စီစဉ်ကတည်းက ပွဲဆူခဲ့တဲ့ ထူးအိမ်သင် ဂီတပွဲတော် ကို မိုင်ထောင်ချီနေပေမယ့် နည်းပညာစွမ်းတဲ့ ခေတ်ကြီးမို့ ဝမ်းသာအားရ ကြည့်လိုက်ရပါ့ ခင်ဗျာ။ ထူးအိမ်သင် နဲ့ မိသားစု ကို ချစ်ခြင်းအားဖြင့် ဒီပွဲ ကို ဖြစ်စေချင်ခဲ့တယ်၊ ကက်ကက်လန် ကန့်ကွက်ခဲ့သူများ စာရင်းမှာ ကျနော် မပါခဲ့ပါ။ ပုဂ္ဂလိက ခံစားမှု အရတော့ ထူးအိမ်သင် ရယ်မှ မဟုတ် ငယ်စဉ်က နားထောင် ကြိုက်ခဲ့သူ ဘယ်အဆိုတော်မျိုး မဆိုရဲ့ သီချင်းတွေကို စ နားထောင်ဖူးတဲ့ ပုံစံသာ စွဲတယ်။ အဆိုတော် တယောက်တည်း၊ ကိုယ်ပိုင်သီချင်း ဒီ တပုဒ်တည်း ကိုတောင် မှ နောက်ပိုင်း ပြန်ဆိုရင် သိပ် ဘဝင်မကျချင်ဘူး။ ဒါပေမယ့် ဂီတ ပုံစံ အသစ် လုပ် သိသိသာသာ အားထုတ် ထားတာမျိုးဆိုရင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုတတ်ပါတယ်။
လူဆိုတာမျိုး ကလည်း “The first cut is the deepest — ရည်းစားဦး မြေးဦး ရတဲ့ အထိ မမေ့ဘူး” ဆိုတဲ့ စိတ်အခံနဲ့ချည်းပါ။ သီချင်းမှာလည်း အလားတူပါပဲ။ မူရင်း ပထမ ဗားရှင်းချည်းရယ်လို့ မဆိုလိုပါ။ ကိုယ့်ခေတ် ကိုယ် စ နားထောင်ဖူးကြတာကိုပဲ နားစွဲကြတာ များတယ်။ “ပလေးဘွိုင်သန်းနိုင် ပလေးဘွိုင် သန်းနိုင် ရယ်လို့ နာမည်ကြီးလို့ နားထောင် ကြည့်တယ်၊ လက်စသတ် တော့ ဇော်ဝင်းထွဋ် သီချင်းတွေ ပြန်ဆိုတဲ့ လူကြီးပါ့လား” လို့ ဆိုတဲ့ ဇော်ဝင်းထွဋ် ခေတ်ကြီးသူများရဲ့ အသံ ကို ကိုယ်တိုင် ကြားခဲ့ဖူးတယ်။ ဆိုချင်တာက လူဆိုတာ ကိုယ့်ခေတ် နဲ့ ကိုယ် မူရင်း ဟုတ် ဟုတ်၊ မဟုတ် ဟုတ် ပြန်ဆို ဆိုလည်း ကောင်းရင် အားပေး နှစ်သက် စွဲလမ်း တတ်ကြတာပါပဲ။
၉၀ ခုနှစ်များကို ဖြတ်သန်း ခဲ့ရသူတယောက် အနေနဲ့ ပြန်ဆို သီချင်းများ စည်ပင်လှတဲ့ ခေတ်ကြီး ကိုလည်း မျက်မြင်တွေ့ အသားကျခဲ့တယ်။ “မသာတခု အရင်းပြုလို့” အမြင်ကတ် ဆိုလောက်ရအောင် အသိအမှတ်ပြုထိုက်တဲ့ ဂီတသမား တဦး တယောက် ဆုံးများ ဆုံးရင် လွမ်းချင်းချ ဘော်ချက်ကြတဲ့ ခေတ်ကြီးကိုလည်း ဖြတ်သန်းခဲ့ရတယ်။ မဆုံးခင်မှာကတည်းက “နှလုံးသားထဲက၊ ကလီစာထဲက..” အစရှိတဲ့ ပြန်ဆိုတေးစုတွေ ရေပန်းစားခဲ့တာလည်း ကြုံခဲ့ရတယ်။ စိတ်လည်း ကုန်ခဲ့ရတာတွေ ရှိတယ်။
ဒါပေမယ့် တကယ် အသိအမှတ် ပြုထိုက်တဲ့ ထူးခြား ပြန်ဆို တွေကို ရင်ဘတ်ကြီး နဲ့ ခံစား သိနားလည် ကျေးဇူးသိတတ်ခဲ့တယ်။ ဥပမာ တွေ ချ ပြ ရရင် —
ကိုယ်ပိုင်ဖန်တီးမှု အနုပညာ အပြည့်ရှိသူ ခင်ဝမ်းကြီး တယောက် သူများ ရေး၊ သူများဆိုပြီး သီချင်း အဟောင်း အများစု ကို ယူ ပြန်ဆိုသွားတဲ့ “ပန်းခရမ်းပြာ (၁၉၈၆)” ဆိုရင် ခင်ဝမ်းရဲ့ အကောင်းဆုံးများထဲက တခွေလို့ ပရိသတ်များ လက်ခံ ခဲ့ကြသလို ဂီတ ဖန်တီး စီမံ တီးခတ်မှု အရ မဇ္ဈိမလှိုင်း ရဲ့ အကောင်းဆုံး လက်ရာများထဲက တခုလို့လည်း သတ်မှတ်ခဲ့ကြတယ်။
“တချို့တွေ နေနိုင်လွန်းတယ်..” (နောက်ဆုံးအိပ်မက်၊ ကိုနေဝင်း + ကိုရဲလွင်) ဆိုပြီး ခိုင်ထူး က နာနာကြည်းကြည်း ခပ်မာမာ အော်တယ်၊ ခင်ဝမ်း က ကြေကြေကွဲကွဲ ဆွေးဆွေးမြည့်မြည့် ဆိုတယ်၊ ကျနော်တို့ နှစ်ပုဒ်စလုံး စွဲခဲ့တယ်။ ညအိပ်ရာဝင် ဝတ်တက် သီချင်းတွေ ဖြစ်ခဲ့တယ်။
သဇင်ည (ကိုရဲလွင်) ကို ခင်မောင်တိုး၊ ခင်ဝမ်း အသံဝါ၊ အသံလွင် ကြီးတွေနဲ့ ပုံစံတမျိုးစီ ဆိုခဲ့ကြတယ်၊ ကျနော်တို့ နှစ်ယောက်စလုံးကို ကြိုက်ခဲ့ကြတယ်။ ဆောင်းညများရဲ့ အလွမ်းဘွဲ့ ဖြစ်ခဲ့တယ်။
သဇင်ည ခင်မောင်တိုး (၁၉၈၀)၊ ခင်ဝမ်း (၁၉၈၆) (Two Versions)
YouTube Music Video URL: http://youtu.be/b6Ro3wxfySI
“တေးမြုံငှက် (မောင်သစ်မင်း + ကိုရဲလွင်)” ဟာ ခိုင်ထူး ရဲ့ အမှတ် သင်္ကေတ တခုပါ၊ ဒါပေမယ့် ခင်ဝမ်း ဗားရှင်းလည်း အသစ် ဟန် တခု ပေး အနုပညာ ရသ မြောက်တော့ နှစ်သက်ခဲ့ကြတယ်။
တေးမြုံငှက် ခိုင်ထူး (၁၉၇၉)၊ ခင်ဝမ်း (၁၉၈၆) (Two Versions)
YouTube Music Video URL: http://youtu.be/KQAO-MOO9qc
ဇော်ဝင်းထွဋ် မင်းမင်းလတ်ကြီး ဆုံးခါနီး နှစ်ပိုင်းများမှာ ကျကျနန ဂုဏ်ပြု အမှတ်တရ လုပ် “ဆေးဆိုးပန်းရိုက်မျက်နှာများ (၁၉၉၅)” ပြန်ဆို အခွေ ထုတ်တော့ ၉၀ ခေတ်လူငယ် ပရိသတ် နဲ့ ရှေး စတီရီယို ခေတ်ဦး ဘုရင် မင်းမင်းလတ် သီချင်းတွေကို မိတ်ဆက် ပေးနိုင်၊ သီချင်း အဟောင်း၊ အကောင်းတွေ ပြန်လည် ရှင်သန်စေခဲ့တယ်။ ဒီလိုပဲ ပလေးဘွိုင်ကြီးရဲ့ ဂျစ်ပစီမိုးတိမ် (ဝင်းမင်းထွေး)၊ အဝါရောင်လမ်းကလေး (သုခမိန်လှိုင်) အစရှိသလို အများအပြား အကောင်းဆုံး ပြန်ဆို နိုင်ခဲ့တယ်။
အငဲလည်း အလားတူပဲ သန်းနိုင်ရဲ့ မျှော်လင့်ခြင်း ကွင်းပြင်၊ ကိုယ်ရေးရာဇဝင် (မောင်သစ်မင်း) သီချင်းကောင်းတွေကို သူ့ခေတ် ပရိသတ် နဲ့ ဆန်းသစ် မိတ်ဆက် ပေးနိုင်ခဲ့တယ်။
ဒီလို ကာလာတူ လိုင်းတူ တွေ ထားလိုက်ပါဦး။
“ဆန်းသစ်မှု လက်နက်များ ကိုင်ဆောင်ပြီး..” ဆိုပြီး မြူးကြွတဲ့ အပြင်းစား ကိုယ်ပိုင် ရော့ခ်သီချင်းတွေနဲ့ ၉၀ ခုနှစ်များရဲ့ လူငယ်များကြား ရောက်လာခဲ့သူ မာရဇ္ဇ ဆိုရင် သူများ သီချင်းပြန်ဆိုရာမှာလည်း စံထား လောက်သူပါ။ သူနဲ့ ဂီတ ပုံစံ လုံးဝ ဥဿုံ ကွဲ၊ လျှာ မတူ အာမတူ လွှမ်းမိုး၊ မင်းအောင်၊ ခိုင်ထူး တို့ ရဲ့ နာမည်ကြီး သီချင်းတွေကို သူ့ပုံစံနဲ့ သူ ပြန်ဆိုရင်း သီချင်းတွေကို ပြန်လည် အသက်သွင်း ခေတ်လူငယ်များကို ပေးသိခဲ့သူပါ။
လွှမ်းမိုး မဆုံးခင် သူ့ သီချင်း တပုဒ်ကို ပြန်ဆိုဖို့ မာရဇ္ဇ က ခွင့်သွားတောင်းတော့ လွှမ်းမိုး က “မင်း ဘယ် ပုံစံ ဆိုမှာလဲ” မေးတယ် ဆိုတယ်၊ မာရဇ္ဇ က သူဆိုမယ့် ပုံစံကို ချက်ချင်း ကောက် ဂစ်တာ တီး ဆိုပြသတဲ့၊ လွှမ်းမိုး ကလည်း “ဟာ.. ဒီလိုမျိုး ပြန်ဆိုတာဆိုရင် ဆိုစမ်း၊ ခွင့်ပြုတယ်” လို့ ဆိုသတဲ့၊ ကြည်နူးဖွယ် ဖတ်ဖူးခဲ့ပါရဲ့။
အခု ပွဲရဲ့ ဂုဏ်ပြုခံ ထူးအိမ်သင် ကိုယ်တိုင်လည်း ဗမာ့ စတီရီယို ဂီတ ရဲ့ ထိတ်ထိတ်ကြဲ အဆိုတော်ကြီးများရဲ့ ဂန္တဝင် သီချင်းဟောင်းများကို ကိုယ်ပိုင်ဟန် နဲ့ ပြောစမှတ်ဖြစ်အောင် ပိုင်ပိုင်နိုင်နိုင် ပြန်ဆိုတတ်သူ တယောက်ပါ။ အများစု က အတွဲခွေ တွေမှာ လူမှုရေး အရ အားနာလို့ ဝင် ဆိုဖြစ်ခဲ့တာ မှန်ပေမယ့် လက်လွတ်စပယ် ဘယ် တပုဒ် ကိုမှ မလုပ်ခဲ့ဘူး။ ပြန်ဆိုရင် တကယ့်ကို ကြိုက်နှစ်သက် ငယ်ဘဝ စွဲလမ်းခဲ့တဲ့ သီချင်းတွေကို သာ အကောင်းဆုံး ရွေးချယ် ပြန်လည် ဖော်ထုတ်ဆိုခဲ့တာချည်းပါ။ အမေဘွဲ့ သီချင်းကောင်းများကိုဆို လားရှိုးသိန်းအောင် ရဲ့ အမေတခု၊ သားတခု (ကိုသက်မှူး) က အစ ခေတ်ပြိုင် ထွက်ထားတဲ့ ဇော်ဝင်းထွဋ်၊ ဆောင်းဦးလှိုင်ခေတ်သီချင်း များ အထိ ပါ အကောင်းဆုံး ပြန်ဆိုခဲ့တယ်။ (အခု သူ့သီချင်း ပြန်ဆိုကြတော့ စာသားတောင် မမှန်တာ တချို့ တွေ့ရတယ်။)
ရီတာစိုးဝင်း ရဲ့ လျှို့ဝှက်အချစ် (ဝင်းမင်းထွေး)၊ ချိုပြုံးရဲ့ “နွေဦးကံ့ကော် (ကိုလေးလွင်)” (နှစ်ကြိမ်တောင် သီဆိုခဲ့) ၊ ပလေးဘွိုင် သိန်းတန် + သန်းနိုင် တို့ ရဲ့ “ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး (ကိုလေးလွင်) (ထူးအိမ်သင် ဆိုတော့ ဘိုဘို နဲ့ တွဲ၊ နှစ်ယောက်သား ဖျားလောက်အောင် ပြန်ဆိုသွား)”၊ ဂျေမောင်မောင် ရဲ့ သတိရနေတဲ့သီချင်း (ဂျေမောင်မောင် + ဂျယ်ရီ Shells) (နှစ်ကြိမ် သီဆိုခဲ့)၊ အောင်မြင် ရဲ့ နန်းမိုးခမ်း (စောဘွဲ့မှူး) အစရှိတဲ့ ပြန်ဆိုသီချင်းတွေ အများကြီး အောင်မြင် ပေါက်မြောက် ပုံစံ တခုနဲ့ လုပ်ခဲ့သူ တဦးပါပဲ။
နန်းမိုးခမ်း၊ အောင်မြင် (၁၉၇၈) ၊ ထူးအိမ်သင် (၂၀၀၀ ဝန်းကျင်)
YouTube Music Video URL: http://youtu.be/7cVB5NdiBKE
နွေဦးကံ့ကော် ချိုပြုံး (၁၉၈၂)၊ ထူးအိမ်သင် (၂၀၀၃) (Two Versions)
YouTube Music Video URL: http://youtu.be/VzDPlBfxugY
သတိရနေတဲ့သီချင်း ဂျေမောင်မောင် (၁၉၈၃)၊ ထူးအိမ်သင် (၁၉၉၈) (Two Versions)
YouTube Music Video URL: http://youtu.be/3K4-oKlmiY4
ခေတ် မတူ၊ လိုင်းကွဲ ပေမယ့် ဂီတရသ အနုပညာမြောက်အောင် တီထွင် ဆန်းသစ် ပြန်ဆိုခဲ့ကြတဲ့ အထဲမှာ လေးဖြူ ရဲ့ ဒုတိယ မြောက် ကိုယ်ပိုင်သံစဉ် အခွေ သားကောင် (၁၉၉၈) ကိုလည်း ထည့်ဆိုရပါမယ်။ ဗမာ့ ကိုယ်ပိုင်သံစဉ် ဂီတ မှာ အသိအမှတ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်ကြီးများ ရဲ့ သီချင်းကောင်းတွေကို ပုံစံ အသစ်နဲ့ အကောင်းဆုံး ပြန်ဆို နိုင်ခဲ့တယ်။ စိုင်းထီးဆိုင် ရေး/ဆို အတွေးသက်သက်၊ ခင်မောင်တိုး ရဲ့ စိမ်းရက်လေခြင်း (ကိုမောင်မောင်)၊ ဆလိုင်းသွှအောင် ရဲ့ ဂီတဉ္ဇလီ၊ မွန်းအောင် ရဲ့ အချစ်၏လက်များဖြင့် (မောင်သစ်မင်း)၊ ထူးအိမ်သင် ရဲ့ လွမ်းသူ့အိပ်မက် အစရှိတဲ့ သီချင်းများကို ကိုယ်ပိုင်ဟန် အပြည့်နဲ့ ပြန်လည် သီဆို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။
ဒီထဲက ဂီတဉ္ဇလီ ကိုဆိုရင် ဗမာ့ကိုယ်ပိုင်သံစဉ် ဂီတ မှာ မှတ်တိုင် ကျန်အောင် မူရင်း ရေးသားသီဆိုခဲ့သူ ဆလိုင်းသွှအောင် ကိုယ်တိုင် က “ဒီပုဂ္ဂိုလ်တွေ ပြန်လည် ဂီတ ဖန်တီး စီစဉ်တာ သီချင်းနဲ့တောင် မတန်ပါဘူးဗျာ..” ဆိုပြီး ကျနော့် ကို ပြောဖူးခဲ့တယ်။ ကိုသွှအောင် က စကားပြောရင် အမြဲတမ်း နှိမ့်ချ ကိုယ့် ဂုဏ်ကို မဖော်တတ်သူ ဖြစ်တာကြောင့်လည်း ပါ ပါတယ်။ ဒါပေမယ့် လေးဖြူ ရဲ့ အဲ့ဒီ “သားကောင်” အခွေ ဟာ လေးဖြူ သီဆိုမှု၊ IC တီးခတ်မှု၊ ဆလိုင်း ခင်မောင်သန့်၊ ချစ်စမ်းမောင် တို့ရဲ့ ဂီတ စီစဉ်မှု အသိအမှတ်ပြုထိုက်တယ် ဆိုတာကတော့ ငြင်းမရခဲ့ပါ။
ဂီတဉ္ဇလီ ဆလိုင်း သွှအောင် (၁၉၇၉)၊ ဖိုးချို (၁၉၈၃)၊ လေးဖြူ (၁၉၉၈)
YouTube Music Video URL: http://youtu.be/wj2V2zdR3-Y
ကွယ်လွန်ခဲ့သူ ဂီတပညာရှင်များကို အမှတ်တရ ဂုဏ်ပြုမှု ဆိုရင်လည်း ၁၉၉၀ ခုနှစ်များ ရဲ့ အလယ်နှောင်းပိုင်းမှာ စောဘွဲ့မှူး ကို IC နဲ့ သူ့မိသားစု ရဲ့ အမှတ်တရ ဂုဏ်ပြုမှု တေးစုများ က အသိအမှတ်ပြုထိုက်တယ်၊ အောင်မြင်မှုလည်း ရခဲ့တယ်။ စောဘွဲ့မှူး ဂီတသက်တမ်း တလျှောက် ခေတ်အဆက်ဆက် ဖန်တီးခဲ့တဲ့ သီချင်းဟောင်း တွေကို လူသစ်၊ ပုံစံ သစ်နဲ့ လိုက်ဖက်ညီ ဆန်းသစ် ချီးမွမ်းဖွယ် လုပ်ပြနိုင်ခဲ့ကြတယ်။
ထိပ်တန်း ဂီတသမား တဦး ဖြစ်တဲ့ ဆလိုင်းဂျွန်သင်ဇမ်း သီဆိုခဲ့တဲ့ စောဘွဲ့မှူး ရဲ့ နာမည်ကျော် “မှားတဲ့ဘက်မှာ” ကို IC နဲ့ အဖွဲ့ ပြန်လည် ဖော်ထုတ် ဂုဏ်ပြုခဲ့တာ ဆိုရင် လေးစားဖွယ်ပါ။ ဗားရှင်း အကွဲ တွေကို ယှဉ် နားထောင်ကြည့်ပါ။ အားလုံး တမျိုးစီ ခံစား ရသ မြောက်တာ ကို တွေ့ရပါမယ်။ အမှတ်တရ လုပ် ဂုဏ်ပြုတယ် ဆိုရင် အဲ့သလို အနုပညာ ဂုဏ်ရည်ပြည့်မီအောင် လုပ်ရမယ်ဆိုတာ ဂီတသမား တိုင်းရဲ့ ကျင့်ဝတ်သီလတာဝန် ပါ။
မှားတဲ့ဘက်မှာနေကြည့်မယ်၊ ဂျွန်သင်ဇမ်း (၁၉၈၀) ၊ မျိုးကျော့မြိုင် (၁၉၉၀ ခုနှစ်များ)
YouTube Music Video URL: http://youtu.be/DjU1cNKxig0
မှားတဲ့ဘက်မှာ ဇော်ဝင်းထွဋ်၊ ထူးအိမ်သင်၊ လေးဖြူ၊ မာရဇ္ဇ၊ ထွဏ်းထွဏ်း၊ အငဲ၊ မေဆွိ၊ မေခလာ၊ ကော်နီ၊ ပိုးဒါလီသိန်းတန် MTV (၁၉၉၇)
YouTube Music Video URL: http://youtu.be/3HEeu2nI6kw
အခု ဆိုခဲ့သမျှက အကောင်းတချို့ကို ကောက်နှုတ် တင်ပြခဲ့တာပါ။ ဗမာ့ဂီတ ပြန်ဆိုယဉ်ကျေးမှု နဲ့ စင်တင်ပွဲတွေမှာတော့ အများစုက ဥပမာပြုပြခဲ့တဲ့ ပြန်ဆို သီချင်းများလို မဟုတ်ခဲ့ပါဘူး။ ပစ်စလက်ခတ် ဖြစ်ကတတ်ဆန်း တွေ သာ ကြီးစိုးနေတယ်။
အခု ထူးအိမ်သင်ပွဲ က အဆိုး ဥပမာ ပြစရာ တခု ဝမ်းနည်းဖွယ် ဖြစ်သွားခဲ့ ပါတယ်။ ထူးအိမ်သင်လို အဆင့်တန်းရှိရှိ ဂုဏ်ပြု လွမ်းဆွတ်ရမယ့် သူမျိုးကို ဒီလို လုပ်ရက်ခဲ့ကြတာဟာ ပို ထောက်ပြစရာ ဖြစ်ခဲ့ပေမယ့် ဒီကိစ္စ က ဒီ ဖြစ်စဉ် တခုတည်း မဟုတ်ပါဘူး။ တော်ရိလျော်ရိ လုပ်ကြတာက ခေတ်ရေစီးကြောင်းကြီး ကို ဖြစ်နေပါပြီ။
အခု ပွဲဟာလည်း အမှတ်တရ ပွဲမို့ အနုပညာရသ မြောက် အထိ အများကြီး မမျှော်လင့်ပါဘူး။ အမှားကင်းတဲ့ သာမန် အဆင့်ပဲ မျှော်လင့်ထားတာပါ။ အခု ဖြစ်ပုံက ကျနော် လုံးဝနားမထောင် ဖူး၊ မမြင်ဖူး၊ ရုပ်မပြောနဲ့ နာမည်တောင် သိပ် မကျက်မိတဲ့ ကလေး သာသာ အဆိုတော်လေးကတောင် တချို့ (၁၀) နှစ် (၁၅) နှစ် ဝါရင့် နေကြပြီဖြစ်တဲ့ အဆိုတော်များထက် သာအောင် ဆိုသွားနိုင်တာ တွေ့ရတယ်။ အဲ့ဒီ အဆိုတော်ငယ် ဆိုရင် ထူးအိမ်သင် ဆုံးတော့ အလွန်ဆုံး ရှိလှ ပေါက်စ လေးငါးခြောက်နှစ်ပေါ့။ ဒါပေမယ့် ကြိုးစားသွားတယ်။ ပွဲမစခင်က သူ့နာမည် ဦးတိုက် လူအများက အပြစ်တင် စောခဲ့ကြတာ အားနာဖို့ ကောင်းလှတယ်။ “ပိုသာဆိုး” တွေ ကို တွေ့လိုက်ရတာကိုး။
ဆိုချင်တာက ကြိုတင် ပြင်ဆင် လေ့ကျင့်၊ သင့်တော်တဲ့ သီချင်း နဲ့ လူ သေချာ စီစစ် ရွေး အခုထက် ပို စနစ်တကျ ပြင်ဆင်ရင် ဒီပွဲ လုပ်ရကျိုး ပို နပ်မယ် ဆိုတာကို ထောက်ပြချင်တာပါ။ သီချင်း အဝင် အထွက်၊ နရီ စည်းဝါး မှန် မှု က လေ့ကျင့် ပေးလို့ ရတယ်။ ဂီတဟာ ပါရမီ နဲ့ အဓိက ဆိုင်တယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ် အခု ဆိုကြသူ အများစု မှာ မိသားစု ကလွဲလို့ အားလုံးလိုလို ဂီတပရိုသမားများ ဖြစ်တော့ ဂီတပါရမီ ရှိပြီးသားတွေပါ။ လုံလောက်တဲ့ အချိန်၊ လေ့ကျင့်မှု ပေးရင်၊ သီချင်း လူ ရွေးရင် စာသား ကျန်၊ အဝင် လွဲ၊ သီချင်း၊ လူ၊ ဆိုဟန် တခြားစီ ဖြစ်နေ တာမျိုးတွေလောက် အထိ ဆိုးရွားတဲ့ အမှားမျိုးတွေ မဖြစ်နိုင်ပါဘူး။
အဆိုးဆုံးက ထူးအိမ်သင် ရဲ့ ဂန္တဝင် မှတ်တိုင် အမှတ်တံဆိပ် သီချင်းတွေ ဖြစ်တဲ့ အမေ့အိမ် နဲ့ ရာဇဝင်များရဲ့ သတို့သမီး ကို အုပ်စုလိုက် နောက်ဆုံးပိတ် အိတ်နဲ့လွဲ (အိတ်နဲ့လွယ် မဟုတ်ပါ) ဝိုင်း ဖျက်ဆီး ပရိသတ် ကို ညှဉ်းဆဲမှုပါ။
ပွဲ ကို အဓိက ပံ့ပိုး ကူညီသူ ထဲက တဦးဖြစ်သူ တေးရေး မြင့်မိုးအောင် ဧရာဝတီ အင်တာဗျူး မှာ ဟိုတလောက ဖြေသွားခဲ့တယ်။ “ကောင်းမယ်လို့ ကျနော်တို့ ဘယ်လို ယူဆလို့ရမလဲ၊ အမှတ်တရ ပွဲလေးမှာ အမှတ်တရ အလျောက် အားလုံးက လွမ်းဆွတ်ခြင်း၊ တမ်းတခြင်းတွေနဲ့ လုပ်တဲ့ကိစ္စကို နားလည်ပေးသင့် တယ်” ဆိုခဲ့တယ်။
ဟုတ်ကဲ့။ ကျနော် တယောက်တည်း အနေနဲ့တော့ နားလည်ပေးပါတယ်၊ လက်ခံတယ်၊ ကြိုဆိုတယ်။ ထူးအိမ်သင် မိသားစု နဲ့ သီချင်းများ ရှေရှည် စည်ပင်ရေး အတွက် ဆိုရင် နောက်နှစ်တွေလည်း (၂) နှစ်ခြား တခါ ဖြစ်စေ ထပ်လုပ်ဖို့ အကြုံ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် အခုထက်ပို စနစ်ကျတဲ့ ပြင်ဆင်မှုမျိုး တော့ လုပ်သင့်ပါတယ်။
ထူးအိမ်သင် မူရင်း အသံနဲ့ အရည်အသွေး ကောင်းကောင်း စီဒီချပ်တွေ ထုတ်တာမျိုးလည်း နောင်မှာ ဖြစ်စေချင်တယ်။ ဖိုးချိုတုန်းက အဲ့သလို လုပ်ခဲ့တယ်၊ သွှအောင် + ဂျွန်သင်ဇမ်း တို့ ရဲ့ သီချင်းဟောင်းတွေကို မူရင်း အတိုင်း စီစစ်ပြန်ထုတ်တာ ရှိခဲ့ဖူးတယ်။ တန်ဖိုးသိပ် ရှိတယ်။ နောင် မိသားစု၊ အပေါင်းအသင်း နဲ့ စီစဉ်သူများ ထူးအိမ်သင် အမှတ်တရ လုပ်ရင် ဒါမျိုး စိတ်ကူးလေးတွေ အကောင်အထည် ဖော်စေချင်တယ်။ ပွဲစီစဉ်သူများ အပြစ်ပြောစရာ ပို ဖြစ်ချင်တော့ လက်မှတ်တွေက မှောင်ခိုတောင် ဖြစ်ကုန်လို့ ပွဲမှာလည်း ပါဝင်သူ၊ မိသားစုဝင် ကိုယ်တိုင် “ထူးအိမ်သင် ပွဲ ဘယ်သူ လက်ထဲ ရောက်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်မေးခဲ့တာမျိုးတောင် ဖတ်ခဲ့ရတယ်။
အခု ပွဲက အမှတ်တရပွဲ၊ လွမ်းဆွတ်ပွဲ ဆိုတာ မှန်တယ်။ လာသူ ပရိသတ် က လည်း စင်ပေါ်က ပုဂ္ဂိုလ်များ ကို ကြည့်ချင်လို့ထက် ထူးအိမ်သင် ကို ဂုဏ်ပြု သတိရလိုစိတ် အဓိက နဲ့ လာကြတယ် ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် ဝင်ကြေး အခကြေးငွေ ယူပြီး တင်ဆက်တဲ့ ပွဲမှာ ဆိုသူ တချို့ ကီးကြောင်၊ ကီးလွဲ၊ အဝင်အထွက် မမှန်၊ နောက်ဆုံး စာသားပါ ကျန်၊ လွဲ ဆိုတာတွေကတော့ လွန်လွန်းတာပေါ့။
ထူးအိမ်သင်ရဲ့ အနုပညာ ကို စော်ကား တာ၊ မစော်ကား တာတွေ အသာထားဦး၊ ပိုက်ဆံ အကုန်အကျခံ၊ အချိန် ပေး လာကြည့်သူ ပရိသတ် ကိုတော့ (တင်ဆက်သူများ မရည်ရွယ်သည့်တိုင်) ကျေးဇူးမသိတတ်သလို ဖြစ်နေပါပြီ။ တချို့ ထူးအိမ်သင် အမာခံ ပရိသတ်များ ဒီပွဲ အတွက် သီးသန့် နိုင်ငံရပ်ခြား က ပြန်ခဲ့ကြတယ်၊ နယ်တွေကနေ ရန်ကုန် ဆင်းခဲ့ကြရတယ်။ ကမ္ဘာ အနှံ့ က ထူးအိမ်သင် ခေတ် ကြီးခဲ့သူ ဂီတ ဝါသနာ ရှင်များလည်း အွန်လိုင်းကနေ မျှော်လင့်တကြီး စောင့်ကြည့်ခဲ့ကြတယ်။ အားလုံး က ချစ်ခြင်းအားဖြင့် အားပေးခဲ့ကြတယ်။ ပြန်ရလိုက်တာက “…. ….”။
“အမှား ပါရင် ခွှင့်လွှတ်ပေးပါ” ဆိုတာ အပျော်တမ်းသမား စကားပါ။ ရပ်ကွက် သီတင်းကျွတ် ပွဲ မှာပဲ အသုံးဝင်ပါတယ်။ လုပ်နေတဲ့ အလုပ်က ပရို အလုပ်၊ ပြီးတော့ မှ ထူးအိမ်သင် ကို “ချစ်ခြင်းအားဖြင့် နားလည်ပေးပါ” ဆိုချင်လို့လည်း မရပါ။
“လက်ခုပ်သံလေးနဲ့ ကြိုဆိုပေးပါ” ဆိုပြီး ပရိသတ် ဆီက လက်ခုပ်သံကို သူဖုန်းစား လို အသံတစာစာ နဲ့ တောင်းရမ်း ချူယူချင်ကြတာကလည်း ခေတ်ရဲ့ စင်မြင့် ယဉ်ကျေးမှု ဓလေ့ကြီး ကို ဖြစ်နေပါပြီ။ ပရိသတ် ရဲ့ အားပေး ချီးမြှောက် မှု ဆိုတာ ထိုက်တန်တဲ့ သူ အနေနဲ့ အလိုအလျောက် ရရှိတာမျိုးပါ။ ဒီပွဲမှာလည်း အကောင်းဆုံး ကြိုးစား တင်ဆက် သွားသူတွေကို ပရိသတ် က အသိအမှတ်ပြုပါတယ်။ IC အစီအစဉ် ရုပ်သံမှာ မကြည့်ရတော့ မဆိုသာပါ။
ကြည့်ရသမျှမှာ အထူးသဖြင့် အဖေ၊ အမေ မျိုးဆက်ဟောင်းကြီးများရဲ့ ဂီတ အမွေကို ဆက်ခံနိုင်သူ ကိုယ်ပိုင် ဖန်တီးနိုင်စွမ်း ရှိတဲ့ လူငယ်တချို့ ကိုယ်ပိုင်ဟန် နဲ့ ကြိုးစား လုပ်ပြခဲ့တာကိုလည်း သတိထားမိတယ်။ ဆိုးသူ တွေကို နာမည် တပ် မဆိုချင်လို့ ကောင်းသူ တွေကိုလည်း နာမည် မဖော်ပြတော့ပါ။ အသိအမှတ် မပြုချင်တာ မဟုတ်ပါ။ ပွဲကို ကြည့်လိုက်ရသူ အားလုံး ဂီတ ဝါသနာ အနည်းအကျဉ်း ဝါသနာ ပါရင်ကို ဘယ်သူ၊ ဘယ်ဝါ ဘယ်လို ဆိုတာ ခွဲခြား သိနားလည်မယ် ဆိုတာ ယုံကြည်ပါတယ်။
ထူးအိမ်သင် နဲ့ မိသားစု ကို ချစ်လို့ ခင်လို အခု ပါဝင် သီဆိုသူများအားလုံး မေတ္တာ နဲ့ စေတနာ သက်သက် ဝင်ရောက် ကူညီကြတယ် ဆိုတာလည်း အပြည့်အဝ နားလည်ပါတယ်။ ကျေးဇူးလည်း တင်တယ်။ နောင်လည်း ထူးအိမ်သင် ရဲ့ ကျန်ရစ်သူ မိသားစု ကို ဝိုင်းဝန်းပေးကြပါ။ ဒါပေမယ့် ဒီလို ချစ်ခြင်းအားဖြင့် ကူညီ လို့ ဆိုပြီး တောဆို၊ တောင်ဆို လုပ်ကြတာကို မျက်စိမှိတ်၊ ရေငုံ နှုတ်ပိတ် လက်ခံ ပေးစရာ အကြောင်း မရှိပါ ခင်ဗျာ။
ထူးအိမ်သင် ကို ချစ်ခင် လေးစားလို့ တတ်နိုင်သလောက် နောက်က ပံ့ပိုးကြတဲ့ နောက်ခံ စင်တင် ပြင်ဆင်သူတွေ၊ ဒီဇိုင်း ဆရာ တွေ အစရှိတဲ့ ဝိုင်းဝန်းခဲ့ကြသူများ ရဲ့ စေတနာ နဲ့ လုပ်အားကိုလည်း ပရိသတ် တယောက် အနေနဲ့ အသိအမှတ်ပြုပါတယ်။
ဝိုင်းခဲ့ကြသူ အားလုံးရဲ့ အလုပ် တွေ၊ ချစ်ခြင်း မေတ္တာ စေတနာ တွေ စုစည်း ရကျိုးနပ်အောင် တကယ် ထိုက်ထိုက်တန်တန် ဖြစ်စေချင်တဲ့ ဆန္ဒ ကြောင့် ဒီ စာရေး ဖြစ်ပါတယ်။ “မပြီးခင် ဗမာမမြင်စေချင်နဲ့” စကား ကို ကြိုမြင်လို့ရယ်၊ “ပွဲဖျက်တဲ့ မိုး” လည်း မဖြစ်ရအောင်ရယ်ကြောင့် ပြီး မှ ပဲ တို့ထိ ရေးလိုက်ပါတယ်။
ထူးအိမ်သင် အခု ပွဲ အပြီး မှာ ရေးဖြစ်တယ် ဆိုသော်လည်း တကယ်ကတော့ သက်ရှိ ထင်ရှား / ကွယ်လွန် ဂီတ သမားများရဲ့ အမှတ်တရ ပွဲ တွေ၊ ပြန်ဆို တေးစု တွေ၊ စင်တင်ပွဲ တွေ အားလုံး ကို နိုင်ငံတကာ မှာလိုပဲ တကယ် ထိုက်ထိုက်တန်တန် အားထုတ်မှု၊ ဂုဏ်ပြုမှု၊ ဂီတ စီမံ ဖန်တီး အသစ်ထွင် ဆန်းသစ်မှု ဖြစ်စေချင်တာကြောင့် ဂီတလောက ရေးစီးကြောင်း ကြီး တခုလုံးအတွက် ရေးတဲ့ ပရိသတ် တယောက် ရဲ့ ဆန္ဒ နဲ့ အမြင် ပါ။
ကိုနေဝင်း အသက် (၆၀) ပြည့် အမှတ်တရ ဂုဏ်ပြု စင်တင်တေးဂီတပွဲ “လပြည့်ဝန်းသို့တမ်းခြင်း (၂၀၁၁) ” တုန်းကလည်း ကိုနေဝင်း ပရိသတ်တွေ အပြင် ဂီတချစ်သူ ပရိသတ် အများ ပိုမိုကောင်းမွန် စနစ်တကျ လေ့ကျင့် ပြင်ဆင်မှု ရှိတဲ့ တင်ဆက် မှုမျိုး၊ ရွေးချယ်မှုမျိုး ဖြစ်သင့်တယ်လို့ ယေဘုယျ ယူဆခဲ့ကြပါတယ်။ ဒါမျိုး ဖြစ်စဉ်တွေ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်း ဗမာပြည်မှာ ဖြစ်ခဲ့တာ အများကြီးပါ။
အနိမ့်ဆုံး အဆင့် သီချင်း နဲ့ လူ ရွေးချယ်ကြတာမှာကို “ချမ်းအေးတာလည်း မသိတော့ပါဘဲ လမ်းဘေးမှာပဲ အလွမ်းတေးဆိုနေမယ်..” ဆိုပြီး အမျိုးသမီး အဆိုတော် က စင်ပေါ်တက် ဟစ်တော့ နားထောင် ရတဲ့ ပရိသတ် ခမျာ ဖီလင် ဟတ်ကော့ကြီး ခံစားရသလိုမျိုး မတော်မလျော် တွေက တင်းကျမ်း မို့ အခုလို ဆိုနေရခြင်းပါ။
လူဆိုတာ သိမှု၊ ခံစားမှု ရေချိန်အလိုက် ကိုယ့် အမြင်၊ သူ့ အမြင် ရှိကြစမြဲပါ။ ဒါပေမယ့် ဒီပွဲ အပါအဝင် ဖြစ်ပျက်နေတဲ့ ဗမာပြည် ရဲ့ ပြန်ဆို ဂီတရေစီးကြောင်း ကတော့ ထောက်ပြခဲ့သလို အလွဲတွေ အပြည့်နဲ့ ဆိုတာ က အချက် ပါ၊ အမြင် မဟုတ်ပါ။
ဒီ စာ ချ ရေး ဖြစ်တော့ တချို့ တုံ့ပြန်ကြမှာကိုလည်း စိတ်ထဲ တွက်မိပါတယ်။ ခင်ဗျားက ဂီတ ဘယ်လောက် ဖန်တီး တတ်လို့လဲ ဆိုပြီး လူမိုက် စကားဆို စိန်ခေါ်ခံထိမှာကိုလည်း မြင်ယောင်မိပါရဲ့။ ဂီတ နားလည် တတ်ကျွမ်းသူ ပညာရှင် တယောက် အနေနဲ့ မဟုတ်ဘဲ ဂီတ ကို ခံစား သူ ဝါသနာ ရှင် တယောက် အနေနဲ့ ဖွင့်အန်ချခြင်းပါ။
ခေတ်ကိုက ဘိန်းဘုရင်၊ လူသတ်ကောင်၊ မှောင်ခို သမား၊ အေးဓားပြ သူခိုး အကြီးစားများ က ဥပဒေပြု လွှတ်တော် ဆိုတဲ့ နေရာတက် လူတွင်ကျယ် လုပ်ခွင့်သာနေတော့ ဂီတလောကကြီး လည်း ငါးပွက်ရာ ငါးစာချ ဂီတစီးပွားသမားများသာ တိုးပွားစည်ပင်နေတာ မဆန်းဘူးဆိုတာလည်း နားလည်ပါတယ်။
“နည်းနည်းလေးတော့ လွဲနေမယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ်၊ စိတ်ကျေနပ်ရင် ပြီးတာပဲ၊ နေတတ်ရင် အေးဆေးလေး” ဆိုပြီးလည်း နှလုံးသွင်းပါတယ်။ ဒါပေမယ့် တနေ့စာ အလွဲများ က တခေတ် တခါ ပဲ ကောင်းပါတယ်၊ တသက်စာ အလွဲများ မဖြစ်ဖို့ရာ အတွက်တော့ ထောက်ပြ စရာ ရှိတာ တွေ အပြုသဘော ထောက်ပြ ရပါမယ်၊ ပြုပြင်သင့်တာတွေကိုလည်း ပြုပြင်ကြပါ။
လွန်တာရှိ ဝန္ဒာမိပါ၊ အမှားပါရင် ခွင့်လွှတ်ပါ မဆိုပါ။ အကျိုး၊ အကြောင်း ပြန်လည် ဝေဖန်နိုင်ကြောင်းပါ ခင်ဗျား။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ [email protected] ထံ စာရေး ဆက်သွယ်နိုင်သည်။)