသင်တန်း တက်သင့်တယ်လို့ ပြောထားပါတယ်။

ဦးလှဆွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နဲ့ အဖွဲ့ဝင် တချို့ ကိုလည်း ပုပ်ခတ် ပြောဆိုခဲ့ပါတယ်။ UNFC ဆိုတာကို “ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဘောလုံးအသင်း” (United Nations Football Club) လို့ပဲ သူသိတယ်လို့ ဆိုပါတယ်။

UNFC ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာကတော့ “လွှတ်တော် ကိုယ်စားလှယ်တဦး၊ နိုင်ငံရေး သမားတဦးဖြစ်ပြီးတော့ UNFC ကိုတောင် မသိဘူးဆိုရင်တော့ နိုင်ငံရေးသမား မဟုတ်ဘူး၊ တိုင်းရင်းသားအရေး စိတ်မဝင်စား၊ အလေးမထားဘူး ဆိုတာ ပြနေတယ်၊ ငြိမ်းချမ်းရေး လုပ်နေတဲ့အချိန်မှာ စကားကို လက်လွတ်စပယ် မပြောသင့်ဘူး၊ အပြန်အလှန်လေးစားမှုရှိဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် UNFC ရဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးခွန်ဥက္ကာကိုလည်း ပအို့ဝ်ဖြူအဖွဲ့ကိုလည်း ကိုယ်စားမပြု၊ ပအို့ဝ်နီအဖွဲ့ကိုလည်း ကိုယ်စားပြုသူ မဟုတ်တဲ့အတွက် ပအို့ဝ်ကြောင်ကျားသာ ဖြစ်တယ်လို့ ဦးလှဆွေက ဆိုပါတယ်။

ဦးခွန်ဥက္ကာက “သူ့ဘဝ၊ သူကြီးပြင်း ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်က ဦးလှဆွေရဲ့ အတွေးအခေါ်တွေကို ပြုပြင် ထိန်းကျောင်းသွားတာပါ၊ အဲဒီလို ပတ်ဝန်းကျင် နောက်ခံသမိုင်းက လာတဲ့သူက ဒီလိုပဲ ပြောမှာပါ၊ အထူးအဆန်းတော့ မဟုတ်ဘူး၊ စိတ်ဆိုးစရာ၊ သူနဲ့ပြိုင်ပြီး တုံ့ပြန်နေစရာ မလိုပါဘူး” လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေဟာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကိုလည်း ရွှေလက်နဲ့ခေါ်တုန်းလာပါ၊ ဘုလက် (Bullet ) မလွှတ်ရစေနဲ့လို့ လွှတ်တော် အစည်းအဝေးခန်းမထဲမှာ ပြောဆိုခဲ့တာကြောင့် ဘုလက် လှဆွေလို့ နာမည်တွင်ခဲ့ရသူပါ။

ဦးလှဆွေ၊ ဦးအောင်သိန်းလင်း အပါအဝင် ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တချို့၊ ဝန်ကြီးတချို့ရဲ့ ပြောစကားတွေဟာ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ အနည်းငယ် ပြောင်းလဲလာပြီး ၂၀၁၅ ရွေးကောက်ပွဲ နီးလာလေ တခြားပါတီတွေ၊ လူပုဂ္ဂိုလ်တွေအပေါ် ပုပ်ခတ်မှုတွေ များလာကို တွေ့ရပါတယ်။ ပြည်သူတွေအပေါ်မှာလည်း ယဉ်ကျေးမှု မရှိပြောဆိုတာတွေ ရှိခဲ့ပေမယ့် ထိရောက်တဲ့ အရေးယူမှုတော့ မတွေ့ရသေးပါဘူး။

ကြံ့ခိုင်ရေးပါတီက တောင်ဥက္ကလာပ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကလည်း “တိုက်လေယာဉ်တွေ ဝယ်ထားတာဟာ စစ်တိုက်ဖို့ ဝယ်ထားတာ ဖြစ်တယ်၊ အလှကြည့် ငှားစားဖို့ ဝယ်ထားတာ မဟုတ်ဘူး” လို့ ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

အဲဒီလို စစ်သွေးကြွတဲ့ ပုဂ္ဂိုလ်မျိုးတွေကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေဆဲလို့ ဝေဖန်သူတွေလည်း ရှိပါတယ်။

ဝန်ကြီး ဦးအုန်းမြင့်ဆိုရင် မကွေးတိုင်းမှာ ပါးရိုက်ဖို့ ပြောခဲ့သလို ယခင်ကလည်းပဲ တနင်္သာရီတိုင်း ခရီးစဉ်တခုမှာ ကြမ်းတမ်း ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ပြည်သူတွေကို ပြောဆိုခဲ့တာကြောင့် အစိုးရအဖွဲ့အနေနဲ့ မည်သို့ အရေးယူဆောင်ရွက်မည်ကို သိလိုကြောင်း လွှတ်တော်မှာ အရေးကြီးအဆိုကို ပြီးခဲ့တဲ့လက တင်ခဲ့ပါတယ်။

ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောစကားဟာ သဘောရိုးနဲ့ပြောဆိုတာသာ ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေနဲ့ အရေးယူဖို့ မရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က အစိုးရအဖွဲ့ကိုယ်စား ကာကွယ် ဖြေဆိုခဲ့ပါတယ်။

လျှပ်စစ် ဝန်ကြီးဟောင်း ဦးဇော်မင်း ကိုတော့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး မဆင်မခြင်ပြော ဆိုခဲ့တာကြောင့် အနားပေးခံရပြီး၊ ဦးဇော်မင်းဟာ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ အပြောအဆို မတတ်သူများအနက် ထုတ်ပယ်ခံခဲ့ရတဲ့ တဦးတည်းသော ဝန်ကြီးလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကလည်း ပြည်သူတွေကို အလိုလိုက်ခဲ့လို့ တိုင်းပြည်ဆင်းရဲနေတာ ဖြစ်ကြောင်းနဲ့ စီးပွား/ကူးသန်း ဝန်ကြီး ဦးဝင်းမြင့်ကလည်း ဝန်ကြီး ဆိုပေမယ့် မြေကွက်လေး တကွက်တောင် မပိုင်ဘူးဆိုတဲ့ စကားတွေဟာ လူ မှုကွန်ရက် စာမျက်နှာတွေမှာ လူပြောများတဲ့ စကားလုံးတွေ ဖြစ်ခဲ့ပါတယ်။

ဝန်ကြီး သို့မဟုတ် ကိုယ်စားလှယ် တဦးဦးရဲ့ ပြောစကားကြောင့် ပွဲဆူနေပြီဆိုရင် တခြားတဘက်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခလိုမျိုး ကိစ္စတွေကလည်း တိုက်ဆိုင်စွာ ပေါ်လာတတ်တာလည်း တွေ့ရတယ်။

၂၀၁၂-၁၃ ခုနှစ် လောက်က စပြီး ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ကို လူအများက အာရုံထားနေကြတဲ့ အချိန်တွေမှာ ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ပြောင်မြောက်တဲ့ စကားတွေဟာ  ဖွဲ့စည်းပုံအရေး၊ ငြိမ်းချမ်းရေးထက် သူတို့စကားတွေကပဲ လူတွေရဲ့ အာရုံကို ဖမ်းစားသွားနိုင်တာလည်း တွေ့ရတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက်  ပါတီအသီးသီးရဲ့ ကြိုတင် ပြင်ဆင်မှုတွေနဲ့အတူ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ နိုင်ငံတော် သမ္မတ ဖြစ်ရေး ကန့်သတ်ချက် ၅၉ (စ) လို ပုဒ်မ မျိုးကို ထောက်ခံသူ၊ ကန့်ကွက်သူတွေက အပြန်အလှန် ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်နေကြပါတယ်။ ဒီမိုကရေစီ သဘောတရားအရ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပေမယ့် အဲဒီသဘောထား မတူညီမှုကိုပဲ ငါ့နဲ့မတူ ငါ့ရန်သူ ဆိုပြီး ပြဿနာတွေ ကြီးထွားလာမှာကိုလည်း စိုးရိမ်သူတွေရှိနေပါတယ်။

အများပြည်သူ အကြည်ညို ပျက်အောင် ပြောဆိုနေကြတဲ့  ကြံ့ခိုင်ရေးပါတီဝင် ခေါင်းဆောင်တွေကြောင့် ပါတီအပေါ် အများပြည်သူရဲ့ ယုံကြည်လေးစားမှု ကျဆင်းစေပါတယ်။ ၂၀၁၀ မှာ အင်အားကြီးပါတီ ပြိုင်ဘက်မရှိခဲ့တာကြောင့် အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် ၂၀၁၅ မှာတော့ NLD လို အတိုက်အခံ ပါတီကြီးနဲ့ပြိုင်ဆိုရင်မှာမို့ ကြံ့ခိုင်ရေးပါတီအတွက် စိန်ခေါ် မှုတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ လူထု ထောက်ခံမှု ရှိ၊ မရှိ ဆိုတာကို ကြားဖြတ်ရွေးကောက်ပွဲက သက်သေပြပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၅ မှာ အနိုင်ရရေးကို ကြံ့ခိုင်ရေးပါတီက နည်းလမ်းစုံနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

တိုင်းရင်းသား ဒေသတွေမှာလည်း သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသားပါတီတွေကသာ အများစု အနိုင်ရနိုင်ခြေ များတာကြောင့် ကြံ့ခိုင်ရေးပါတီ အနေနဲ့ နိုင်ဖို့မသေချာသလို ပြည်မဒေသတွေမှာလည်း NLD နဲ့ ပြိုင်ရမှာမို့ အနိုင်ရရေးအတွက် အများကြီး ကြိုးပမ်းရမှာဖြစ်ပါတယ်။ ပြည်သူတွေကလည်း အပြောင်းအလဲကို လိုလားနေကြပြီး အတိုင်းအတာ တခုအထိ လွတ်လပ်ပွင့်လင်းလာပြီးမို့ အပြောအဆို ရိုင်းတဲ့ ကိုယ်စားလှယ်တွေ၊ ဝန်းကြီးတွေကိုတော့ နောက်တကြိမ် ရွေးချယ်ဖို့ ဆန္ဒရှိကြတော့ မဟုတ်ပါဘူး။

ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဆိုရင်လည်း စကားကို အလွယ်ပြောလေ့ရှိပြီး လက်တွေ့မှာ လုပ်ဆောင်တာ နည်းတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောလေ့ရှိပါတယ်။ သူပြောတာတွေကို မီဒီယာတွေက ရေးကြ၊ ပြောကြတဲ့အတွက် မီဒီယာကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မပြောတော့ဘူးလို့ ဦးအောင်မင်းက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောဆိုခဲ့ပါတယ်။

လက်ပံတောင်းတောင် ပဋိပက္ခပြဿနာကို သွားရောက်ဖြေရှင်းတုန်းကလည်း တရုတ်ဟာ ကျေးဇူးရှင်၊ တရုတ်ကို ကြောက်ရတဲ့ အကြောင်း ပြောဆိုခဲ့တာကြောင့် ပြစ်တင်ဝေဖန်မှု ခံခဲ့ရပါတယ်။ သမ္မတရုံး ဝန်ကြီး ဖြစ်တဲ့ ဦးစိုးသိန်း ဆိုရင်လည်း တရုတ်ဟာ ကျေးဇူးကြီးကြောင်း မကြာခဏ ထုတ်ဖော် ပြောဆိုလေ့ရှိတယ်။ အစိုးရ အာဏာပိုင်တွေဟာ ပြဿနာ ပေါင်းစုံနဲ့ကြုံနေရတဲ့ တရုတ် စီမံကိန်းတွေနဲ့ ပတ်သက်လာရင် တရုတ်ဘက်က အမြဲတမ်း ကာကွယ် ပြောတတ်ကြပါတယ်။

လယ်/ဆည် ဝန်ကြီး ဦးမြင့်လှိုင်ဆိုရင်လည်း လွှတ်တော် ကိုယ်စားလှယ်တွေကို စာမတတ်ပေမတတ်ဘဲ လွှတ်တော်ထဲ ရောက်လာကြပြီး လက်ညှိးထောင် ခေါင်းညိတ်တဲ့ အဆင့်ပဲ ရှိတယ်လို့ ပြောခဲ့တာကြောင့် လွှတ်တော်မှာ ပြန်လည် တောင်းပန်ခဲ့ရပါတယ်။ ဒါ့အပြင် လယ်သမားတွေနဲ့ တွေ့ဆုံစဉ်မှာလည်း အကြွေးတွေ အမြန်ဆပ်နိုင်ဖို့ ထမင်းတနပ် လျှော့စားကြဖို့ ပြောဆိုခဲ့တာကြောင့် “တနပ်စား မြင့်လှိုင်” ဆိုတဲ့ ဘွဲ့တခုကို ရရှိထားသူ ဖြစ်ပါတယ်။

ဝန်ကြီးတွေ အပြင် သမ္မတ အကြံပေး ဦးကိုကိုလှိုင် ဆိုရင်လည်းပဲ လျှပ်စစ်မီး ရရှိဖို့ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေကို ဖယောင်းတိုင် ထွန်းနေကြဖို့ ပြောဆိုခဲ့တာကြောင့် “ဖယောင်းတိုင် ကိုကိုလှိုင်” လို့ ဘွဲ့တံဆိပ်ပေးတာ ခံခဲ့ရပါတယ်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ကတော့ အရက်အစား နွားနို့သောက်ကြဖို့ တိုက်တွန်းထားသူပါ။

အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် စည်းရုံးရေး ကာလတွေမှာ ဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူတွေ အပေါ် လေးစားမှု၊ စစ်မှန်၊ ရိုးသားတဲ့ ကူညီမှုမျိုး မဟုတ်ဘဲ စစ်အုပ်ချုပ်ရေး စနစ်ပုံစံတုန်းက အတိုင်းပဲ သဘောရိုးနဲ့ ဆဲဆို ကြိမ်းမောင်းပြီး မဲဆွယ်ကြမယ် ဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာပဲ အဖွဲ့လိုက် အနားယူရဖွယ် ရှိနေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading