ရှစ်ဆယ့်ရှစ်၊ တီယန်နန်မင် ရင်ပြင်နှင့် ဇွန် ၄ ပြတိုက်

ဟန်ပိုင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆ နှစ်တုန်းက မြန်မာနိုင်ငံမှာ ကြီးကျယ်ထင်ရှားခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးနဲ့ ခေတ်ပြိုင် တရုတ်နိုင်ငံမှာ တီယန်နန်မင် ရင်ပြင် (Tinanmen Square) လို့ ကမ္ဘာသိခဲ့တဲ့ တရုတ်ကျောင်းသားတွေရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး ၁၉၈၉ ခုနှစ် ဇွန်လမှာ ပေါ်ပေါက်ခဲ့ပါတယ်။

မြို့တော်ဘေဂျင်းရဲ့ အကြီးဆုံးရင်ပြင်တခုဖြစ်တဲ့ တီယန်နန်မင် ရင်ပြင်မှာ ဥက္ကဌကြီး မော်စီတုန်း (Mao Zedong) ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲ့စည်းထူထောင်ခြင်း အပါအဝင် သမိုင်းဝင် နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ၁၉၈၉ ခုနှစ် ကျောင်းသားလှုပ်ရှားမှုဖြစ်တဲ့ တီယန်နန်မင် ရင်ပြင်လို လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံက ရှစ်လေးလုံး အရေးတော်ပုံမှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ ထောင်ပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရကြသလို တီယန်နန်မင် ရင်ပြင်မှာလည်း ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ တရုတ်စစ်တပ်ရဲ့ ချေမှုန်းတာခံရပြီး သေဆုံးခဲ့ရပါတယ်။

၈၈ အရေးတော်ပုံမှာလည်း စစ်တပ်က ပစ်လိုက်လို့ သွေးသံရဲရဲနဲ့ မဝင်းမော်ဦးကို ဆေးကျောင်းသား နှစ်ယောက်က သယ်ဆောင်လာတဲ့ ဓာတ်ပုံက ကမ္ဘာကျော်သလို၊ တီယန်နန်မင် ရင်ပြင် အရေးတော်ပုံအတွင်းမှာလည်း တရုတ်ကျောင်းသား တယောက်က မောင်းဝင်လာတဲ့ တင့်ကားရှေ့မှာရပ်ပြီး ဖယ်ရှားပေးဖို့ ငြင်းဆန်နေတဲ့ ပုံဟာလည်း ထင်ရှားပြီး အဲဒီအချိန်က တရုတ်အစိုးရ ဆန့်ကျင်ရေးအတွက် တော်လှန်ရေး သင်္ကေတ ပုံရိပ် ဖြစ်လာခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့တာ ၂၅ နှစ်အကြာ ၂၀၁၃ ခုနှစ် သြဂုတ်လမှာတော့ ငွေရတု အထိမ်းအမှတ် အခမ်းအနားကို ခမ်းခမ်းနားနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ငွေရတု အထိမ်းအမှတ် အခမ်းအနားမှာ ဆုံးဖြတ်ချက်တွေ ချခဲ့ပြီး ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ဖို့ ကော်မတီကိုလည်း ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ငွေရတု အခမ်းအနားနဲ့အတူ သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံနဲ့ ဆက်စပ်တဲ့ အထောက်အထားတွေ၊ မှတ်တမ်းတွေ၊ သတင်းစာ၊ ဂျာနယ်တွေ၊ စာစောင်တွေကို ပြသထားနိုင်မယ့် ပြတိုက်တခု တည်ဆောက်ဖို့နဲ့ ပြတိုက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းထားတယ်ဆိုတာလည်း ဖတ်ရှုမိပါတယ်။

အထိမ်းအမှတ် အဆောက်အဦးတွေ၊ ပြတိုက်တွေ တည်ဆောက်တာဟာ အတိတ်မှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတဲ့ အမှန်တရား ရှာဖွေဖော်ထုတ်ရေး လုပ်ငန်းစဉ်တခုဖြစ်တာမို့ ကြိုဆိုတဲ့အနေနဲ့ “ပြတိုက်များကပြောတဲ့ သမိုင်းမှန်များ”  ဆိုပြီး ဧရာဝတီမှာပဲ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။

တရုတ်ပြည်မှာတော့ တီယန်နန်မင် ရင်ပြင် လှုပ်ရှားမှု ၂၅ နှစ်ပြည့်ခါနီးမှာပဲ (လာမယ့် ဇွန်လ ၄ ရက်မှာ ၂၅ နှစ်ပြည့်မှာပါ) ဟောင်ကောင်မှာ ဧပြီလ ၂၆ ရက်နေ့က တီယန်နန်မင် ရင်ပြင် အထိမ်းအမှတ်အဖြစ် ဇွန် ၄ ပြတိုက်ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဇွန် ၄ ပြတိုက်၊ ပြတိုက်မှုး အင်ဒရူးလမ် (Andres Lam) က တီယန်နန်မင် အရေးတော်ပုံနဲ့ ဆက်စပ်တဲ့ ပစ္စည်းပေါင်း ၁၀၀ ကျော်၊ ဓာတ်ပုံပေါင်း ၁၆၀၀၀ ကျော်၊ မိုက်ခရိုဖလင် လိပ်ပေါင်း ၃၃ လိပ်၊ တီယန်နန်မင် ကျောင်းသား လှုပ်ရှားမှုနဲ့ လှုပ်ရှားမှုကို ချေမှုန်းခဲ့တာနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ စာအုပ်နဲ့ မဂ္ဂဇင်း ရာနဲ့ချီ စုဆောင်းထားပြီး အဲဒါတွေကို လာမယ့် လတွေအတွင်း သီးသန့် ပြပွဲတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြတိုက်မှာ တီယန်နန်မင် အရေးတော်ပုံအတွင်း တရုတ်စစ်တပ်ရဲ့ နှိမ်နှင်းမှုကြောင့် သေဆုံးသွားကြရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မိဘတွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ပထမဆုံးအနေနဲ့ ပြသမှာလည်း ဖြစ်ပါတယ်။

တီယန်နန်မင် ရင်ပြင် အထိမ်းအမှတ် ပြတိုက်ဖွင့်ပွဲနေ့မှာပဲ ပြည်မကြီး လိုလားသူတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ကြုံရသလို ၂၅ နှစ်လုံးလုံး ပြတိုက်ဖွင့်လှစ်နိုင်ဖို့အတွက် အချက်အလက်၊ မှတ်တမ်းတွေ၊ ရှာဖွေစုဆောင်းရေး အပါအဝင် အခက်အခဲတွေ အများကြီး ကြုံရနိုင်ပါတယ်။

အခု လတ်တလော အတွင်းမှာဘဲ ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက် ဖော်ဆောင်ရေး ကော်မတီဝင်တွေ အနေနဲ့ သက်ဆိုင်ရာ လူထုအဖွဲ့အစည်း၊ တိုင်းရင်းသား အင်အားစုတွေနဲ့ ပြည်တွင်းမှာရော ထိုင်းနိုင်ငံ မဲဆောက်လိုနေရာအထိ သွားပြီး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့၊ အမြင်သဘောထားတွေ ဖလှယ်ဖို့ ဆွေးနွေးနေကြတဲ့ သတင်းတွေ ကြားနေရပေမယ့် ငွေရတုရဲ့ ရလဒ်တခုဖြစ်တဲ့ ရှစ်လေးလုံး ပြတိုက် တည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ လက်တွေ့လုပ်ငန်းတွေတော့ မတွေ့ရသေးပါဘူး။

ပြတိုက်တွေဟာ အတိတ်သမိုင်း အဖြစ်အပျက်တွေကို အမှန်အတိုင်း ဖော်ထုတ်ပြသတဲ့ နေရာတွေဖြစ်တာမို့ အရေးပါ အရာရောက်ပါတယ်။ ရှစ်လေးလုံးနဲ့ ပတ်သက်တဲ့ သမိုင်းအမှန်ကို အနာဂတ်လူငယ်တွေ အမှန်အတိုင်း သိဖို့ဆိုရင် ရှစ်လေးလုံးကာလနဲ့ ပတ်သက်တဲ့ အထောက်အထား၊ ဓာတ်ပုံ၊ သတင်းစာ၊ တွေ့ဆုံမေးမြန်းမှုတွေကို စနစ်တကျ စုဆောင်း ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုမှ မလုပ်နိုင်ရင် နှစ်ကာလ ကြာလာတာနဲ့အမျှ သမိုင်းဝင် အထောက်အထား၊ မှတ်တမ်း၊ မှတ်ရာတွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးတာ၊ ဒါမှမဟုတ် ဖျက်ဆီးခံရတာ၊ ပါဝင်ပတ်သက်သူတွေ သေဆုံးသွားတာကြောင့် အဖိုးတန်တဲ့ သမိုင်းကြောင်းဆိုင်ရာ အမြင်၊ အတွေ့အကြုံတွေ ဆုံးရှုံးသွားရမှာမျိုး ကြုံလာရနိုင်ပါတယ်။

ရှစ်လေးလုံးပြတိုက် ဖြစ်မြောက်ရေး ကော်မတီဝင်တွေ ပြောခဲ့သလို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး ရှိနေမှာ အမှန်ဖြစ်ပေမယ့်၊ ဒီ့ထက် လက်တွေ့ကျပြီး၊ ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက်၊ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ၊ နိုင်ငံတကာက အတွေ့အကြုံရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး အမြန်ဆုံး အကောင်အထည် ဖော်သင့်ပါတယ်။

မကြာမီဆိုရင် ရှစ်လေးလုံး ငွေရတုလွန်ကာလဖြစ်တဲ့ ၂၆ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် ငွေရတုမှာ ဆုံးဖြတ်ထားတဲ့ လုပ်ငန်းစဉ်တွေ အပါအဝင် ရှစ်လေးလုံးပြတိုက် ဖြစ်မြောက်လာရေးအတွက် လက်တွေ့ကျတဲ့ ခြေလှမ်းတွေ ခပ်သွက်သွက်လှမ်းလို့ အလေးပေး ဆောင်ရွက်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

ကိုးကား – ဘန်ကောက်ပို့စ်

Did you find apk for android? You can find new Free Android Games and apps.
Loading