ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ ၂၀၁၄ နှစ်ကုန်မှာ ကျင်းပမယ်လို့ ကတိပေးထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတော့မှာ မဟုတ်ဘူးလို့ ကြေငြာပါတယ်။ သူ့အနေနဲ့ ဘာကြောင့် မကျင်းပရတော့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းအမျိုးမျိုးပြ ပြောဆိုပါတယ်။ ဒါက သိပ်တော့လည်း မထူးဆန်းပါဘူး။ ထူးဆန်းတာကတော့ ဦးတင်အေး အနေနဲ့ ရန်ကုန်မှာ ခုလို နိုင်ငံရေးပါတီတွေနဲ့ တွေ့ပြီး အဲဒီ ကြေငြာချက် မထုတ်ပြန်မီ နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သေးတယ်လို့ သိရပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ခုလို ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတဲ့ ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူလိုက်တယ်လို့ ဆိုပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပဖြစ်တော့တဲ့အကြောင်း ဦးတင်အေး ကြေငြာပြီးတဲ့နောက် NLD ပါတီ ကိုယ်စား ဦးဉာဏ်ဝင်းက သတင်းဌာနတွေကို ပြောဆိုရာမှာလည်း ကော်မရှင်ဥက္ကဌ ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူတဲ့အကြောင်း၊ ပါတီ အနေနဲ့လည်း အလုပ်တွေများ မအားလပ်တဲ့အကြောင်း စသဖြင့် ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ဒီ ဆုံးဖြတ်ချက် မှန်ပါရဲ့လား၊ ရွေးကောက်ပွဲ မကျင်းပ ဖြစ်ခြင်းအားဖြင့် NLD နဲ့ တိုင်းပြည်အတွက် ဘယ်လို နစ်နာဆုံးရှုံးမှုတွေ ပေါ်ပေါက်နိုင်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဒီနေရာမှာ ၂၀၁၅ ရွေးကောက်ပွဲ အလွန့်အလွန် အရေးကြီးပုံနဲ့ ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ အဆက်အစပ်ကို အရင် ရှင်းပြဖို့ လိုပါလိမ့်မယ်။ အားလုံးသိကြတဲ့အတိုင်း လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရ၊ ပေါ်ပေါက်နေတဲ့ လွှတ်တော် အပါအဝင် အင်စတီကျူးရှင်း အားလုံးဟာ ၂၀၁၀ ရွေးကောက်ပွဲကနေ တဆင့် ပေါ်ပေါက်လာတာပါ။ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာဟာလည်း NLD၊ တိုင်းရင်းသားတွေ နဲ့ အတိုက်အခံတွေ ပါဝင်လို့ မရအောင်လုပ်၊ ကိုယ်လိုချင်တဲ့ အဖြေထွက်အောင် မသမာမှုပေါင်းစုံ လုပ်ပြီး ကျင်းပထားတဲ့ ရွေးကောက်ပွဲပါ။ ဒါကြောင့် ဒီကနေ့ တိုင်းပြည်မှာ အစိုးရ၊ လွှတ်တော် နဲ့ ကျန် အင်စတီကျူးရှင်း အားလုံးဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ ဖြစ်ပေါ်လာတာတွေ မဟုတ်ပါဘူး။ အားလုံး အတုအယောင်တွေလို့ ပြောနိုင်ပါတယ်။
မြန်မာနိိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ခြေတလှမ်းလောက် ဖြစ်ဖြစ် လှမ်းနိုင်ဖို့ အရေးမှာ ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်ပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်၊ အစိုးရ အဖွဲ့နဲ့ အဆောက်အဦတွေတော့ လိုအပ်ပါတယ်။ အဲလို ပေါ်ပေါက်ဖို့အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးဆိုတာ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ဒါကို စစ်ဗိုလ်ချုပ်ဟောင်းတွေ စစ်ဗိုလ်ချုပ်တွေ ကောင်းကောင်းသိသလို၊ NLD ဘက်ကလည်း သိပါတယ်။ ဒါပေမယ့် လေးနက်ပုံချင်းမှာတော့ မတူပါဘူး။ ပြည်ခိုင်ဖြိုးက အသည်းအသန် လေးနက်နေသလောက် NLD ကတော့ သိပ်မလေးနက်ပါဘူး။ ဒါကို နောက်ပိုင်း ထပ်ရှင်းပြပါမယ်။
ဒီနေရာမှာ မေးခွန်းရှိလာပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်အခြေခံဥပဒေ၊ ဘယ်ရွေးကောက်ပွဲ ဥပဒေ၊ ဘယ်ကော်မရှင်က ဘယ်နည်းဘယ်ပုံ ကျင်းပပေးမှာလည်း ဆိုတဲ့ မေးခွန်းပါ။ လောလောဆယ် အနေအထားအရ ဖွဲ့စည်းပုံ ပြင်တဲ့ ကိစ္စ မပြီးပြတ်သေးပါဘူး။ ၂၀၁၀ က ကကျင်းပခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် နည်းနည်းလေးပဲ ပြင်ထားတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ ခုဆိုရင် ရွေးကောက်ပွဲ နည်းစနစ်ကိုတောင် PR စနစ်လား၊ အရင်ကျင့်သုံးခဲ့တဲ့ စနစ်နဲ့ပဲ ကျင်းပမလား ဆိုတာတောင် မသေချာပါဘူး။ သေချာတာကတော့ စစ်ဗိုလ်ချုပ်ဟောင်း ဦးတင်အေး ဦးဆောင်ပြီး ရာနှုန်းပြည့်နီးပါး စစ်ဗိုလ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်က ကျင်းပမှာပါ။ သူတို့ ဘယ်နည်းဘယ်ပုံ ကျင်းပမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ၂၀၁၀ လိုပဲ ပြန်လုပ်မလား၊ ၂၀၁၂ တုန်းကအတိုင်း လွှတ်ပေးမလား ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ အဲဒီအတွက် မှတ်ကျောက်တစ်ခု ဖြစ်နိုင်တာက ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲပါ။
တကယ်တော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုပြီး ဦးတင်အေး တရားဝင် ကြေငြာ၊ တိုင်းပြည်ကို ကတိပေးတာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကတည်းကပါ။ ကျင်းပပေးမယ် ဆိုရင် ပြင်ဆင်ချိန် အလုံအလောက် ရပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ လုပ်မယ့်နေ့ ကြေညာချိန်ကျမှ ကတိဖျက်လိုက်တာပါ။ သူကတော့ အကြောင်းအမျိုးမျိုး ပြပါတယ်။ လာမယ့် အာစီယံ ထိပ်သီးအစည်းအဝေးနဲ့ အချိန်တိုက်ဆိုင်နေတယ်၊ ကျပ်ငွေ ၂ ဘီလျံလောက် ကုန်ကျနိုင်တယ်၊ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်နိုင် လွှတ်တော်ထဲမှာ မဲခွဲတဲ့အခါ ဘာမှ ထူးခြားမှု ဖြစ်ပေါ်လာမှာ မဟုတ်ဘူး၊ လွှတ်တော်ကြီးကလည်း အလုပ်များနေတယ်၊ အမတ် ၃ နေရာ ဝင်မပြိုင်ရင် ပါတီငယ်လေးတွေ ဖျက်သိမ်းခံရနိုင်တယ် စတဲ့ အကြောင်းပြချက်တွေ ပေးပါတယ်။
တကယ်တော့ အဲဒီ အကြောင်းပြချက်တွေ အားလုံး တခုမှ မခိုင်လုံပါဘူး။ လွှတ်တော်ထဲမှာ မဲခွဲတဲ့အခါ အပြောင်းအလဲ မဖြစ်နိုင်ဘူး ဆိုတာ ပြီးခဲ့တဲ့ မတ်လကတည်းက ဦးတင်အေး သိပြီးသား ကိစ္စပါ။ အခုမှ ပြောတာ သဘာ၀ မကျပါဘူး။ နောက်ပိုင်း လွှတ်တော်တွင်း မဲခွဲရင် မထူးလို့ ဆိုပြီး လစ်လပ်နေရာတွေ အတွက် ကြားဖြတ် ရွေးကောက်ပွဲတွေ မလုပ်ပေးပဲ နေတော့မလား ဆိုပြီးလည်း မေးခွန်းထုတ်နိုင်ပါတယ်။ နောက်တခုက အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ တိုက်ဆိုင်နေတယ်ဆိုတဲ့ အကြောင်းပြချက်ပါ။ တကယ်ဆို သူ့ဖာသာသူ အစည်းအဝေးလုပ်၊ ကိုယ့်ဖာသာကိုယ် ရွေးကောက်ပွဲ လုပ်တာပါ။ နောင် အဲလို အစည်းအဝေးကြီးတွေ ရှိလို့ ရွေးကောက်ပွဲ လုပ်မပေးဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ကာလမှာ ခက် ခက်ရချည့်လို့ ပြောရမလိုတောင် ဖြစ်လာနိုင်ပါတယ်။ အမတ် ၃ နေရာ မပြိုင်နိုင်တဲ့ နိုင်ငံရေးပါတီငယ်တွေ ဖျက်သိမ်းခံရမယ့် ကိစ္စကိုလည်း ကော်မရှင်က စိတ်ပူစရာ အကြောင်းမရှိပါဘူး။ ခုနေခါ ပြည်သူလူထု ထောက်ခံမှုလည်း မရှိ၊ ဘာ ပြည်သူတွေအတွက်မှလည်း ကောင်းကောင်း အလုပ်မလုပ်တဲ့ အုတ်ရောရော ကျောက်ရောရော နိုင်ငံရေးပါတီတွေ အများကြီး ပေါ်နေပါပြီ။ ဥပဒေအရ မပြိုင်လို့ ဖျက်သိမ်းရတာဟာ သဘာဝလည်းကျပြီး ပါတီတွေ ဇကာစစ်သွားမယ့် သဘောလည်း ဖြစ်လို့ ကောင်းတောင် ကောင်းတဲ့ ကိစ္စပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ကြေညာပြီးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တို့ကလည်း ထောက်ခံခဲ့ပါပြီ။
ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဖြစ်တော့ ရွေးကောက်ပွဲတခုကို ကော်မရှင် ဘယ်လို အကောင်အထည် ဖော်မလဲ ဘယ်သူမှ အကဲ မခတ်နိုင်တော့ပါဘူး။ ဥပမာအားဖြင့် မဲဆန္ဒရှင် စာရင်း ကောက်ယူမှု ဖြစ်ပါတယ်။ ရွေးကောက်ပွဲ တစ်ခုအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်း အလွန် အရေးကြီးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးနဲ့ အဖွဲ့ဟာ ဒီကိစ္စ နိုင်ငံရေးပါတီတွေ စစ်ဆေးလို့မရအောင် မသမာတဲ့ နည်းဥပဒေတွေ ချမှတ်ခဲ့ပြီးမှ ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။ အခု ဦးတင်အေး ၂၀၁၅ မှာ ဘယ်လို လုပ်မယ် မသိနိုင်တော့ပါဘူး။ နောက်တချက်က မဲဆွယ် စည်းရုံးရေးဆိုင်ရာ စည်းကမ်းချက် အသစ်တွေပါ။ ဒီ စည်းကမ်းချက် အသစ်တွေဟာ နိုင်ငံရေးပါတီတွေကို ဘယ်လို ကောင်းကျိုးဆိုးပြစ် သက်ရောက်စေမယ်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲမှာ စမ်းသပ်ကြည့်ဖို့ ဖြစ်ပါတယ်။ အခု မစမ်းသပ်နိုင်တော့တဲ့အတွက် ၂၀၁၅ ကျရင် ဆိုးရွားနေတာတောင် ပြောဆိုလို့ မရနိုင်တော့ပါဘူး။
နောက်ထပ် အရေးကြီးတာ တစ်ခုက နိိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကို မြန်မာနိုင်ငံထဲ ဝင်လာပြီး စောင့်ကြည့်ခွင့် ပေးမပေး ပြသနာပါ။ ဒါကို အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ဦးတင်အေး အဖြေတစ်ခု ပေးရပါမယ်။ လုပ်လည်း လုပ်ပြရပါမယ်။ ခုလို ကြားဖြတ်ရွေးကောက်ပွဲ မရှိတော့တဲ့အခါ ဦးတင်အေးက ၂၀၁၅ မှာ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တွေကို ပေးဝင်မလား၊ ပေး မဝင်ဘူးလား မသိနိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၂ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး ကော်မရှင်ဟာ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေကို ဝင်ခွင့်မပြုခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်အတွက် အလွန်စိုးရိမ်စရာ အခြေအနေပါ။
နောက်တခုက ၃၅ နေရာပဲဖြစ်ဖြစ်၊ ဒီထက်နည်းတဲ့ နေရာပဲ ဖြစ်ဖြစ် ပြည်သူတွေရဲ့ ထောက်ခံမှု ပေါ်လွင်လာမယ့် ကိစ္စပါ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖြစ်ခဲ့ရင် အင်န်အယ်လ်ဒီကို ပြည်သူတွေ ရာခိုင်နှုန်း ဘယ်လောက် ထောက်ခံတယ်၊ ပြည်ခိုင်ဖြိုးကို ဘယ်လောက် ထောက်ခံတယ် အကြမ်းဖျဉ်း အခြေအနေ သိနိုင်မှာဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ ၂၀၁၅ မှာ ဘယ်အတိုင်းအတာ လောက်ဆို မဲမသမာမှု ဖြစ်နိုင်မလဲ ဆိုတာ ဒီ အချက်က ခန့်မှန်းနိုင်ပါလိမ့်မယ်။ အခု မခန့်မှန်းနိုင်တော့ပါဘူး။ နောက်ထပ် အရေးကြီးတာ တစ်ချက်က ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ကျင်းပပြီးစီးမယ့် ရလာဒ်ပါ။ အဲဒီ ရလာဒ်ကို ကြည့်ပြီး လက်ရှိ ပြည်ခိုင်ဖြိုးက သရဲမရဲ ကြိုးစားနေတဲ့ PR စနစ် ကို ဘာကြောင့် ကျင့်သုံးဖို့ လိုမလဲ ဆိုတာ ကောင်းကောင်း မေးခွန်းထုတ်နိုင်ပါတယ်။ ခုတော့ အဲဒီ အခွင့်အရေးအားလုံး ဆုံးရှုံးသွားခဲ့ပါပြီ။
တကယ်တော့ ၂၀၁၂ ရွေးကောက်ပွဲကိုပဲ ကြုံဖူးပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကောင်းကောင်း စနစ်တကျ မလေ့လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ကိုယ့်ကိုယ်ကိုယ် အတော်လေး အထင်ကြီးနေပုံရပါတယ်။ ဘယ်ကော်မရှင်က ဘယ်နည်းနဲ့ပဲ ကျင်းပ ကျင်းပ သူတို့ပဲ အပြတ်အသတ် အနိုင်ရမယ် လို့ တထစ်ချ မှတ်ယူထားကြပုံရပါတယ်။ တကယ့်တကယ် ဖြစ်နိုင်ခြေ အများကြီးပါ။ ရွေေးကာက်ပွဲနဲ့ ပါတ်သက်ပြီး လက်ရှိ လွှတ်တော်ကို ကြီးစိုးထားတဲ့ ပြည်ခိုင်ဖြိုးဘက်က မမျှမတ တစ်ခုခု လုပ်လာရင်လည်း ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်မယ့် အခြေအနေ မရှိပါဘူး။ ဥပမာ PR စနစ် ကျင့်သုံးတာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့လိုသလောက်ပဲ ပြင်ပြီး ရွေးကောက်ပွဲ လုပ်တာ စတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ တကယ်လို့ အင်န်အယ်လ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ရင် စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ ၂၀၁၀ တုန်းကလိုပဲ လုပ်သွားမှာဖြစ်ပါတယ်။ ဒီအတွက် အလံရှူးပါတီတွေ၊ အုတ်အရောရော ကျောက်အရောရော ပါတီတွေ အများကြီး ခွင့်ပြုထားခဲ့ပြီမို့လည်း ဖြစ်ပါတယ်။
နောက်တချက်က ရွေးကောက်ပွဲ မသမာမှုတွေပါ။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပချိန်ကျမှ နဖူးတွေ့ ဒူးတွေ့ကြုံမှ ကန့်ကွက်နေလို့လည်း သိပ်အရာထင်စရာ မရှိပါဘူး။ နောက်ထပ် ၅ နှစ် ဒရွတ်တိုက်သွားရမယ့် အခြေအနေ ရောက်သွားနိုင်ပါတယ်။ ၄ နှစ် သို့မဟုတ် ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲ မသမာမှုလုပ်ပြီး အာဏာကို ဆက်ကာ ဆက်ကာ ရယူသွားတဲ့ ပါတီတွေ အာစီယံထဲမှာရော၊ ကမ္ဘာမှာပါ နမူနာတွေ အများကြီးရှိနေပါတယ်။ ဒီလို အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ပါတီ အနေနဲ့ ဦးတင်အေးရဲ့ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့တာကို ထောက်ခံလိုက်ခြင်းဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြီးတစ်ခု ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)