ဘာလဲဟဲ့ ဖွံ့ဖြိုးတိုးတက်မှု

ဇော်မင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဖွံ့ဖြိုးတိုးတက်မှုကို ဘာနဲ့တိုင်းတာကြပါသလဲ။ အတော်များများကတော့ ငွေကြေးချမ်းသာ ကြွယ်ဝလာတာနဲ့ တိုက်ရိုက် တိုင်းတာ ကြပါတယ်။ မြန်မာစကားလုံးကိုယ်နှိုက်က ဖွံ့ဖြိုးတိုးတက်ရေးဆိုတော့ အရင်က မိမိမှာ ရှိနေတာထက် တိုးပွား များပြားလာတာ၊ တိုးတက်လာတာ၊ ဖွံ့ဖြိုးလာတာကို တိုက်ရိုက်မြင်ကြတော့ ဒီလိုပဲ တိုင်းတာတာဟာ ယေဘုယျ အားဖြင့် မှားတယ်လို့ မဆိုနိုင်ပါဘူး။

ဒါကြောင့် တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်ဖို့ ပြောကြဆိုကြရင် ကျနော်တို့အားလုံးရဲ့ စူးစိုက်မှုဟာ ချမ်းသာနေတဲ့ အနောက် နိုင်ငံတွေဆီ အရင်ရောက်သွားတတ်ပါတယ်။ နောက်အဆင့်ကတော့ ဂျပန်ကို ရောက်သွားလိုက်၊ တောင်ကိုရီးယားနဲ့ နှိုင်းယှဉ်လိုက်၊ စင်္ကာပူနဲ့ ချိန်ထိုးလိုက် ဖြစ်လေ့ရှိပါတယ်။ အဲသလို ချမ်းသာတာကို အားကျတာကြောင့်လို့ ပြောရမှာပါပဲ။ ကိုယ်ကဆင်းရဲနေတာ ကြာပြီဆိုတော့ ဒီလိုမျိုး အာသီသ ဖြစ်တာကလည်း အဆိုးတော့ မဆိုသာပါဘူး။ ဒါပေမဲ့ အဲသလို ချမ်းသာကြွယ်ဝလာတာဟာ နိုင်ငံသားအများစု ခံစားခွင့် ရရဲ့လား ဆိုတာကိုလည်း တိုင်းတာဖို့ လိုလာပြန်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်သူများကတော့ ဒီလိုပြောပါတယ်။ ဆင်းရဲနေတဲ့ တိုင်းပြည်တခု အမှန်တကယ် ဖွံ့ဖြိုး တိုးတက် လာမလာဆိုတာကို အခုလိုတိုင်းတာလေ့ ရှိပါတယ်။ နိုင်ငံသားအများစု အရင်ကထက်စာရင် ခေတ်ပညာတွေ ပိုတတ်သလား၊ နိုင်ငံသားအများစု အရင်ကထက် ပိုပြီးကျန်းမာသလား ဆိုတဲ့ အခြေခံအချက် နှစ်ချက်နဲ့ စတင်တိုင်းတာ ပါတယ်။ ဘာကြောင့်တုန်းဆိုတော့ ပညာတတ်ပြီး ကျန်းမာသန်စွမ်းတဲ့ နိုင်ငံသားများ မရှိဘဲနဲ့ တိုင်းပြည်တခုကို တိုးတက် အောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူးတဲ့။ တည့်တည့်ပြောရရင် ပညာမဲ့ပြီး ဂီလာနတွေ များနေတဲ့ တိုင်းပြည်တခုကို ဘယ်သူကမှ အုံဖွဆိုပြီး ကောင်းလာအောင် မလုပ်နိုင်တာကြောင့်ပါ။ ပညာ ကောင်းကောင်း မတတ်ဘူးဆိုရင် ဘာလုပ်ချင်လုပ်ချင် သူများဆီက ပညာသည်ကို အားကိုးရပါတယ်။ အကူအညီ ယူရပါတယ်။ ကျန်းမာရေးမကောင်းတော့ လူ့သက်တန်းဟာ ရှိသင့်တာထက် ပိုပြီးတိုပါတယ်။ နောက်ပြီးတော့ လွတ်လပ်မှုရှိတာ၊ ဘယ်သူ့မှ မကြောက်ရတာ၊ အမှန်တကယ် တရား မျှတတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲများ ရှိတာ စသဖြင့်သော အရာတွေကလည်း တချိန်ထဲမှာ ကပ်ပါနေရပါသေးတယ်။

မြန်မာနိုင်ငံသားတွေ ပညာတတ်တာတောင် နိုင်ငံခြား အိမ်ဖော်လုပ်ငန်းမှာ သွားလုပ်နေကြပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာ ကမ္ဘာမှာ ဒုတိယဆိုလား တတိယဆိုလား အဆင့်ကိုချိတ်နေတဲ့ တိုင်းပြည်လည်း ဖြစ်နေပါတယ်။ စားကုန်သောက်ကုန်နဲ့ ပတ်သက်လို့ သန်ရှင်းမှု ရှိမရှိ၊ ဓာတုဗေဒ ဆေးဝါးတွေ ဘယ်လောက် အတိုင်းအတာနဲ့ ပါဝင်နေသလဲ၊ အိမ်ဘေးက ဆွေမျိုးဖောက်ဖော်နိုင်ငံက ဝင်လာတဲ့ မုန့်ကနေ တခြား စားသောက်ကုန်တွေက မြန်မာပြည်သားတွေကို ဘယ်လောက်အထိ သေဆုံးနေစေသလဲ။ ပြည်တွင်းဖြစ် အရက်တွေရဲ့ ဒဏ်ကိုလည်း ဒီနေရာမှ ထည့်ပြောရမှာ ဖြစ်ပါတယ်။ ကင်ဆာကြောင့် စောစောစီးစီး သေဆုံးနေရသလို အရက်ကြောင့် အချိန်မတိုင်မီ သေဆုံးနေတဲ့ နိုင်ငံသားတွေ များလွန်းလှပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုကို ဘာနဲ့တိုင်းသလဲ ဆိုတာနဲ့ ပတ်သက်လို့ အဖြစ်သနစ်ကလေး တခုကို အမီပြုပြီး ပြောစရာတခု ရှိလာပါတယ်။ မြန်မာပြည်တွင်း ဒေသတခုက အင်းကြီးတခုမှာ မီတင်းနေထိုင် အသက်မွေးတဲ့ လူများအကြောင်း တင်ပြဆွေးနွေး လိုပါတယ်။ အဲဒီအင်းကြီးက မြစ်ကျိုးအင်း ဖြစ်တဲ့အတွက် ဝါဆိုဝါခေါင် မိုးတွင်းကာလမှာ မြစ်ဖက်က ဝင်လာတဲ့ ရေတွေကြောင့် ရေတွေကြီးပြီး လျှံလာပါတယ်။ အဲဒီရေများနဲ့အတူ ငါးမျိုးစုံတွေလည်း ပါလာပါတယ်။ အဲတာကြောင့် အင်းပတ်ပတ်လည်မှာ ရှိတဲ့ရွာများက ရွာသားတချို့ဟာ ငါးဖမ်း အသက် မွေးကြပါတယ်။ မိုးကုန်လို့ ရေ တဖြည်းဖြည်းနဲ့ ကြသွားတဲ့ အခါမှာလည်း အင်းကြီးရဲ့ ရေထွက်ပေါက်နေရာများကို ဝါးယင်းလိပ်တွေ အမျိုးမျိုးနဲ့ တားပြီး ငါးများဆက်လက် ဖမ်းနိုင်ပါသေးတယ်။ တချို့က တံငါလုပ်ငန်းကို မလုပ်ပေမဲ့ ရောင်းမကုန်လို့ ပိုလျှံနေတဲ့ ငါးများကို ဈေးချိုချိုနဲ့ ပြန်ဝယ်ပြီး ငါးခြောက်လုပ်ရင်း ဝင်ငွေရှာကြပါတယ်။ အင်းကြီးကိုမှီပြီး ငါးဖမ်းတဲ့ လုပ်ငန်းဟာ တနှစ်ကို လေးလကျော် ငါးလ နီးပါးလောက် အလုပ်ဖြစ်ပါတယ်။

အင်းကြီးထဲမှာ ရေကျသွားရင် အင်းအလယ်လောက်မှာဘဲ လက်ကျန်ရေက ရှိပါတော့တယ်။ အဲဒီအချိန်မှာ သဘာဝ အတိုင်း မြေသြဇာကောင်းတဲ့ မြေနုတွေပေါ်လာတဲ့အတွက် တချို့ရွာတွေက စပါး စိုက်တယ်။ တချို့ရွာတွေ ကတော့ မြေပဲ၊ ပြောင်းဖူး၊ ဆေးရွက်ကြီး၊ ဖရဲသီး၊ ဟင်းသီးဟင်းရွက် အစရှိတဲ့ ရာသီအလိုက်သီးနှံတွေ စိုက်ပျိုးကြပါတယ်။ အင်းကြီးထဲမှာ ရေတက်ချိန်ရော ရေကျချိန်မှာပါ ဆက်တိုက် အလုပ်များသူတွေကတော့ ဘဲမွေးဘဲကျောင်းတဲ့ ရွာသားများ ဖြစ်ပါတယ်။ တခါ နွေခေါင်ခေါင် ရောက်တဲ့အချိန်မှာတောင် အင်းအလယ်မှာ လက်ကျန်ရေ ရှိနေသေးတဲ့ အတွက် ရွာသားများဟာ ရောင်းဖို့မဟုတ်ရင်တောင်မှ အိမ်မှာစားဖို့အတွက် ငါးအသေးစားများ ဆက်လက် ဖမ်းနိုင် ပါသေးတယ်။

မိုးတွင်းမှာရေဝင် ဆောင်းနဲ့နွေမှာရေကျ သွားတဲ့အတွက် အင်းပတ်ပတ်လည်က ရွာများအဖို့ ခြံလုပ်ငန်းများ လုပ်ကိုင်ဖို့ အဆင်ပြေ ကြပါတယ်။ ဒါ့ကြောင့် သရက်ပင်၊ မရမ်းပင်၊ သံပုရာပင်၊ မာလကာပင်၊ ဇီးပင် စတဲ့ နှစ်ရှည်ပင်များကို စိုက်ပျိုးရင်း ဝင်ငွေရှာပါတယ်။ နောက်တခုကတော့ အင်းကြီးရဲ့ ပတ်ပတ်လည်မှာ ရှေးတုန်း ကတည်းက စိုက်ပျိုး ထားခဲ့တဲ့ မယ်ဇယ်ပင်၊ လက်ပံပင်၊ မန်ကျီးပင် စတဲ့အပင်ကြီးတွေလည်း အများအပြား ရှိပါတယ်။ ရာသီအလိုက် မယ်ဇယ်ဆီကြိတ်ဖို့ မယ်ဇယ်သီးကောက်ခြင်း၊ မန်းကျီးသီး အမှည့်များကို ခူးပြီး မန်ကျီးမှည့်သိပ်ကာ ရောင်းချခြင်း၊ လက်ပံပွင့်များကောက်ပြီး အခြောက်လှန်းကာ ပြန်လည်ရောင်းခြခြင်း စတာတွေကလည်း သူတို့အတွက် အပိုဝင်ငွေများ ဖြစ်ပါတယ်။

ရေကျသွားတဲ့အချိန်အတွင်း မစိုက်ပျိုးဖြစ်တဲ့ တချို့မြေလွတ် တွေဟာ နွားမွေးသူ ဆိတ်မွေးသူများအတွက် စားကျက် ကောင်းကြီးတခုလည်း ဖြစ်ပါတယ်။ အင်းကြီး ပတ်ပတ်လည်မှာ ရွာပေါင်း (၂ဝ) ကျော်လောက် ရှိပါတယ်။ စုစုပေါင်း အားဖြင့် အိမ်ခြေ လေးထောင်ပတ်ဝန်းကျင်ရှိပြီး ပျမ်းမျှလူဦးရေအရ နှစ်သောင်းကျော်ခန့် ရှိတဲ့ ရွာသား များဟာ အင်းကြီး ကို အမီပြုပြီး တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အသက်မွေးကြပါတယ်။ အဲသလို အင်းကြီးကို မီပြီး ရိုးရာအရ အသက်မွေး လာတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးရာလောက် ကတည်းကပါ။

အင်းကြီးရဲ့ ပတ်ဝန်းကျင်ဟာ သာယာလှပါတယ်။ အရှေ့ဖက်မှာ အပြာရောင် သန်းနေတဲ့ ရှမ်းရိုးမတောင်တန်းကြီး ရှိနေပါတယ်။ ဒါ့အပြင် အင်းကြီးရဲ့ ဟိုဖက်ကမ်းဒီဖက်ကမ်းကို ချိတ်ဆက်ပေးထားတဲ့ ပန်းချီဆံလှတဲ့ ကွေ့ကောက် နေတဲ့ သစ်သား တံတားရှည်ကြီး တခုကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း တရာ့နှစ်ဆယ်ကျော်ကတည်းက ရှိနေခဲ့ပါတယ်။ နွေမိုး ဆောင်း ကာလ သုံးပါးစလုံးမှာ အင်းကြီးဟာ အလှတမျိုးစီကို ဖန်တီးပေးနေပါတယ်။ အဲဒီအင်းကြီးရဲ့ အလှကို စာပေသမားများက သုံးပန်လှလို့ တင်စားခဲ့ပါတယ်။ အင်းကြီးရဲ့ အဲဒီအလှဟာ တချိန်မှာ အင်းကြီးကို ပြန်လည် ကျိန်စာသင့်စေ ခဲ့ပါတယ်။

တခြားတော့မဟုတ်ပါ၊ အုပ်ချုပ်သူ အာဏာပိုင်များက ဧည့်ကြိုနဲ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် အင်းကြီး အမြဲတန်း လှပနေအောင် ဆိုပြီး မိုးတွင်းမှာ အင်းကြီးထဲဝင်လာတဲ့ ရေတွေကို ပြန်မထွက်အောင် တမံတုပ်ထား လိုက်ခြင်းပါဘဲ။ နောက်ထပ်တွေ့ရတဲ့ ပြဿနာကတော့ စက်မှုဇုံထဲက အသုံးပြုပြီးသား ရေဆိုးတွေကို အင်းကြီးထဲ ဖောက်ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။ အင်းထဲကရေတွေ သဘာဝ အတိုင်း အတက်အကျ မရှိတော့ပါဘူး။ ရေသေလို ဖြစ်သွားပြီး စက်မှုဇုံဖက်က ဝင်လာတဲ့ ရေဆိုးတွေကြောင့် အင်းကြီးဟာ ရေတွေပြည့်နေပေမဲ့ တဖြည်းဖြည်း အနံ့ အသက် တွေနဲ့ ဆိုးဝါးလာပါတယ်။ သဘာဝအတိုင်း ရေအဝင်အထွက် မရှိတော့တာကြောင့် ဟိုယခင်တုန်းက ရှိခဲ့တဲ့ ငါးမျိုးစိတ် အတော်များများလည်း အသက်ရှင်ပြီး မနေနိုင်တော့ပါဘူး။

အဲတာရဲ့ ဆိုးကျိုးအနေနဲ့ ပထမဆုံးကတော့ ငါးဖမ်းလုပ်ငန်းနဲ့ ငါးခြောက်လုပ်ငန်း ပျက်စီးသွားခဲ့ပါတယ်။ ရေက အမြဲပြည့် နေတော့ ရေကျချိန်ဆိုတာ မရှိတော့တာမို့ စိုက်ပျိုးရေးသမားများလည်း ဘာသီးနှံမှ မစိုက်ပျိုး နိုင်တော့ ပါဘူး။ သရက်ခြံ၊ သံပုရာခြံ၊ မာလကာခြံ များလည်း တချိန်လုံး ရေမြုတ်နေတဲ့အတွက် ခြံသမားများ ဒုက္ခအကြီး အကျယ်တွေ့ရပြန်ပါတယ်။ ရေသေလို ဖြစ်နေပြီး ရေတွေပုတ်အဲ့ လာတဲ့အတွက် ဘဲမွေးဘဲကျောင်းတဲ့ လုပ်ငန်းလည်း ရပ်ဆိုင်းသလောက် ဖြစ်သွားပါတယ်။ ဒါ့အပြင် အပူပိုင်းဒေသ အပင်ကြီးတွေ ဖြစ်တဲ့ မယ်ဇယ်၊ လက်ပံနဲ့ မန်ကျီးပင် များလည်း တနှစ်လုံး ရေနဲ့ထိနေရတဲ့အတွက် တစတစ ဆွေးပုတ် လာပါတယ်။

အင်းကြီးကို ပိတ်ပြီး ရေအမြဲဖြည့်ထားမယ်။ ရေတွေပြည့်နေတဲ့ အင်းကြီးနဲ့ တံတားကြီးရဲ့ အလှဟာ ခရီးသွားတွေကို ပိုမိုပြီးဆွဲဆောင် နိုင်မယ်။ ဒါ့ကြောင့် ခရီးသွားတွေ ပိုလာပြီးလည်ပတ်မယ်။ ဒါဆိုရင် ဧည့်ကြိုနဲ့ ခရီးသွားလုပ်ငန်းကနေ ငွေတွေဝင်လာမယ် ဆိုတဲ့တွက် ကိန်းနဲ့လုပ်တာပါ။ သို့သော် ဝင်လာတဲ့ငွေက ဘယ်လောက် အကျိုးအမြတ်ရှိသလဲ ဘယ်သူတွေသာ အကျိုးအမြတ်ခံစားရသလဲ ဆိုတာကိုတော့ ဘယ်သူမှမသိပါ။ ဒါပေမဲ့ အင်းကြီးကို အမှီပြုပြီး အသက် မွေးဝမ်းကျောင်းနေတဲ့ အင်းပတ်ပတ်လည်မှာရှိတဲ့ ရွာများက လူဦးရေ နှစ်သောင်းလောက်ရဲ့ အသက်မွေးမှု ဘဝပုံစံ ကတော့ လုံးဝနီးပါး ပျက်စီးသွားခဲ့ပါတယ်။ အသက်မွေးမှုဘဝပုံစံ ပျက်လာပြီး တခြားအစား ထိုးစရာ လုပ်ငန်းလည်း မရှိတော့ ကြောက်ခမန်းလိလိ ဝင်ငွေကျဆင်းလာပါတယ်။ အကျိုးဆက်အဖြစ် ဆင်းရဲနွမ်းပါးမှုက ပိုမိုနက်ရှိုင်း ဆိုးဝါး လာပါတယ်။ တဆက်တည်းဆိုသလို အဲဒီရွာများက ကလေးများရဲ့ ပညာရေး၊ ကျန်းမာရေးများပါ ထိခိုက်လာသလို ရွာသူရွာသား များရဲ့ လူနေမှုစနစ်နဲ့ ယဉ်ကျေးမှုပုံစံပါ ပျက်ပြားလာရပါတယ်။ ဧည့်သည်လာမှာကို မျှော်ကိုးပြီး ဖွင့်ထားတဲ့ အရက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ မှိုလိုပေါက်လာပါတယ်။ ကုန်ကုန်ပြောရရင် လူမဆိုထားနဲ့ ဘီယာကစလို့ သောက်သုံး လာတဲ့ သံဃာတော် ဦးရေလည်း တိုးလာပါတယ်။ နှစ်လုံးသုံးလုံးကစလို့ တိုးတိုး တိတ်တိတ် လောင်းကစား ဝိုင်းတွေ များလာပါတယ်။ ပြည့်တန်ဆာ ဦးရေလည်း တိုးလာပါတယ်။

အင်းကြီးပတ်ပတ်လည်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နစ်နာနေတဲ့ ရွာသားတွေကို ကူညီဖို့ အန်ဂျီအိုတွေ ပေါ်လာပါတယ်။ အကူအညီလိုသူတွေကို ကူညီဖို့ လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါပေမဲ့ အန်ဂျီအိုတွေ ကူညီတာဟာ အကန့်အသတ်ရှိပါတယ်။ သူတို့ခမျာလည်း ဆေးမီးတိုနဲ့ ကုနေရတဲ့ ဆေးသမားလို ဖြစ်နေရပါတယ်။ ရွာသားများ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အတိုင်းအတာ တခုအထိ ပြေလည်အောင် လျော့ကြသွားအောင် လုပ်သင့်တဲ့ နည်းလမ်းကတော့ ဟိုရှေးတုန်းကလို အင်းကြီးဟာ သဘာဝအတိုင်း ရေတက်ရေကျရှိတဲ့ ဒေသတခုအဖြစ် ပြန်လည်ရောက်ရှိစေဖို့သာ ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်မျိုး ကသာ ဒုက္ခတွေ့နေတဲ့ ရွာသူရွာသားများကို အမှန်တကယ် ကူညီရာရောက်ပြီး နောက်တဆင့် ဖွံ့ဖြိုးလာဖို့ တိုးတက်လာဖို့ လိုအပ်တဲ့ မူလပထမ ရေခံမြေခံကောင်း ဖြစ်ကြောင်း ထောက်ပြလိုပါတယ်။

ဒီနေရာမှာ အစိုးရ အာဏာပိုင်တွေကို မေးစရာမေးခွန်း တခုရှိလာပါတယ်။ ဖွံ့ဖြိုးတိုးတက်တယ် ဆိုတာကို ဘာနဲ့ တိုင်းတာ ပါသလဲဆိုတဲ့ မေးခွန်းပါ။ အင်းကြီးအနီးတဝိုက် နယ်မြေဒေသ သေးသေးလေး တခုအတွင်းမှာ ရှိနေတဲ့ ဒေသခံတွေ အတွက် ဖွံ့ဖြိုးတိုးတက်မှုကိုတောင် နားမလည်ရင် မစီမံ တတ်ရင် တိုင်းပြည်တခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နားလည်တယ်၊ သိတယ်၊ စီမံခန့်ခွဲနိုင်တယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ အဲသလို လူမျိုးတွေသာ တိုင်းပြည်ရဲ့ အာဏာကို ကြာကြာ ယူထားရင် နိုင်ငံသားတွေအတွက် တိုးတက်လာမလား ပိုပြီးဆုတ်ယုတ်သွားမလား။ စာဖတ်သူများ သုံးသပ်နိုင်အောင်ဖြစ်ပါကြောင်း။

Did you find apk for android? You can find new Free Android Games and apps.
Loading