မြန်မာပြည်မှာ ဆက်သွယ်ရေး လုပ်ငန်း လုပ်ခွင့်ရထားတဲ့ ကာတာ အခြေစိုက်ကုမ္ပဏီ Ooredoo ဆန့်ကျင်ရေး ဟောပြောပွဲတွေ၊ ဆန္ဒပြ လှုံ့ဆော်မှုတွေ လုပ်မယ် ဆိုတာတွေ ဖတ်ရတော့ စိတ်ဝင်စားမိတယ်။
နိုင်ငံတကာက စီးပွားရေး လုပ်ငန်းစုကြီးများရဲ့ ရင်းနှီးမြှုပ်နှံမှု စီးပွားလုပ်ငန်းတွေကို ဒေသခံ လူမှု၊ နိုင်ငံရေး အဖွဲ့အစည်း တွေက စောင့်ကြည့်လေ့လာ၊ ဝေဖန်သုံးသပ်၊ လိုအပ်ရင် ဆန့်ကျင်တာမျိုးဟာ ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေမှာ ရှိသင့် ရှိထိုက်တဲ့ ဓလေ့ကောင်း ဖြစ်လို့ ဒီသတင်းကို စိတ်ဝင်စားရတာပါ။
အထူးသဖြင့် အာဏာနဲ့ လူတစု အကျိုးစီးပွားကိုသာ ရှေးရှုတတ်တဲ့ အုပ်ချုပ်သူ မင်းအစိုးရစနစ် ရှင်သန်ရာ မြန်မာပြည်လို တိုင်းပြည်မျိုးမှာ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ပြီး နိုင်ငံခြားတိုက်ရိုက်၊ သွယ်ဝိုက် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ လူအများစု ပြည်သူအပေါ် သက်ရောက်တဲ့ အကျိုး၊ အပြစ်တွေကို စောင့်ကြည့်ဝေဖန် ဆန်းစစ် အသံထွက်မှုမျိုးဟာ လိုအပ်ပါတယ်။
နိုင်ငံတကာမှာတော့ ဒါမျိုးကို တက်ကြွလှုပ်ရှားသူ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေက ဦးဆောင် လှုပ်ရှားလေ့ ရှိကြတယ်။ မြန်မာပြည်မှာကျတော့ လူမှုအသိုက်အဝန်းမှာ သံဃာရဲ့ အခန်းကဏ္ဍက ကြီးတဲ့ အတွက် ဒီလို ကိစ္စတွေမှာ အခု ရဟန်း သံဃာတော်တွေ စိတ်ဝင်စားမှုရှိ၊ ဝင်ရောက်ပါဝင် လှုပ်ရှား လိုတာဟာလည်း နားလည် လက်ခံနိုင်စရာ ပါပဲ။
ဒါပေမယ့် “ဘာကြောင့် ဆန့်ကျင်သလဲ” ဆိုတဲ့ အကြောင်းပြချက်တော့ ခိုင်မာ၊ မှန်ကန် ရပါမယ်။
အခု Ooredoo ကို သပိတ်မှောက်ဖို့ ဆော်ဩနေသူများ ပေးတဲ့ “Ooredoo ဟာ အစ္စလမ် ဘာသာဝင်တွေရဲ့ စီးပွားရေး လုပ်ငန်းတခု ဖြစ်တယ်၊ အမျိုး၊ ဘာသာ၊ သာသာနာ ကာကွယ်ဖို့ရာ ဆန့်ကျင်ရမယ်” ဆိုတာက လက်သင့် ခံစရာ မရှိ၊ မှန်ကန် ခိုင်လုံတဲ့ အကြောင်းပြချက်မျိုး မဟုတ်ပါ။
တရုတ် ဖြစ်လို့၊ အာရပ် ဖြစ်လို့၊ မွတ်စလင် စီးပွားဖြစ်လို့ ဆိုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေကို ဘာသာ၊ လူမျိုး အခြေခံ ဆန့်ကျင်တာမျိုးဟာ ယုတ္တိမတန်၊ ခြေခြေမြစ်မြစ် မရှိ၊ ခိုင်မာတဲ့ အကြောင်းပြချက်ကောင်း မဟုတ်သလို လက်တွေ့မှာလည်း အကျိုး မရှိနိုင်ပါ။ ဆန့်ကျင်ရမယ့် အခြေခံဟာ ဒီနိုင်ငံခြား စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ စီးပွားလုပ်ထုံး လုပ်နည်း လုပ်ဟန် (Business Practice) အပေါ် စောင့်ကြည့်လေ့လာပြီးမှပဲ ဖြစ်သင့်ပါတယ်။
နိုင်ငံတကာက အရင်းရှင်စီးပွားရေး ကုမ္ပဏီကြီးတွေရဲ့ အလုပ်သမား ငှားရမ်းရေး ပေါ်လစီက ဘာလဲ၊ အလုပ်သမား အခွင့်အရေး ဘယ်လောက်ရှိသလဲ၊ ဒေသခံတွေ အပေါ် ဘယ်လောက် အကျိုးကျေးဇူး ရှိသလဲ၊ ဒေသခံတွေရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ယဉ်ကျေးမှု၊ ဓလေ့တွေကို ဘယ်လောက် ထိခိုက်နစ်နာစေသလဲ၊ တောတောင် ရေ၊ မြေ၊ လေ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လောက် ပျက်စီးနိုင်သလဲ စတဲ့ ခိုင်မာတဲ့ အကြောင်းအချက်ကြီးတွေကို ဆန်းစစ် လေ့လာ သုတေသနပြုပြီးမှသာ နောက်ဆက်တွဲ ဆန့်ကျင်မှု၊ သပိတ်မှောက်မှုတွေ လုပ်ဆောင်ရမှာပါ။
အခုမြန်မာပြည် ဆက်သွယ်ရေး နည်းပညာကဏ္ဍမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ရတဲ့ Ooredoo နဲ့ Telenor ကုမ္ပဏီ နှစ်ခုကိုလည်း ဒီလို စီးပွားလုပ်ဟန် အပေါ် မူတည်ပြီးပဲ ဆန့်ကျင်သင့်ရင် ဆန့်ကျင်ရမှာပါ။ အလုပ်သမား အခွင့်အရေး၊ လူသား အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသလား၊ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေ သလား၊ တရားလွန် အမြတ်ကြီးစား နေသလား၊ ဒါတွေကို ကြည့်ပြီး သပိတ်မှောက် သင့်ရင် မှောက်ရပါမယ်။
ဒီအချက်တွေ အခြေခံဆို ရရင် အစဉ်အဆက် ဝန်ဆောင်မှု ညံ့ဖျင်း၊ ဈေးနှုန်း မတန်တဆကြီးမြင့်ကာ သုံးစွဲသူ လူထုဆီက အေးဓားပြ တိုက်နေတဲ့ အပြင် ဝန်ထမ်းတွေမှာလည်း လူ့အခွင့်အရေး ဆိတ်သုဉ်းနေတဲ့ အစိုးရ ဆက်သွယ်ရေး လုပ်ငန်းကို အရင်ဆုံး ဆန့်ကျင်သင့် ပါတယ်။
အသစ်ဝင်လာသူ Ooredoo နဲ့ Telenor ကိုတော့ ချပြထားတဲ့ စီးပွားလုပ်ငန်း အစီအစဉ်ကို လေ့လာကြည့်ရသလာက် အခုလောလောဆယ် ဆန့်ကျင်စရာ ဘာအကြောင်းမှ မရှိပါ။ သူတို့ဒေသခံ နိုင်ငံသား အများစုကို ဝန်ထမ်း အဖြစ် အသုံးပြုမယ်၊ လိုအပ်တဲ့ နည်းပညာ အတတ်ပညာ၊ အုပ်ချုပ်မှုပညာတွေ လေ့ကျင့်ပေးမယ်၊ နိုင်ငံတကာအဆင့် လုပ်ခလစာ အခွင့်အရေးတွေ ပေးမယ်၊ ဒါတွေဟာ ကိုယ့်နိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း ချည်းပါ။
သူတို့ ကတိပေးထားတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု အဆင့်ဟာ စံချိန်မီသလို ဈေးနှုန်းကလည်း သင့်တင့် လျောက်ပတ်တဲ့ အတွက် ကန့်ကွက်စရာ မမြင်ပါ။ ဆိုခဲ့တဲ့အချက်တွေ နောင်မှာ ချိုးဖောက်လာမှု ရှိ/မရှိ စောင့်ကြည့် လေ့လာနေဖို့ပဲ လိုပါတယ်။
ခေတ်အဆက်ဆက် မြန်မာပြည်မှာ အုပ်စိုးသူ စစ်ဗိုလ်ချုပ်ကြီးများရဲ့ ကိုယ်ကျိုးရှာ၊ အကျင့်ပျက် ခြစား၊ ငို့ဘ တခုတည်း ကြည့်မှုကြောင့် လက်သင့်ရာ စားတော်ခေါ် လုပ်ပိုင်ခွင့်တွေ ချပေးရင်းနဲ့ အထက်မှာဆိုခဲ့တဲ့ တကယ် ပြည်သူ့ အကျိုးအတွက် စောင့်ကြည့်ဝေဖန် ထောက်ပြရမယ့် အချက်တွေဟာ နိုင်ငံခြား လုပ်ငန်းကြီးတွေရဲ့ ရင်းနှီး မြှုပ်နှံမှုတွေမှာ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့သလို အုပ်စိုးသူနဲ့ တစီးပွားတည်း ပေါင်းစားနေတဲ့ ပြည်တွင်း လုပ်ငန်းရှင် ခရိုနီကြီးများရဲ့ စီးပွားလုပ်ငန်းတွေ မှာလည်း မလုပ်နိုင်ခဲ့ပါ။
ဒီအကျိုးဆက်ကြောင့် ဒေသတခုခုမှာ နိုင်ငံခြား/ ပြည်တွင်း ကုမ္ပဏီကြီးများ စီးပွားလုပ်ရင် သူတို့သာ ချမ်းသာသထက် ချမ်းသာသွားပြီး ဒေသခံပြည်သူမှာတော့ မွဲသထက်မွဲ၊ ဆင်းရဲဒုက္ခ ရောက်သထက်ရောက် ဖြစ်နေရတာ လက်ရှိ မြန်မာပြည် အနှံ့မှာ ပကတိ မြင်နိုင်ပါတယ်။
ဖောင်စီးရင်း ရေငတ်နေကြရတဲ့ နင်းပြားပြည်သူများရဲ့ဘဝနဲ့ အသက်ငင်နေတဲ့ မြန်မာ့ သဘာဝအလှကို နိုင်ငံတဝှန်း က ရွှေတွင်း၊ ကျောက်စိမ်းတွင်း၊ ကြေးနီမိုင်း၊ သစ်လုပ်ငန်း လုပ်ငန်းကြီးတွေမှာ တွေ့နိုင်ပါတယ်။ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းခံ ပြည်သူတွေရဲ့ မျက်ရည်တွေက သက်သေပြုပါတယ်။ လက်ပံတောင်းတောင်က မီးဗုံးဒဏ်ခံ သံဃာ ပြည်သူတွေရဲ့ဘဝ အနာ အော်သံ ခံစားကြည့်ရင် နားလည်နိုင်ပါတယ်။
နိုင်ငံတကာ စံနှုန်းတွေထက် အဆပေါင်းများစွာနည်းတဲ့ အခြေခံလစာလေး ရဖို့အရေး ဖမ်းဆီး၊ ထောင်ကျ၊ အလုပ်ပြုတ်ခံ ဆန္ဒပြနေရတဲ့ ကျောမွဲအလုပ်သမားထုကြီးက သက်သေရှိပါတယ်။ သေမလို ဖြစ်နေတဲ့ ဧရာဝတီမြစ် ကြီးကို တိုင်တည်ကြည့်နိုင် ပါတယ်။ တောင်ခေါင်းတုံးတွေ အပြည့်နဲ့ ရိုးမတောင်တန်းကြီးတွေက တရားလို သက်သက်ပြုဖို့ အသင့်ရှိပါတယ်။
ဒီလို အများပြည်သူ လူထုဘဝနဲ့ တိုင်းပြည်ရဲ့ အလှ၊ သဘာဝကို ပျက်စီးဆုံးရှုံးစေတဲ့ စီးပွားရေး လုပ်ငန်းကြီးမျိုးတွေကို ဆိုရင် ပြည်တွင်း/ပြည်ပ ဘယ်လူမျိုး၊ ဘယ်ဘာသာ မဆို ဆန့်ကျင်ရမှာပါ။
အခု အမျိုး၊ ဘာသာအတွက်ဆိုကာ Ooredoo ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားနေသူ ဆရာတော်၊ လူပုဂ္ဂိုလ်များကို လျှောက်ထား မေးမြန်းချင်ပါတယ်။ ဒေသခံတွေရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ အကြီးအကျယ် ထိခိုက်ပျက်စီးစေတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ မြန်မာပြည်မှာ ဒုနဲ့ဒေး ဖြစ်ချင်တိုင်း ဖြစ်နေတာကျ ဘာကြောင့် မျက်ကွယ်ပြုထားပါသလဲ။ ဘယ်သူသေသေ၊ ငတေတွေ မာနေတဲ့ ဒဏ် ပြည်သူအများစုမှာ ခါးစည်းခံ နေတာကိုကျ ဘာကြောင့် အသံဆိတ်နေရ ပါသလဲ။
လူထု စီးပွားပျက်ရင် အကျင့်သီလလည်း အနည်းအများ ထိခိုက်မှာပဲ၊ အကျင့်သီလ ထိခိုက်ရင် အမျိုး၊ ဘာသာပျက်ဖို့ အခွင့်အလမ်းလည်း ပိုများနိုင်တာပဲ မဟုတ်လား။ တကယ် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက် ထိန်းသိမ်းချင်ရင်၊ စည်ပင် ဝပြောစေချင်ရင် ကျယ်ကျယ်ပြန့်ပြန့် အမြော်အမြင် ရှိရှိ စဉ်းစားမျှော်ကြည့်ပြီး ဒီလို လူထုအများ လူမှု၊ စီးပွား ချွတ်ခြုံကျ ဖြစ်စေတဲ့ စနစ်၊ အဲဒီ စနစ်ကို ဖန်တီး စံစားနေသူ လူတစုနဲ့ အပေါင်းအပါ စီးပွားဘီလူးကြီးတွေကို (ပြည်တွင်း/ ပြည်ပ လူမျိုး/ဘာသာ မခွဲ) ဆန့်ကျင်သင့်တယ် မဟုတ်ပါလား ခင်ဗျာ။
အခုလို Ooredoo ဟာ အာရပ်ကုမ္ပဏီ အစ္စလမ်တွေမို့ ဆိုပြီး မဆီမဆိုင် အမျိုး၊ ဘာသာ၊ သာသနာနဲ့ ဆွဲစပ် အကြောင်းပြ ကန့်ကွက်ခြင်းဟာ ကိုယ့်နိုင်ငံ လူ့အဖွဲ့အစည်း အမြင်ကျဉ်းမြောင်း၊ သဘောထား သေးသိမ်၊ ရင်ဘတ် နှလုံးသား မကျယ်ပြန့်၊ ဦးနှောက် အသိဉာဏ် အတွေးအခေါ် မမြင့်မားတာကို နိုင်ငံတကာမှာ အထုပ်ဖြေပြသလို ဖြစ်ကာ တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်း အရှက်ရတာက လွဲလို့ တခြား အကျိုးမရှိပါ။
အမျိုး၊ ဘာသာ စောင့်ရှောက်လိုသူများ (ဆိုတဲ့) ပုဂ္ဂိုလ်များ အသံထွက် ဆန့်ကျင်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်ဆိုးကြီးနဲ့ စနစ်စံလူတစု တိုင်းပြည်မှာ ရှင်သန် နေသရွေ့ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာလည်း ထွန်းကားစည်ပင်နိုင်မှာ မဟုတ်ပါ။
နောက်တခုက အခုမွတ်စလင်တွေမို့ အဆက်အဆံ မလုပ်ရဘူး၊ မပတ်သက်ရဘူး၊ ဖုန်းတောင် လက်ခံ မဖြေရဘူး ဆိုနေတဲ့ ဆရာတော်များ အပါအဝင် Ooredoo ဆန့်ကျင်ရေး လှုံ့ဆော်သူ အားလုံးကို ဒီလို လူမျိုး၊ ဘာသာ အခြေပြု ခွဲခြားဆန့်ကျင် ရန်၊ ငါ၊ စည်း ပြတ်ချင်တယ် ဆိုရင် ကလေးတွေကို ခေတ်ပညာ စာသင်ကျောင်းတွေကို မလွှတ်ဖို့ပါ ပူးတွဲလှုံ့ဆော်ဖို့ အကြံပြုချင်ပါတယ်။
အကြောင်းက ခေတ်သစ်ကမ္ဘာရဲ့ သိပ္ပံ၊ ဝိဇ္ဇာ၊ အနုသုခုမ ကဏ္ဍ အသီးသီးဟာ အာရပ်တွေ၊ မွတ်စလင်တွေ ပေးခဲ့တဲ့ အမွေအနှစ် မကင်းခဲ့လို့ပါ။ သချၤာ၊ နက္ခတ္တဗေဒ၊ ဆေးအတတ်ပညာ၊ ဗိသုကာ လက်ရာကနေ ကဗျာ၊ စာပေ၊ အနုပညာ အထိ ကမ္ဘာ့လူသား ယဉ်ကျေးမှု တိုးတက်ခဲ့မှု ဖြစ်စဉ်မှာ အာရပ်တွေရဲ့ ကျေးဇူးအများကြီး ပါပဲ။ ဆိုတော့ မွတ်စလင်မို့ ဆန့်ကျင်လိုသူများ ဒါတွေအားလုံးနဲ့ ကင်းအောင်နေဖို့ တိုက်တွန်းပါတယ်။
အာရဗီ စကား “Alhamdulillah/Thanks and Praise to God/ ဘုရားသခင်သည် ချီးမွမ်းခြင်း၏ တည်ရာပေတည်း” နိဒါန်းပလ္လင် စကားခံပြီး ကမ္ဘာ့ရှေးဂန္ထဝင် စာပေစာရင်းဝင် အာရပ်တွေရဲ့ “တစ်ထောင့်တစ်ည” ပသီပုံပြင်များကို မြန်မာပြည် အတွက် ဘာသာပြန်ပေးခဲ့တဲ့ တို့ဗမာအစည်းအရုံး သခင်ဆရာကြီး၊ ဗမာ့ အမျိုးသားရေး လှုပ်ရှားမှုရဲ့ ခေါင်းကိုင်ကြီး သခင်ဘသောင်းကိုလည်း ဆန့်ကျင်ပါ။ သခင်ဘသောင်းပဲ ဘာသာပြန်ခဲ့တဲ့ ရုရှား မွတ်စလင် အာမက် အဗ္ဗဒူလာရေး ပသီပုံပြင်အခြေခံ “ဘဂ္ဂဒက်မြို့မှ သူခိုးအာမက်” ကိုလည်း မြန်မာကလေးတွေကို မဖတ်ခိုင်းပါတော့နဲ့။
အစ္စလမ် ဘာသာရေး ပညာရှင် တပါးလည်းဖြစ်သူ ကဗျာဆရာ၊ ဂီတစာဆို၊ အတွေးအခေါ်၊ သချၤာ၊ နက္ခတ္တဗေဒ ပညာရှင်ကြီး အိုမာခရမ်ရဲ့ ကမ္ဘာမှာ သမ္မာကျမ်းစာနဲ့ ကိုရန်ကျမ်းစာပြီးရင် ဒုတိယ စောင်ရေ အရောင်းရဆုံး လို့တောင် ပြောစမှတ်တွင်တဲ့ ရူဘိယတ် ကဗျာတွေ ကိုလည်း မြန်မာလူငယ်၊ လူရွယ်လေးတွေကို ပေးမသိပါနဲ့တော့။ အိုမာခရမ်ရဲ့ ဘဝနဲ့ စာပေကို ဘာသာပြန် ရေးသား မိတ်ဆက်ပေးခဲ့တဲ့ မင်းယုဝေကိုလည်း ကန့်ကွက်ကြပါ။
မွတ်စလင်တွေရဲ့ ကမ္ဘာ့အကျိုး ပြုခဲ့မှု သမိုင်းကို ကိုလိုနီဝါဒ၊ လူမျိုးရေးဝါဒ အခြေခံပြီး ဥရောပ သမိုင်းဆရာ တချို့ ဖုံးကွယ်ခဲ့ကြ ကြောင်းကို ထောက်ပြကာ ရောမအင်ပါယာ ပြိုကွဲချိန် ဥရောပ အမှောင်ခေတ်ကြီးမှာ အာရပ် မွတ်စလင် တွေဟာ ပညာအလင်းရောင်နဲ့ ကမ္ဘာကို ဦးဆောင်ခဲ့ကြောင်းကို သူ့ရဲ့ အထင်ကရ ကျမ်းတစောင်ဖြစ်တဲ့ သဘာဝ သိပ္ပံကျမ်းမှာ မပျက်မကွက် ထည့်သွင်းမှတ်တမ်းတင် ပြုစုခဲ့သူ ဗန်းမော်တင်အောင်နဲ့ သူ့ကျမ်းကိုလည်း ဆန့်ကျင်ဆန္ဒ ပြကြပါ။
အာရပ်တွေရဲ့အမွေ အက္ခရာ သချၤာ၊ ဂဏန်း သချၤာ၊ ကိန်းဂဏန်း အရေအတွက် တွေကိုလည်း ကျောင်းတွေမှာ မသင်ကြားစေဖို့ တောင်းဆိုကြပါ။ တနည်းအားဖြင့် မွတ်စလင်နဲ့ကင်းအောင် ဗမာပြည်ကို အမှောင်ခေတ်၊ ကျောက်ခေတ်မှာပဲ နေစေဖို့ ဝိုင်းဝန်းဆော်ဩကြဖို့ တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်ရရင် လိုရင်းက အခု Ooredoo ဆန့်ကျင်ရေးရဲ့ အကြောင်းပြချက် မမှန်၊ အကျိုးကျေးဇူး မရှိပုံကို မြင်စေချင် တာပါ။ ပြည်သူလူထု အများစု အကျိုးအတွက် ပြည်တွင်း/ပြည်ပ စီးပွားလုပ်ငန်းကြီးတွေကို ဘယ်လို ဘယ်အချိန် ဘယ်အနေအထားမှာ အခြေအမြစ် ရှိရှိ ဆန့်ကျင်သင့်ကြောင်းကို ထောက်ပြချင်တာပါ။
အမျိုး၊ ဘာသာ၊ သာသနာ တကယ် စည်ပင်ဖွံ့ဖြိုးလို၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိ ခေါင်းမော့၊ ရင်ကော့၊ စီးပွားဥစ္စာ ချမ်းသာနေလိုတယ် ဆိုရင် အုပ်စိုးသူနဲ့ အပေါင်းအပါလူတစု အမြဲတမ်း အသာစီး တဖက်စောင်းနင်း ကောင်းစားခွင့် ရနေတဲ့ စနစ်ဆိုးကြီးကိုသာ ဆန့်ကျင်တော်လှန် ပြုပြင်ရမှာပါ။
ဒါမှသာ စီးပွားပျက်၊ ဥစ္စာပျက် ကုန်းကောက်စရာ မရှိ၊ ဖြူခါ ပြာခါကျရင်း ကနေ အကျင့်သီလပါ ထိခိုက်လာပြီး အမျိုး၊ ဘာသာ၊ သာသနာ ပျက်စီးမယ့်အရေးက လည်းကာကွယ်နိုင်မှာ ဖြစ်ကြောင်း၊ ဧရာဝတီစာဖတ် ပရိသတ် စဉ်းစား မြော်မြင် သုံးသပ်ကြည့်နိုင်ဖို့ရာ ဆွေးနွေး တင်ပြလိုက်ကြောင်းပါ ခင်ဗျာ။
(ငြိမ်းချမ်းအေးသည် သြစတြေးလျနိုင်ငံတွင် အိုင်တီနှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့သည်။ အွန်လိုင်း မီဒီယာများတွင် မျက်မှောက်ရေးရာနှင့် အထွေထွေ အာဘော်ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။)