“မိန်းမသားတွေရဲ့ ဘဝဟန်ပန်”

မိချမ်းဝေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အခုတလော အမျိုးသမီးတွေ အကြမ်းဖက်ခံရတာနဲ့ ပတ်သက်လို့ ပြောသံဆိုသံတွေ စီစီညံညံ ကြားနေရပါတယ်။

စစ်ဖြစ်နေတဲ့ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသူ မိန်းကလေးတွေရဲ့ အစော်ကားခံရမှု၊ မလုံခြုံမှု၊ ဥပဒေနဲ့ ခိုင်ခိုင်လုံလုံ ခြေခြေမြစ်မြစ် မဖြေရှင်းပေးမှု စတဲ့ အမျိုးသမီးတွေရဲ့ အနှိမ်ခံဘဝတွေကို မီးမောင်းထိုးပြနေတဲ့ အဖြစ်အပျက်တွေ တရစပ် ဖြစ်ပျက်လာပါတယ်။ ဒါတွေအတွက် စာစောင်တွေထဲမှာ၊ အသံလွှင့်မီဒီယာ လေလှိုင်းထဲမှာ ရေးသားကြ ပြောဆိုကြ တာတွေ ကြားသိရတော့ အမျိုးသမီးတွေဘက်က အားတက်ရပါတယ်။

အမျိုးသမီးတွေ ဘက်ကရော ဘာတွေပြုပြင်ထိန်းသိမ်းရမလဲ။ တခါတုန်းက မြို့လယ်ခေါင် ဟိုတယ်တခုမှာ ကျင်းပတဲ့ အမျိုးသမီးဖိုရမ်တခုကို သတိရမိပါတယ်။ “မီဒီယာထဲက မိန်းမသား” ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေဟောပြောကြ၊ စကားဝိုင်းဆွေးနွေးကြ ဗီဒီယိုအပိုင်းတိုကလေးတွေပြကြနဲ့ သုံးရက်တိုင်တိုင်ပါပဲ။

ပွဲစတော့ ပထမဦးဆုံး ဟောပြောသူက ဆရာမ မြနှောင်းညိုပါ။ မီဒီယာထဲက မိန်းမသားခေါင်းစဉ်နဲ့ လျော်ညီစွာ မြန်မာ အမျိုးသမီးတွေ ခေတ်အစဉ်အဆက် မီဒီယာထဲမှာ လှုပ်ရှားခဲ့ကြတာတွေကို ရှေးစာဆို-ရဝေရှင်ထွေး၊ မယ်ခွေ၊ နန်းမတော်မမြလေး၊ လှိုင်ထိပ်ခေါင်တင်တို့ အကြောင်းတွေနဲ့ ထိတို့ဟောပြောသွားပါတယ်။ ဒီဘက်ခေတ် ဆရာမကြီး ဒဂုန်ခင်ခင်လေး၊ ဂျာနယ်ကျော်မမလေး၊ လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့ စွမ်းဆောင်နိုင်ခဲ့မှုတွေကိုလည်း အကျယ်တဝင့်ပါပဲ။ ပြီးတော့ ပရိသတ်ထဲကို မေးခွန်းမေးဖို့ ဖိတ်ခေါ်ပါတယ်။ ရုတ်တရက်ဆိုတော့ ဘယ်သူမှ မမေးကြပါဘူး။ ခဏကြာတော့ မိုက်ကရိုဖုန်းက ကျမဆီရောက်လာပါတယ်။ ဆရာမ မိချမ်းဝေ မေးပေးပါတဲ့။

ကျမမေးလိုက်တဲ့ မေးခွန်းက “ယနေ့ခေတ် မီဒီယာထဲက မိန်းမသားတွေ စာရိတ္တပျက်ယွင်းလာမှုအပေါ် ဘာတွေ လုပ်ကြရင်ကောင်းမလဲလို့ စဉ်းစားမိကြရဲ့လား” ဆိုတဲ့ မေးခွန်းပါ။ ခန်းမထဲမှာ အတော်ကြာအောင် ပွစိပွစိ အသံတွေ ထွက်လာပါတော့တယ်။ မိုက်ကရိုဖုန်း လက်ထဲပြန်ရောက်လာပါတယ်။ ဆရာမမေးတဲ့မေးခွန်းက မရှင်းလို့ ပြန်မေးပေးပါတဲ့။ ဒီတော့ ပြန်မေးရပါတယ်။

ဒီမေးခွန်းကို ဒီထက် ရှင်းအောင်မေးရရင် မဖြူကိုပြောတာလား၊ မနီကိုပြောတာလား ဖြစ်တော့မှာလေ။ မီဒီယာဆိုတာ ရုပ်ရှင်၊ ဂီတ၊ စာပေ အကုန်ပါတာကိုး။ မေးခွန်းကို ဆရာမ မြနှောင်းညိုသာမက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက်ကပါ ဝိုင်းပြီးဖြေပေးပါတယ်။

အဲဒီအချိန်မှာပဲ ပရိသတ်တနေရာက သတင်းထောက်မလေးတဦး ထပြီးမေးပါတယ်။ မီဒီယာထဲက မိန်းမသားတဦး စာရိတ္တပျက်ယွင်းလာတာ သူ့အလုပ်ကို ထိခိုက်ပါသလားတဲ့။ သူ့မေးခွန်းက ရှေ့က ကျမမေးခွန်းကို မထိတထိ ကွန့်လိုက်တဲ့ မေးခွန်းပါ။ စာရိတ္တပျက်ယွင်းပေမယ့် အလုပ်ကောင်းနေရင် ပြောစရာမလိုဘူးဆိုတဲ့ သဘောပါ။

ဒီမေးခွန်းကိုတော့ အကယ်ဒမီဆွေဇင်ထိုက်က ဖြေပါတယ်။ စာရိတ္တပျက်ယွင်းလာမှုဟာ အစပိုင်းမှာ မသိသာပေမယ့် ကြာလာရင်၊ လူသိများလာရင် အလုပ်ကို ထိခိုက်နိုင်တယ်လို့ဖြေပါတယ်။

လူငယ်တွေရဲ့စိတ်ထဲမှာ တစုံတရာ မာခဲမှုတွေရှိနေတယ်ထင်တယ်။ သတင်းထောက်မလေးရဲ့ မျက်နှာဟာ အတော်လေးပဲ တည်တင်းတင်းနိုင်ပါတယ်။ အလုပ်ကောင်းရင် လူရဲ့စာရိတ္တကိုထည့်သွင်းစရာ မလိုဘူးလို့ပဲ တရားသေ တွက်ထားတာလားတော့ မသိဘူး။ မေးခွန်းအပေါ်မှာ စောဒကတက်တာ ကောင်းပေမယ့် အဲဒီ စောဒကဟာ ဘာကို အခြေခံလဲဆိုတာလည်း အရေးကြီးပါသေးတယ်။

နောက်တနေ့ ထပ်ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေက ပိုပြီးတော့တောင် အသက်ဝင်ပါသေးတယ်။ သတင်းထောက်တွေနဲ့ တိုက်ရိုက် ပတ်သက်ပါတယ်။ သတင်းထောက်တွေကို ဝတ်စားဆင်ယင်မှုနဲ့ ထိန်းချုပ်ထားလို့ သတင်းလိုက်ရာမှာ အနှောင့်အယှက် ဖြစ်တဲ့အကြောင်း၊ နေပြည်တော်လို နေရာမျိုးမှာ သတင်းလိုက်တဲ့အခါ ရိုးရာမြန်မာဝတ်စုံနဲ့မှ ဝင်ခွင့်ပြုတာမျိုး၊ ဒီအဝတ်က သူတို့ရဲ့ လှုပ်ရှားမှုတွေကို အနှောင့်အယှက်ဖြစ်စေတယ်၊ မိန်းကလေးတွေ အမြင့်တက်ပြီး ဓာတ်ပုံမရိုက်ရ တားမြစ်ထားလို့ ယောက်ျားလေး သတင်းထောက်တွေနဲ့ယှဉ်ရင် သူတို့မှာ ဓာတ်ပုံကောင်းတွေမရ၊ ဓာတ်ပုံကောင်းမရတော့ သတင်းရောင်းတဲ့အခါ တန်ရာတန်ကြေး မရနိုင်တာတွေ ဆွေးနွေးကြပါတယ်။

ဝတ်စားဆင်ယင်မှုက မိန်းမသားဆိုတဲ့ ဘဝဟန်ပန်ကို ပုံဖော်ထားတဲ့အခါ အလုပ်တွင်တဲ့အကြောင်းတွေ ဆွေးနွေးကြ (ရင်ဖွင့်ကြ) တာ အလွန်နားထောင်ကောင်းသလို၊ စိတ်ဝင်စားဖွယ်လည်း ကောင်းပါတယ်။ ရိုးရာမြန်မာဝတ်စုံအစား ဘောင်းဘီရှည်ဝတ်ခွင့်ရရင် အလုပ်ပိုတွင်မယ့်အကြောင်း သူတို့ဆန္ဒကိုလည်း သိခွင့်ရတော့ အမျိုးသမီးသတင်းထောက် တွေနဲ့ ပတ်သက်ပြီး ဒီကိစ္စကို ပြန်လည်စဉ်းစားပေးဖို့ သင့်လှပါတယ်။

ဒီအချိန်မှာ စောစောက မျက်နှာထားတည်တင်းတင်းနဲ့ သတင်းထောက်မလေးက မိန်းမသား တယောက်အနေနဲ့ သတင်းလိုက်တဲ့အခါ ကြုံတွေ့ရတဲ့ကိစ္စတွေကို ဆွေးနွေးပါတယ်။ တခါမှာတော့ သူဟာ ယောက်ျားတွေချည်း ထောင်ချီရှိတဲ့နေရာကို သတင်းယူဖို့ ရောက်သွားသတဲ့။ အဲဒီမှာ ညအိပ်ဖို့ ကိစ္စပေါ်လာတော့ မလှမ်းမကမ်းရွာက လူတွေက မိန်းကလေးတယောက်တည်း ဒီနေရာမှာ မအိပ်သင့်ကြောင်း၊ ရွာမှာ ပြန်အိပ်သင့်ကြောင်း ပြောပြီး လာခေါ်ပါသတဲ့။ သူ့သဘောဆိုရင်တော့ ရွာကိုမလိုက်သွားဘဲ အဲဒီမှာပဲ အိပ်မှာတဲ့။ ဒါပေမယ့် ရွာကလာခေါ်နေလို့ နောက်ဆုံးတော့ ရွာမှာပဲ သွားလိုက်အိပ်လိုက်ပါသတဲ့။

ဒီနေရာမှာ ကျမ ဝင်ပြောလိုက်ပါတယ်။

“ငါ့သမီး ဒီလိုဆုံးဖြတ်တာ မှန်ပါတယ်။ ဟုတ်တယ်၊ ယောက်ျားထောင်ချီ ရှိတဲ့ နေရာမှာ မိန်းကလေးတယောက်တည်း မအိပ်သင့်ဘူး။ အန်တီတို့အရွယ်တောင် ပင်လယ်တံငါ ဝတ္ထုရေးဖို့ ဝါးလတ်-ဝါးတန်း ငါးလှေတွေနဲ့ ပင်လယ်ထဲ မလိုက်သွားဝံ့ဘူး။ ဝါးလတ်ငါးလှေမှာ လှေသား ၂၅ ယောက်ပါပြီး ဝါးတန်းငါးလှေမှာ လှေသား ၄၀ ယောက်ပါပါတယ်။ ကိုယ်တယောက်တည်း မိန်းမသားတယောက်အနေနဲ့ လိုက်သွားရင် ပင်လယ်ထဲရောက်သွားတဲ့အခါ ဘယ်လို စိတ်ဓာတ်ဖောက်ပြန်မှုတွေ ဖြစ်လာမယ်ဆိုတာ မပြောနိုင်ဘူး။ ဒါကြောင့် အန်တီ မလိုက်သွားနိုင်ဘူး။ သူတို့ကလည်း မခေါ်ဘူး။ သမီးရွာမှာ ပြန်အိပ်တာ မှန်ပါတယ်”

ဒါပေမယ့် တည်တင်းတင်းကလေးက အခံကိုက အမာထင်ပါရဲ့။ ဒါမှမဟုတ် ကွန့်ချင်ညွန့်ချင်တာ သူ့နဂို ဗီဇထင်ပါရဲ့။ စကားတခွန်း ကောက်ပြောလိုက်ပါတယ်။

“ကျမကတော့ မကြောက်ပါဘူး၊ ယောက်ျားတထောင် မပြောနဲ့ တသောင်းနဲ့လည်း အိပ်ရဲတယ်။ ဥပဒေသာရှိပါစေ”တဲ့။

သူ့စကားက လူတော်တော်များများကို အံ့အားတသင့်ဖြစ်သွားစေတယ်။ အခု ဆွေးနွေးနေကြတာ ကြောက်ခြင်း မကြောက်ခြင်း မဟုတ်ဘူးလေ။ သင့်-မသင့်၊ တော်-မတော် ကိစ္စမဟုတ်လား။ ဥပဒေဆိုတာကလည်း ဒီအချိန်မှာ ဘယ်လောက် ခိုင်လုံပြည့်စုံနေလို့လဲ။ ဘယ်လောက် ခိုင်မာနေလို့လဲ။ ဘယ်လောက် ကာကွယ်ပေးနိုင်လို့လဲ။ ဖြစ်လာရင် ဥပဒေကနောက်၊ မိန်းမသားတယောက် အရှက်နဲ့ ဂုဏ်သိက္ခာပြိုကွဲမှာက အရင်၊ မိမိရဲ့ ဘဝလုံခြုံမှု၊ မိန်းမသား တယောက်ရဲ့ ကာယဣန္ဒြေကို ထိန်းသိမ်းဖို့အတွက် မိမိကိုယ်တိုင် အသိတမံ၊ ဉာဏ်မြေကတုတ် လုပ်ရမှာ မဟုတ်လား။ ဉာဏ်နဲ့ယှဉ်တဲ့ အသိနဲ့ ထိန်းသိမ်းရှေ့ဆောင်သွားရမှာ မဟုတ်လား။

သူရဲ့ စောဒကဟာ ဆွေးနွေးဝိုင်းကို အကျည်းတန်သွားစေပါတယ်။ ကျမလည်း သူရဲ့ အတွင်းစိတ်ကို လှစ်ခနဲ မြင်လိုက်ရလို့ စိတ်မကောင်းပါဘူး။ ဆက်လက်ဆွေးနွေး ချင်စိတ်တောင် မရှိတော့ပါဘူး။

နောက်တနေ့မှာတော့ ဆရာမဂျူးက မီဒီယာထဲမှာ မိန်းကလေးတွေကို အသုံးချပြီး ကြော်ငြာနေတဲ့ ကိစ္စတွေကို ဆွေးနွေးသွားပါတယ်။ မိန်းကလေးတွေရဲ့ ကိုယ်ကာယဟာ စီးပွားရေးသမားတွေရဲ့ အသုံးချခံ ပစ္စည်းတခုလား။ ဥပမာ-မော်တော်ကား ကြော်ငြာတွေမှာ မိန်းကလေးတွေ စကပ်တိုတို၊ ရင်ဘတ်ပေါ်ပေါ် အဝတ်အစားမျိုးတွေနဲ့ ဆွဲဆောင်တာမျိုး အပေါ် ကာယကံရှင်ကိုယ်တိုင်ကပဲ ဒီကြော်ငြာမျိုး ရိုက်- မရိုက် ဆုံးဖြတ်ရမှာပါ။ ငွေရတိုင်း မလုပ်သင့်ဘူး ဆိုတဲ့ ဆွေးနွေးချက်တွေက အလွန်ပဲ တန်ဖိုးရှိပါတယ်။

နောက်ဆုံးနေ့ ညနေပိုင်းတလျှောက်လုံးမှာတော့ အိမ်တွင်းအကြမ်းဖက်မှုကို အခြေခံတဲ့ စကားဝိုင်းကလည်း မိန်းမသားတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ ပို့ချနေသလို ကောင်းမွန်တဲ့ ဆွေးနွေးပွဲကလေးပါ။ နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ အမျိုးသမီးတွေ တိုးတက်အမြင်ရှိဖို့၊ ပညာတတ်ဖြစ်ဖို့၊ အိမ်တွင်းမှာပဲ အိမ်မှုကိစ္စနဲ့ အချိန်မကုန်စေဘဲ ပရဟိတ အသင်းအပင်းအဖွဲ့အစည်းတွေမှာ ဝင်လုပ်ဖို့ တိုက်တွန်းနှိုးဆော်တဲ့ ဟောပြောချက်တွေ ကြားရပါတယ်။

ဒီနေရာမှာ ဟောပြောတဲ့ ပုဂ္ဂိုလ်မိန်းကလေးတွေဟာ အသက်အရွယ်နုနယ်တဲ့ အရွယ်ကလေးတွေပါ။ သူတို့ဟာ ကြက်တူရွေးစာချ၊ ဆေးကုမ္ပဏီတွေက အရောင်းဝန်ထမ်းတွေလို NGO တခုခုကနေ လေ့ကျင့်ပေးလိုက်တဲ့ အတိုင်း ကရားရေလွှတ် ပြောတော့တာပါ။

မိန်းမတွေ အိမ်တွင်းပုန်းမနေပါနဲ့။ အပြင်ထွက်ပြီး အလုပ်လုပ်ကြပါ။ တိုးတက်မှု ဖွေရှာကြပါ။ ယောက်ျားတွေ ချောင်ထိုး ထားတိုင်း ချောင်ထိုး မခံပါနဲ့ဆိုတဲ့ သဘောထားတွေပါတဲ့ စကားမျိုး ရှည်ရှည်လျားလျား ပြောသွားပါတယ်။

ဟောပြောချက်တနေရာမှာ ယောက်ျားတွေကို မီးဖိုချောင် ဝင်ခိုင်းရမယ်ဆိုတာမျိုး သဘောတွေ ပါသွားတဲ့အတွက် ပရိသတ်ထဲက (တက်လာတဲ့ လက်တဆုပ်စာယောက်ျားတွေထဲက) တယောက်က တော်တော်ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ မေးခွန်းတွေနဲ့ ထဆွေးနွေးတာကြားရပါတယ်။

အဲဒီနေ့က တနေ့လုံး ဟောပြောချက်တွေဟာ ယောက်ျားမကောင်းကြောင်း ဦးတည်ပြီး ပြောနေသလို ဖြစ်သွားတာ အမှန်ပါပဲ။ ယောက်ျား မကောင်းကြောင်းတွေချည်း ဆက်တိုက်ကြားရတော့ နားထဲမှာပူသွားပြီး တဖက်စောင်းနင်း ဖြစ်နေပြီလို့ ခံစားသိရှိလိုက်ပါတယ်။ တကယ်ဆို ဒီကိစ္စက နည်းနည်းနူးညံ့သိမ်မွေ့ပြီး အနုပညာဆန်ရမယ့် ကိစ္စပါ။

မိန်းမတွေ အိမ်ပြင်ထွက် အလုပ်လုပ်သင့်ပေမယ့် ဒီလို အရမ်းကာရော ဆွဲမထုတ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့  အိမ်တဆောင်မှာ အိမ်ရှင်မက အဓိကအချုပ် ဖြစ်နေလို့ပါ။ မီးဖိုချောင်ဟာ သိပ်အရေးကြီးပါတယ်။ တအိမ်လုံးရဲ့ ကျန်းမာရေးကို မီးဖိုချောင်က ထိန်းထားပါတယ်။ ကျန်းမာရေးနဲ့ ပြည့်စုံကောင်းမွန်တဲ့ အစားအစာကို စားသောက်ရမှ အိမ်သားတွေရဲ့ ကျန်းမာကြံ့ခိုင်မှုကို အထောက်အကူဖြစ်မယ်။ ကျန်းမာမှ ကျန်တဲ့ စီးပွားရေး လူမှုရေး၊ ဘာသာရေး အလုပ်တွေ လုပ်နိုင်မယ်။

တခုပဲရှိပါတယ်။ အိမ်ရှင်မကို အပြင်ထွက် အလုပ်လုပ်စေချင်ရင် အိမ်ရှင်မရဲ့ အလုပ်တာဝန်တွေကို ခွဲဝေယူကြရပါမယ်။ ရေဝိုင်းခပ်ပေးတာမျိုး၊ သန့်ရှင်းရေး ကူလုပ်ပေးတာမျိုး၊ လင်ယောက်ျားက ဈေးသွားတာဝန်ယူပေးတာမျိုး၊ သို့မဟုတ် ကလေးကျူရှင်ကြိုပေးတာမျိုး၊ သားသမီးတွေနဲ့လင်ယောက်ျားက အိမ်တဆောင်ရဲ့ တာဝန်ကို ခွဲဝေယူကြမယ်ဆိုရင် အိမ်ရှင်မဟာ အိမ်ကိုထားပြီး အပြင်ထွက်လို့ရပါပြီ။

ဒီလိုတာဝန်ခွဲဝေယူဖို့ ဆန္ဒဖြစ်ပေါ်လာအောင် သူတို့မှာ နဂိုအသိမရှိဘူးဆိုရင် အိမ်ရှင်မကပဲ ပြောဆိုစည်းရုံးရမှာပါ။ မိန်းမတယောက်ဟာ လင်ယောက်ျားရဲ့ လိုက်လျောကူညီမှုမပါဘဲ အိမ်ပြင်ထွက် အလုပ်လုပ်လို့ မရပါဘူး။

ပြီးတော့ အမေ (အိမ်ရှင်မ) တယောက်ရဲ့ အခန်းကဏ္ဍဟာ စာဖွဲ့လို့မဆုံးအောင် ကျယ်ပြောလှပါတယ်။ ကျမရဲ့ သဘောထားကို ပြောရရင်တော့ မိန်းမသားဖြစ်ရတဲ့ဘဝကို တခါမှ မသိမ်ငယ်ဖူးပါ။ အမေဘဝကို ရလာတဲ့အခါမှာ အမေဖြစ်ခွင့်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးအထပ်ထပ်တင်မိပါတယ်။ အမေဆိုတဲ့ ကြီးမြတ်မှုလက်ဆောင်အတွက် ဂုဏ်ယူမဆုံးဘူး။ ကလေးမွေးရ၊ မမွေးခင် ကိုယ်ဝန်ဆောင်ရတာတွေ အတွက်လည်း တခါမှ ညည်းညူခြင်းမပြုခဲ့ဘူး။ င့ါနှယ်နော်- ငါမှ ဒါတွေလုပ်နေရပလေ လို့ ငြိုငြင်စိတ်မဖြစ်မိဘူး။

ရရှိလာတဲ့ မိန်းမသားဘဝကို တန်ဖိုးထားတယ်။ မိန်းမတွေရဲ့ ပြုဖွယ်ကိစ္စမှန်သမျှကို သမိုင်းပေးတာဝန်အဖြစ် သတ်မှတ်ပြီး ကျေပွန်အောင် ကြိုးစားတယ်။ သမီးကောင်း အဖြစ်နေခဲ့သလို အမေကောင်းဖြစ်အောင်လည်း အားထုတ်တယ်။ ယောက်ျားတွေကို လေးစားတယ်။ ယောက်ျားတွေရဲ့ လုပ်အားစွမ်းရည်အပေါ် ချီးပဖို့ ဝန်မလေးဘူး။ ကျမတို့ မိန်းမသားတွေရဲ့ရင်ထဲ ယောက်ျားမုန်းဝါဒတွေ မစွဲသွားဖို့ လိုပါတယ်။

လောကကြီးမှာ ကျားနဲ့မ အပြန်အလှန် တည်ဆောက် ကျားကန်မှုတွေနဲ့ ရှင်သန်နေတဲ့အတွက် နားလည်မှုတွေနဲ့ ဖေးကူလျှောက်လှမ်းဖို့က အရေးကြီးပါတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ဟောပြောမှုတွေ စဉ်ဆက်မပြတ် လုပ်နေရကြဦးမှာပါ။ ဒီလိုလုပ်တဲ့အခါ စကားအသုံးအနှုန်း၊ အတွေးအခေါ် အယူအဆ၊ ရပ်တည်မှု သဘောထား စတာတွေအတွက် စကားလုံးရွေးချယ်မှု၊ ဟောပြောမှုစွမ်းရည်၊ ကြက်တူရွေးစာချ ကရားရေလွှတ်ပြောနိုင်တိုင်း ဟောပြောကောင်းသူတဦး မဟုတ်နိုင် ဆိုတာတွေကို ချိန်ဆပြီး နှစ်ဦးနှစ်ဘက် ဟန်ချက်ညီညီ ထိန်းမတ်ပြောဆိုတတ်ဖို့ လေ့ကျင့်ကြရပါဦးမယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူချစ်တဲ့ မိုက်ကယ်အတွက် လျှာရင်းမြက်စေမယ့် ဟင်းတခွက် ချက်ပေးခဲ့ဖူးတယ်ဆိုတာ မမေ့ကြစေချင်ဘူး။

မိန်းမသားတွေရဲ့ ဘဝဟန်ပန် နေသားတကျလှပကြပါစေ။

မိချမ်းဝေသည် ‘ကမာရင်ကွဲ နှင့် အခြားပင်လယ် ဝတ္ထုများ’ ဝတ္ထုတိုပေါင်းချုပ် စာအုပ်နှင့် အမျိုးသား စာပေဆုကို၂၀၀၀ ပြည့်နှစ်က ရရှိခဲ့သည်။ ဝတ္ထုတိုပေါင်းချုပ်၊ လုံးချင်းဝတ္ထုရှည်နှင့် ခရီးသွားစာပေ စုစုပေါင်း အုပ်ရေ ၂၀ ကျော်ရေးသား ဖြန့်ချိပြီးဖြစ်သည်။ သူ၏ ပင်လယ် အထူးပြု ရေးသားသော ဝတ္ထုများမှာ ပရိတ်သတ်၏ အထူးနှစ်ခြိုက်ခြင်းကို ခံရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading