ကောင်းဓလေ့တွေ ဆိုးမွေ မဖြစ်စေချင်

ငြိမ်းချမ်းအေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သံဃာတော် တချို့ မနှစ်က စပြီး ဦးဆောင် ဆော်သြနေတဲ့ မျိုးစောင့်ဥပဒေ ရဲ့ နောက်ဆက်တွဲ အဖြစ် အစိုးရ၊ လွှတ်တော်တို့ရဲ့ အရေးယူ ဆောင်ရွက်မှု ဟာ အခု နောက်ဆုံး အဆင့် ဥပဒေ မူကြမ်း ပြည်သူကို ချပြတဲ့ အဆင့်ကို ရောက်လာခဲ့ပြီ ဖြစ်တယ်။ ဒီထဲမှာ “တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ” ဟာ အရင် စစ်အစိုးရ အဆက်ဆက် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေရဲ့ ထောက်ပြ ဝေဖန်မှု ခံခဲ့ရတာ ဖြစ်တဲ့ အတွက် အခုလို တလင် တမယားစနစ် (Monogamy) ကျင့်သုံးဖို့ရာ ဥပဒေ အမှန်တကယ် ပြဋ္ဌာန်း နိုင်မယ်ဆိုရင် ကြိုဆို ထောက်ခံရမှာပါ။  ရှေး အစဉ်အဆက် ဗမာပြည်မှာ မဟာဖိုဝါဒ ယောက်ျား အသားပေး စနစ် အရ လင်ပြိုင် (Polyandry) ထားမှုကိုသာ တရားဥပဒေ အရ ကန့်သတ်ထားခဲ့ပြီး မယားပြိုင် (Polygyny) ထားမှုကို ဥပဒေ အရ ခွင့်ပြုထားတာကို အခု ပြဋ္ဌာန်းမယ့် ဥပဒေ မှာ ပက်ဖျက်ပေးနိုင်ရင် ဗမာပြည်ရဲ့ ကျား-မ တန်းတူညီမျှရေး၊ လူ့အခွင့်အရေး စံချိန် ဟာ မြင့်တက်လာမှာ ဖြစ်တယ်။

ဒါပေမယ့် ပူးတွဲ ပါ အခြား ဥပဒေကြမ်းများ ဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများမှာတော့ အငြင်းပွားဖွယ်ရာတွေ ရှိပါတယ်။

ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း အတွက်ဆိုရင် ကိုးကွယ်ယုံကြည်မှု သဘော၊ ဘာသာတရား ဟာ ပုဂ္ဂလိက ကိစ္စ သက်သက်၊ တကိုယ်ရေ ဆန္ဒ၊ လွတ်လပ်စွာ ရွေးချယ်မှု သာ ဖြစ်သင့်တယ်။ ဘယ် အာဏာပိုင်၊ အစိုးရ၊ ဥပဒေ ဆီက မှ ခွင့်တောင်း စရာ မလိုဘူး၊ အသိအမှတ်ပြုခံစရာ အတည်ပြုချက်ယူစရာ မလိုဘူး။ ကိုယ့် ဘာသာ  ကြိုက်တဲ့ အယူဝါဒ တခုကို ဒီနေ့ ကိုးကွယ်မယ်၊ နောက်နေ့ မကြိုက်ရင် မကိုးကွယ်ဘူး၊ တခြား ရှိပြီး အယူဝါဒ ဘာသာ တခုခုကို ပြောင်း ကိုးကွယ်ချင် ကိုးကွယ်မယ်၊ ကိုယ့်ဘာသာ ဘာသာအယူဝါဒအသစ် တခု ကို ထူထောင်ချင် ထူထောင်မယ်၊ ဘာသာမဲ့ အဖြစ်လည်း နေချင်နေမယ်။  ဒါတွေ အားလုံးကို ဥပဒေ နဲ့ ချုပ်နှောင်ထားစရာ အကြောင်းမရှိဘူး။  လူသားတဦး ရဲ့ လွတ်လပ်တဲ့ အခွင့်အရေး သက်သက်ပဲ တည်ရှိနေသင့်တယ်။

လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုရင်လည်း အသံကြားရတာနဲ့ တုန်လှုပ်ဖွယ်ပါပဲ။ လူဦးရေ ပေါက်ကွဲခြင်းကို ထိန်းညှိနိုင်ဖို့ရာ တရုတ်ပြည်ကြီးမှာ စီစဉ်တဲ့ ကလေး တယောက် ပေါ်လစီ ဥပဒေ ကျင့်သုံးခြင်း ရလဒ်အဖြစ် ကျား-မ လူဦးရေ မညီမမျှဖြစ်မှု၊ ဝမ်းတွင်းသန္ဓေသား ဘဝမှာ ကျား-မ ကွဲတာနဲ့ ‘မ’ ဆိုရင် ဖျက်ချမှု၊ မွေးကင်းစ ကလေးငယ် သတ်ဖြတ်မှု၊ စွန့် ပစ်မှု (‘မ’ ဆိုရင်) စတဲ့ လူသားမဆန်မှုဖြစ်စဉ်တွေ များပြားနေပြီး လူ့အဖွဲ့အစည်းမှာ လှုမှု၊ စီးပွား၊ စိတ္တ ဒုက္ခတွေ အကြီးအကျယ် သက်ရောက်နေတယ်။ ဆိုလိုတာက လူဦးရေ တိုးပွားမှု ထိန်းဖို့က ပညာပေးရေး အစီအစဉ်တွေ နဲ့သာ ကြံဆောင်ရမှာပါ။  ဥပဒေ နဲ့ ထိန်းချုပ်ရမှာမျိုး မဟုတ်ပါ။

နာဇီ ဂျာမဏီ ခေတ်မှာ စံချိန်မီ လူသားများသာ မွေးထုတ်ရမယ် ဆိုကာ မျိုးရိုးဗီဇ မမှန်၊ အသိဉာဏ်ဖွံ့ဖြိုးမှု နည်းသူတွေ မျိုးဆက်မပွားအောင် ဥပဒေ အရ အတင်းအကျပ် သားကြောဖြတ်ခိုင်းခဲ့တယ်။ အဓိက ကတော့ ဂျာမာန် အာရီယန် မျိုးသန့်ရေး၊ အာရီယန် အနွယ် သီးသန့် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အခြား အာရီယန် မဟုတ်သူ ဂျူး၊ သွေးနှော၊ ဂျစ်ပဆီ၊ လူမည်း တွေနဲ့ နိုင်ငံရေး အရ ဆန့်ကျင်သူ ကွန်မြူနစ် တွေကို နှိပ်ကွပ်ဖို့ စီစဉ်တာပါ။ နာဇီဂျာမဏီ ရဲ့ နာမည်ကျော် နူရင်ဘတ်ဥပဒေ မှာ မျိုးနွယ် မတူသူချင်း လက်ထပ်ထိမ်းမြားမှု၊ လိင်ဆက်ဆံမှုကို တားမြစ်ခဲ့တယ်။  ဒီ အလုပ်တွေ အားလုံး အတွက် နောက်ဆုံး ဘာဖြစ်ခဲ့သလဲ ဆို စစ်အပြီးမှာ နူရင်ဘတ် ခုံရုံးဖွဲ့ ပါဝင်ခဲ့သူ၊ ထောက်ခံခဲ့သူ၊ ဥပဒေ ပညာရှင်၊ ဥပဒေ ပြုသူ နဲ့ ကျင့်သုံးရသူ တရားသူကြီး၊ အစိုးရ ရှေ့နေ (ဆွဲချ) ပါ မကျန် လူသားဖြစ်တည်မှုကို ဆန့်ကျင်မှု အဖြစ် တရားစွဲ အပြစ်ပေးခံရခြင်းပါပဲ။

ဆိုချင်တာက ဥပဒေ ထုတ် ကန့်သတ်ခြင်း၊ ထိန်းညှိခြင်းမျိုးဟာ အရာရာ အတွက် တော်သင့်မှန်ကန် နည်းလမ်းကျတဲ့ ဖြေရှင်းမှု မဟုတ်ပါ။ ဘက်ပေါင်းစုံက စဉ်းစား ဆင်ခြင်သုံးသပ် ရမှာပါ။

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ဆိုရင်လည်း ခေတ်သစ် အတွေးအခေါ်တွေ၊ ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ ထားလိုက်ပါဦး၊ မြန်မာ့ ရိုးရာ ဓလေ့ အစဉ်အလာ အရ ကို မလိုလားအပ်ပါ။ မြန်မာ့ ဓလေ့ တွေထဲမှာ လက်ထပ်ခြင်း ဆိုင်ရာ ဓလေ့ ထုံးဟာ အင်မတန် နှစ်ခြိုက် သဘောကျ လက်ခံချင်စရာ ကောင်းတယ်။ နိုင်ငံခြားသား မိတ်ဆွေများနဲ့ သူ့ ဓလေ့၊ ကိုယ့် ဓလေ့ အကြောင်း စကားစမြည် ပြောဖြစ်ရင် မြန်မာတွေရဲ့ ရိုးရာ ဓလေ့ ရှေးထုံးစံ သဘောမှာကို အင်မတန် လွတ်လပ် ရိုးရှင်း လှပနေပြီး ဖြစ်တဲ့ လက်ထပ်ခြင်း ဓလေ့ အကြောင်း ကို အသားပေး ပြောပြရတယ်။  မြန်မာ့ဓလေ့ လက်ထပ်ခြင်း မှာ ဘာ ဘာသာရေး ထုံးစံ၊ ချုပ်နှောင်မှု မှ မပါကြောင်း၊ ဥပဒေ အရ ကန့်သတ်မှုမျိုး၊ လိုက်နာရမှုမျိုး မရှိကြောင်း၊ အရွယ်ရောက်ပြီး လူသားနှစ်ဦးရဲ့ ပုဂ္ဂလိက ခံစားချက် ချစ်ခြင်း မေတ္တာ ဗဟိုပြု တည်ဆောက် ပေါင်းဖက်မှုကသာ အဓိက ဖြစ်ပြီး လူမှုဓလေ့ သက်သက် “Pure Secular Affair” စစ်စစ် ဖြစ်ကြောင်း ဂုဏ်ယူဝံ့ကြွား အမြဲ ဆိုဖြစ်တယ်။

မြန်မာ့ သမိုင်း မှာ လက်ထပ်ခြင်း ဆိုင်ရာ အတွက် Saint Valentine မလိုခဲ့ဘူး၊ လူသား အခွင့်အရေး တောင်းဆိုမှုတွေ မလိုခဲ့ဘူး၊ ချစ်မှု အခွင့်အရေး အတွက် အသက် ပေးစရာ မလိုဘူး။  ဥရောပ အလယ်ခေတ် (5th-15th CE) မှာ တကယ် ဖြစ်ပျက်ခဲ့တယ် လို့ ယူဆနိုင်စရာ အထောက်အထား တချို့ရှိတဲ့ နယ်ပိုင် အရှင်သခင်ကြီးတွေရဲ့ သတို့သမီးလောင်း ကို ပန်းဦးခြွေခွင့် (First Night Right/Right of the Lord) လိုမျိုး တရားမဲ့မှု မြန်မာ့ ရာဇဝင် ပုဂံခေတ် (9th-13thCE) မှာ ဘာသာရေးခေါင်းဆောင် တချို့ ကျင့်သုံးတယ် ဆိုတာလည်း တကယ်တော့ သမိုင်း အထောက်အထား မပြည့်စုံဘူး။  ဥရောပရဲ့ အိမ်ထောင်ပြုမှု ဆိုင်ရာ တရားမဲ့၊ မလွတ်လပ်မှု ထုံး၊ ဓလေ့ သမိုင်း ကသာ ပိုခဲ့တယ်။

မြန်မာတွေ လက်ထပ်ဖို့ အတွက်၊ လူ့သဘာဝ လွတ်လွတ်လပ်လပ် ချစ်တင်းနှောခွင့် ရဖို့အတွက် ဘုန်းကြီး က စီမံဆောင်ရွက်ပေးမှ၊ ဘုရားကျောင်းတော် က ခွင့်ပြုမှ၊ ဘာသာတရား ထုံးစံ ပြုမှ၊ ဥပဒေ အရ တရားဝင်မှ၊ မြေပိုင်ရှင်ကြီးများ က လက်ခံမှ ဆိုတဲ့ အကန့်အသတ် ပညတ်ချက်တွေ လုံးဝ မရှိဘူး။  မြန်မာတွေ အများစု ယုံကြည်တဲ့ ဘာသာတရားကလည်း ကိလေသာ၊ တဏှာဖြတ်၊ သံသရာ ပြတ်အောင် လုပ်ဖို့က အန္တိမ ဆိုတော့ ဘာသာဓလေ့ နဲ့ အိမ်ထောင်သားမွေးပြုမှု ဆက်စပ်စရာလည်း အကြောင်းမရှိဘူး။  အပေါ်ယံ အမြင် အရ အသိအမှတ်ပြုမှု လက်ထပ် လက်စွပ် လဲခြင်း၊ ဝတ်ဆင်ရခြင်းမျိုး ဆိုတာတောင် မြန်မာ့ဓလေ့မှာ မရှိဘူး။  လူသား နှစ်ဦး တဦး အပေါ် တဦး ချစ်မြတ်နိုးမယ်၊ အတူတကွ နေထိုင် ပေါင်းသင်း၊ သဘာဝ တရား အတိုင်း လိင်ဆက်ဆံမှု ပြုလိုမယ် ဆိုတာနဲ့တင် အိမ်ထောင် တည်မှု ဖြစ်မြောက်၊ လက်ထပ်ရာ ရောက်တယ်။  လူမှု အသိုင်းအဝန်းကလည်း လင်မယား အဖြစ် အသိအမှတ်ပြုတယ်၊ အိမ်ထောင်ကွဲရာမှာလည်း အလားတူ သဘောအတူတူပဲ ဆိုတဲ့ အကြောင်းတွေ အနောက်တိုင်းသား မိတ်ဆွေများကို ရှင်းပြတိုင်း သူတို့တတွေ အံအားတသင့် ဖြစ်ကြတယ်။

အခု အနောက် ကမ္ဘာ မှာ လက်မထပ်မီ အတူနေခြင်း (Living Together Before Marriage) တို့၊ အိမ်ထောင်မပြုမီ လိင်ဆက်ဆံခြင်း (Premarital Sex) တို့ စတာတွေ ရဲ့ ခေတ်သစ် လှုမှုဓလေ့ထုံးတွေ ၊ ရိုက်ခတ်မှုတွေ၊ ပြောင်းလဲမှုတွေကို အကောင်း/အဆိုး၊ အကြောင်း/အကျိုး နောက်ပိုင်းမှ ဆွေးနွေးလာနေကြတာပါ။ မြန်မာတွေ မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ခုနှစ်အိမ်ကြားရုံ၊ သိရုံ၊ လူသားနှစ်ဦး အတူနေ၊ အတူစား၊ အတူ အိပ်နေကြောင်း အရပ် က အသိအမှတ်ပြုရုံ နဲ့ ရိုးရာ အိမ်ထောင်ပြုမှု မြောက်နေပြီ ဖြစ်လို့ ဒါမျိုး ဖြစ်စဉ် နီးစပ် အလား သဏ္ဌာန်တူတွေ နေ့စဉ် ကြုံတွေ့ရနိုင်တယ်။ အမြင်ကျယ် နားလည် လက်ခံပေးနိုင်မှုတောင် ရှေးဟောင်း ဓလေ့ထုံးကိုယူရင် ပို များနိုင်ကြောင်း၊ ရိုးရာ သဘောအရ အတူနေကြောင်း အရပ်က သိရင် လက်ထပ်ခြင်းမည်ပြီး ဖြစ်လို့ ဒီလို ပြဿနာမျိုးတွေ အတွက် အဖြေ တောင် ရှိပြီး ဖြစ်တယ်လို့ ဆိုနိုင်ကြောင်း ပြောပြရင် ဥရောပသား မိတ်ဆွေများ ခမျာ ဘာမှ ပြန်မချေပနိုင် ခေါင်းညိတ်ကြရတယ်။

မြန်မာ့ဓလေ့မှာ အိမ်ထောင်ပြုမှု ထုံးစံလောက် လွတ်လပ်တာ ဘာမှ မရှိဘူး။  ဘာ ဘာသာရေး၊ ဥပဒေရေး အထိမ်းအမှတ် အခမ်းအနား “Ceremony” မှ မပါဘဲ လင်ကိုယ် မယားကိုယ် နှစ်ဦးတည်း သဘောတူနေထိုင်ပြီး အရပ်က အသိအမှတ်ပြုရုံနဲ့ လူမှုထုံးတမ်း၊ တရားဥပဒေထုံးတမ်း နှစ်ခုစလုံး နဲ့ တရားဝင် တဲ့ ဓလေ့ ဆိုတာ နည်းနည်းနောနော လွတ်လပ်မှုမျိုး မဟုတ်ဘူး။ မြန်မာ့ ရိုးရာ လက်ထပ်ခြင်း မှာ အာရှ ဓလေ့ လည်း ဖြစ်၊ ယဉ်ကျေးမှု အားကြီးရာ အိမ်နီးချင်း နိုင်ငံကြီးတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတဲ့ မိန်းကလေး က ယောက်ျားလေး မိဘများကို ငွေကြေး၊ ဥစ္စာ၊ ပစ္စည်းပေး တင်တောင်းရခြင်းမျိုး လည်း မရှိဘူး။ အနောက်တိုင်း အပါအဝင် တကမ္ဘာလုံး လိုလိုမှာ ကျင့်သုံးလေ့ရှိတဲ့ လက်ထပ်ချိန်မှာ မိမိ မူလ နာမည် ကို စွန့် ခင်ပွန်း မိသားစု နာမည်ကို ယူရခြင်းမျိးလည်း မရှိဘူး။ အမျိုးသမီးငယ်များကို ငယ်စဉ်ကတည်းက ကြိုတင် သတ်မှတ်စီစဉ် လက်ထပ်ပေးခြင်းမျိုးလည်း မရှိဘူး။ အမျိုးသမီး အခွင့်အရေး အပြည့်အဝ ရှိတယ်။  အရွယ်ရောက်ပြီး အတွက်လည်း မိဘ က စီစဉ်ပေးခြင်း (Arranged Marriage) ဓလေ့ ဆိုတာ မတွင်ကျယ်ဘူး။

တကယ်တော့ လက်ရှိ မျက်မှောက် ဗမာပြည်မှာ ဝမ်းနည်းဖွယ် အမြစ်တွယ် အသားကျသွား နေပြီ ဖြစ်တဲ့ လက်ထပ်ခြင်းဆိုင်ရာ ကြိုတင် စီစဉ်မှုတွေ၊ ငွေကြေး တင်တောင်းမှုတွေ၊ အခမ်းအနားတွေ၊ ထုံးတွေ၊ ဆေးမင်ရည် စုတ်ထိုး ပညတ်ချက်မျိုးတွေ၊ “လက်ထပ်” ဆိုတဲ့ အပြုအမူ နဲ့ စကားက အစ ခေတ်သစ် အိမ်ထောင်ပြုမှု ကိစ္စရပ်များဟာ အိန္ဒိယ ရဲ့ ဟိန္ဒူ ဝါဒ လွှမ်းမိုးခံရခြင်းကနေ နောက်ပိုင်း တဖြည်းဖြည်း အခြေတည်လာခဲ့ခြင်းဖြစ်တယ်။ သတို့သမီး၊ သတို့သား အတူတကွ ယှဉ်တွဲ ထိုင်၊ လက်ဆက်၊ ဘိသိက်သွန်း၊ သြဘာစာ ရွတ်၊ ဘုရားစာ ဖတ်၊ ခရုသင်း မှုတ် စတဲ့ သဘောအားလုံးဟာ ဟိန္ဒူ ဓလေ့တွေက လာခဲ့ခြင်း ဖြစ်တယ်။ တကယ့် မြန်မာ့ ရိုးရာ လက်ထပ်ခြင်း အများ ယေဘုယျ သဘော မှာတော့ ဘာ ထုံး၊ ဘာ ပွဲ မှ မပါ ပုဆိုးတန်းတင် လင်မယား ဖြစ်ရင် လက်ထပ်ခြင်းမြောက်ပြီး ဖြစ်တယ်။  ဘာသာဓလေ့ မှာလည်း လက်ထပ်ခြင်း အတွက် ထုံးတွေ၊ ကန့်သက်ချက်တွေ မရှိ။

မြန်မာတွေရဲ့ ပုဆိုးတန်းတင် အကြင်လင်မယား ဆိုတာ လူသားနှစ်ဦး လွတ်လပ်စွာ ရွေးချယ် နေထိုင် ပေါင်းသင်းခွင့် ရှိတဲ့ သိပ်လွတ်လပ်တဲ့ “Living together” ဓလေ့ တမျိုးပါပဲ။ မြန်မာ့ ရိုးရာ ဓလေ့ ရှေးရိုးမှာကိုက “Living together” ဟာ နေရာရ တွင်ကျယ်ပြီး ဖြစ်တယ်။ ထမင်းလက်ဆုံ စားရုံ၊ ပုဆိုးတန်းတင်ရုံ နဲ့ အရပ်က သူတို့ ကို “မောင်နှံ” အနေနဲ့ အသိအမှတ်ပြု လူမှုဘဝ မှာ လက်ခံနိုင်တဲ့ ခံယူချက်၊ သဘောထား က သိပ်ကျယ်ပြန့်တဲ့ စိတ်နေ၊ စိတ်ထား နဲ့ အတွေးအခေါ်ပဲ။

အနောက်တိုင်းသား မိတ်ဆွေများနဲ့ လိင်တူ လက်ထပ်ခြင်း ဆိုင်ရာ ဥပဒေ၊ အခွင့်အရေး၊ ကျင့်ဝတ်၊ လွတ်လပ်ခွင့် အစရှိတဲ့ အကြောင်းတွေ စကားလက်ဆုံ ကျ ဆွေးနွေးဖြစ်တိုင်းလည်း အမြဲ ဆိုရတယ်။ လက်ရှိ ခေတ်သစ် ဗမာပြည်ရဲ့ လူမှု ဓလေ့၊ အသိုင်းအဝန်းမှာ လိင်တူချစ်သူတွေဆိုရင် နှာခေါင်းရှုံ့၊ မေးငေါ့ချင်ကြတယ်။  အထူးသဖြင့် မိန်းမလျာများဟာ လူမှု-စီးပွား-ပညာ-ကျန်းမာ အစစ အရာရာ ဖိနှိပ်ခွဲခြားမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံနေရသေးတယ် ဆိုတာ မှန်တယ်။  လိင်တူ လက်ထပ်ခွင့် ကို ဥပဒေ၊ လှုမှုထုံးတမ်း နှစ်ခုစလုံး လက်မခံချင်ကြသေးဘူး။  ဒါပေမယ့် တကယ့် ရိုးရာ ဓလေ့ သဘော မှာ ဒါဟာ တဝက်ပဲ မှန်တယ်။  အကြောင်းက ဆိုခဲ့တဲ့ လွတ်လပ်တဲ့ လက်ထပ်ခြင်း ဓလေ့ကြောင့်ပဲ၊ လိင်တူ ချစ်သူ အတူနေထိုင် ပေါင်းသင်းခွင့်ဟာ မြန်မာ့ ရိုးရာ လက်ထပ်ခြင်း ထုံး အရ ကြည့်ရင် အသိအမှတ်ပြုပြီး ဖြစ်တယ်လို့ ဆိုနိုင်ကြောင်း သူတို့ကို ရှင်းပြရတယ်။

ဟိုတလောက ရန်ကုန်မှာ လိင်တူ ချစ်သူ အမျိုးသားနှစ်ယောက် မင်္ဂလာ ဧည့်ခံပွဲ လုပ်ကြတယ်၊ ရှေးရိုးစွဲ၊ အမြင်ကျဉ်းများ ရှုတ်ချနေကြတယ်။ တကယ်တော့ ရိုးရာ လက်ထပ်ခြင်း ဓလေ့ အရ ကြည့်ရင် သူတို့နှစ်ဦး ကို သူတို့ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝန်း က အတူနေ စုံတွဲ အဖြစ် အသိအမှတ်ပြုပြီးဖြစ်လို့ သူတို့ဟာ ဘာ အခမ်းအနား ပွဲမှမလိုဘဲ လင်မယား အရာမြောက်ပြီး ဖြစ်တယ်။  (မှတ်ချက် – လက်ရှိ တည်ဆဲ ဥပဒေ ဖိနှိပ်မှုအရတော့ သူတို့ ကို လိင်တူ လိင်ဆက်ဆံခြင်း အတွက် အရေးယူလို့ ရတယ်။)

ငယ်စဉ်က စာသင်ခဲ့ရတဲ့ ဘုန်းကြီးကျောင်းရှိတယ်။ ဘုန်းကြီးကျောင်းနဲ့ ကပ်လျက် အစိုးရဌာန မြေတခု မှာ ဈေးဆိုင်လေးတွေ ရှိတယ်။  တဆိုင်က ငယ်ငယ်က မုန့်စားနေကျ၊ ကြီးတော့ ကွမ်းစား၊ ဆေးလိပ်သောက် လုပ်နေကျ ကွမ်းယာဆိုင်လေး။  အမျိုးသမီး လိင်တူ ချစ်သူ Lesbians နှစ်ယောက် ပေါင်းရဲ့ စီးပွား ဆိုင်လေးပဲ။  သူတို့ကို ဘိုထီး နဲ့ ဘိုမ လို့ အရပ်က ခေါ်ကြတယ်။  ပျော်ရွှင်တဲ့ အိမ်ထောင်ဘဝ တည်ဆောက် သုခ ချမ်းသာ ရကြတယ်၊ ကလေးတောင် ယူ မွေးစားထားလိုက်သေး ခင်ဗျာ။  ချစ်လိုက်တာလည်း အများ အားကျ ကြည်နူးစရာ၊ အရပ်ကလည်း သူတို့ကို လင်မယား၊ ဇနီးမောင်နှံ အဖြစ်ပဲ မြင်ကြ၊ အသိအမှတ်ပြုကြတယ်။  ဒီလို ဖြစ်စဉ်မျိုး ဗမာပြည် နေရာတိုင်း မှာ တွေ့နိုင်တယ်။ ဘာ ဥပဒေ အရ လိင်တူလက်ထပ်ခွင့် အခွင့်အရေး (Gay or Lesbian Marriage Right) ကို ဒီမိုကရေစီ အခြေတည်ပြီး လူ့အဖွဲ့အစည်း အနောက်မှာလို တကူးတက သီးသန့် တောင်းနေစရာမလိုဘူး။  အကြောင်းက မြန်မာ့ လူ့အဖွဲ့အစည်း မှာ ဆိုခဲ့တဲ့ လွတ်လပ်တဲ့ ထိမ်းမြား လက်ထပ်ခြင်း ဓလေ့ ရှိနေပြီးသား ဖြစ်လို့ပဲ။  ကဲ… ဘယ်လောက် ဂုဏ်ယူစရာ ကောင်းသလဲ ခင်ဗျာ့။

ဆိုတော့ ဘာသာရေး အရ၊ ဥပဒေ အရ၊ ချုပ်နှောင်မှု မရှိတဲ့၊ မင်းစိုးရာဇာ တွေရဲ့ ထိမ်းချုပ်မှု ကင်းတဲ့၊ လွတ်လပ်စွာ တူနှစ်ကိုယ် သဘောတူ လက်ထပ် ပေါင်းသင် နေထိုင်ခွင့်ရှိတဲ့၊ ချစ်မှုရေးရာ အခွင့်အရေး ပြည့်ဝ Living Together ကို ရှေးပဝေသဏီ ကတည်းက ကျင့်သုံးခဲ့တဲ့၊ အမျိုးသမီး အခွင့်အရေး အပြည့်ရှိတဲ့၊ လက်ထပ်ထိမ်းမြားခြင်း ညီမျှ တရားမျှတမှု (Marriage Equality) အရ လိင်တူလက်ထပ်ခွင့် အခွင့်အရေး (Same Sex Marriage Right) ကို တောင်းစရာ မလိုဘဲ အပြည့်အဝ ရရှိခံစားနေတဲ့ စတဲ့ စတဲ့ ကျယ်ပြန့်တဲ့ စိတ်ရင်းသဘော အပြည့် မြန်မာဓလေ့ လက်ထပ်ခြင်း ဟာ လူသား အခွင့်အရေး ကို အပြည့်အဝ လေးစားလိုက်နာရတဲ့ ၂၁ ရာစု လူသားတွေ အတွက် အသင့်အလျော်ဆုံး ဖြစ်ပြီး ဖြစ်နေတယ်။

ဒီလို မြန်မာတွေရဲ့ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ပြီး ဖြစ်တဲ့ ကောင်းမွန်၊ လှပ၊ ပြည့်ဝလှတဲ့ ထုံးတမ်း၊ သဘောထား၊ ဓလေ့၊ အမြင်၊ ခံယူချက်တွေ ကို အခု မျက်မှောက်ခေတ်ရောက် ဒီမိုကရေစီ ခေတ်သစ်နိုင်ငံကြီးကို ချီတက်မယ် ကြွေးကြော်နေကာမှ အမျိုး၊ ဘာသာ၊ သာသာနာ တလွဲ အသုံးချ အကြောင်းပြ အရောင်တွေဆိုးချင်၊ အမုန်းတရား အတွက် ခုတုံးလုပ်ချင်၊ နိုင်ငံရေး ပယောဂကပ် ရွေးကောက်ပွဲ မဲနိုင်ချင်မှုတွေကြောင့် မတော်မလျော် ဥပဒေတွေ ထုတ်၊ အမိန့်တွေ ပြုချင်၊ သဘောထားတွေ ပြောင်းဖို့၊ ဓလေ့ကောင်းတွေ ပျက်ဖို့ ဘာကြောင့် ကြိုးစားချင်ကြတာလဲ ခင်ဗျာ။

ဆိုတော့ အခု ဥပဒေကြမ်း အဆင့်တောင် ရောက်နေပြီ ဖြစ်တဲ့ ဥပဒေ ၄ ခု မှာ တလင် တမယား ဥပဒေ ကလွဲလို့ ကျန်တဲ့ ၃ ခု ဗမာ့လူ့အဖွဲ့အစည်းမှာ တည်ရှိ သင့်သလား ဆိုတာ အထက်မှာ ဆွေးနွေးခဲ့မှုကို အခြေခံပြီး စာဖတ်သူများ ချင့်ချိန် နိုင်မယ် ယူဆပါတယ်။ အခု ဒီ ဥပဒေတွေကို ထောက်ခံသူများက ဆိုကြတယ်။ ဥပဒေက ဖြင့် ထွက် မ ထွက်သေးဘူး၊ ဘာကို ဆန့်ကျင်သလဲ ဆိုချင်ကြတယ်။ သဘောတရားရေးရာ၊ မူဝါဒ အရကို ဒီလို ဥပဒေတွေ ဗမာပြည်မှာ ရှင်သန်စေလိုမှု ကို ဆန့်ကျင်ရမှာပါ၊ ဝေဖန် ထောက်ပြ ရမှာပါ။ ဥပဒေ အဆင့် မရောက်ခင် ဆန္ဒထုတ်ဖော်မှု တွေ ပြုကို ပြုရမှာပါ။ အနည်းဆုံး ဆန်းစစ် သုံးသပ်မှုမျိုး ရှိဖို့ လိုပါတယ်။

အမျိုး၊ ဘာသာ သာသနာ စောင့်ထိန်းစေချင်သူ ရဟန်းသံဃာတော် အရှင်သူမြတ်များကိုလည်း ဥပဒေ သဘောထက် ပညာပေးရင်း၊ အသိပေး လှုံ့ဆော်ရင်း၊ တရား ဓမ္မစစ်များကို ဖြန့်ဖြူးပေးရေးနဲ့ပဲ တိုက်တွန်းသင့်ကြောင်း လျှောက်ထားချင်ပါတယ်။

ကိုမျိုးချစ်ဆိုသူများကိုလည်း သိပ်ကို လူမျိုးတွေ၊ ဘာသာတွေ၊ ရိုးရာတွေ၊ ယဉ်ကျေးမှုတွေ၊ ဓလေ့တွေ၊ ထုံးတွေ ဗဟိုပြုချင်၊ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့တွေကို ထိန်းသိမ်းနေချင်ကြရင် မြန်မာ့ရိုးရာ လက်ထပ်ခြင်း ဓလေ့လို ကိုယ့်ဆီ အခြေတည် ရှိနေပြီးသား ၂၁ ရာစု နဲ့ တန်းဝင် တဲ့ အတွေးအခေါ်၊ ဓလေ့ ကောင်းတွေကို ရှေးရိုးစွဲ ဆက်လက် အပြည့်အဝ ထိန်းသိမ်းပစ်လိုက်ဖို့ အကြံပေးချင်ပါတယ်။

ကျန်တဲ့ အပိုဆာဒါး လက်တွေ့ အကျိုးမဲ့ အလုပ်မဖြစ်တဲ့ အတွေးအခေါ်တွေ၊ လူသား အခွင့်အရေး ထိပါးတဲ့ ဥပဒေတွေ၊ သတ်မှတ်ချက်တွေ ထပ်မံ ဖြည့်စွက် ရှိရင်းစွဲ မြန်မာ့ “ကောင်းဓလေ့” ကို “ဆိုးမွေ” အဖြစ် ပြောင်းမသွားစေဖို့ရာ ရှေးရှု ဆွေးနွေးတင်ပြလိုက်ရကြောင်းပါ ခင်ဗျာ။

(ငြိမ်းချမ်းအေးသည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး အွန်လိုင်း မီဒီယာများတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။  ဆောင်းပါး ပါ အာဘော် နှင့် ပတ်သက်၍ ဝေဖန် ဆွေးနွေးလိုပါက [email protected] ထံ စာရေး ဆက်သွယ်နိုင်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading