အမျိုးသမီးများအပေါ် ကျောင်းများက ခွဲခြားကန့်သတ်နေမှုများ ရပ်သင့်ပြီ

ခင်နှင်းစိုး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထိပ်တန်း အဆင့်ဖြင့် အောင်မြင်သူ ၂၂ ဦးမှာ ထူးထူးခြားခြား အမျိုးသမီးငယ်လေးများ ဖြစ်နေသည်ကို တွေ့မြင်ကြရပါသည်။ ယခု ထွက်ရှိခဲ့သော ရလဒ်များကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ကျောင်းသူများက ကျောင်းသားများထက် ဉာဏ်ရည် ပိုမိုထက်မြက်နေကြခြင်းလား (သို့မဟုတ်) စာမေးပွဲ ဖြေရာမှာ အမှတ်ကောင်းရအောင် ဖြေတတ်ကြတာလားဟု စဉ်းစားစရာ ဖြစ်လာသည်။

မှတ်ဉာဏ်ကို အခြေခံပြီး စာကျက်ထားသည့်အတိုင်း ပြန်ဖြေဆိုရသည့် စာမေးပွဲများဖြင့် အကဲဖြတ်သည့် စနစ်ကျင့်သုံးသည့် မြန်မာနိုင်ငံအတွက် အထက်ပါ ထင်မြင်ချက် ၂ ခု လုံးမှာ ဖြစ်နိုင်ခြေရှိနေသည်။ ပို၍ စိတ်ဝင်စားစရာ ကောင်းသောအချက်မှာ ထိုသို့ ထိပ်တန်းအဆင့် ဝင်ခဲ့သော ကျောင်းသူများ နောင် အနှစ် ၂၀ တွင် မည်ကဲ့သို့သော အောင်မြင်မှုများ ရရှိလာကြမည်နည်း ဆိုသည့် အချက်ဖြစ်သည်။ သူတို့ ကဏ္ဍအသီးသီးတွင် ထိပ်တန်း နေရာတွေ ရနိုင်ကြမည်လား။

တက္ကသိုလ်ဝင်ခွင့်တွင် အမျိုးသမီးနှင့် အမျိုးသား အမှတ်ခွဲထားသည့်စနစ်က ကျမ သိရသလောက်တော့ မြန်မာနိုင်ငံ တခုတည်းသာရှိသည်။ မြန်မာနိုင်ငံရှိ တက္ကသိုလ် ကျောင်းများကို ဝင်ခွင့်ရရေး အမျိုးသမီးများအတွက် သတ်မှတ်ချက်က အမျိုးသားများထက် မြင့်သည်။ အဘယ်ကြောင့်နည်း။ အမျိုးသမီးများကို မြင့်မားသည့် ရာထူး နေရာတွေ ရရှိစေမည်ကို အတားအဆီး တရပ်အနေနှင့် ပြုလုပ်ထားခြင်းလောဟု မေးခွန်းထုတ်စရာဖြစ်နေသည်။

ကျမတို့ အမျိုးသမီးများသည် အမျိုးသားများကို ဦးစားပေးတတ်သော လူမှုအသိုင်းအဝိုင်းတွင် နေထိုင်နေကြရသည်။ မြန်မာနိုင်ငံ အစိုးရရုံး အများအပြားကို အမျိုးသားများကသာ ဦးဆောင်နေကြသည်။ လွှတ်တော်အတွင်း ၆၅၉ နေရာမှာ အမျိုးသားများ ကြီးစိုးထားပြီး အမျိုးသမီးများအတွက်မှာမူ နေရာ ၂၀ သာရှိကြောင်း တွေ့ရသည်။ ပညာရေး လောကတွင်လည်း ဆရာ အများစုမှာ ဆရာမများဖြစ်ကြသော်လည်း အမျိုးသမီး ပါမောက္ခချုပ်မှာမူ အလွန်နည်းပါးကြောင်း တွေ့ရသည်။ သို့သော် အမျိုးသမီး ပညာရေးဝန်ကြီးကို လတ်တလော ခန့်အပ်လိုက်သည့်အချက်က အပြောင်းအလဲများ တဖြည်းဖြည်း စတင်ဖြစ်ပေါ်လာ နိုင်ဖွယ် ရှိနေပြီ ဟု မျှော်လင့်ရသည်။

အမျိုးသမီးများ၏ ဝင်ခွင့်ရမှတ်အား အမျိုးသားများထက် များစွာ မြှင့်ထားသော ဆေးတက္ကသိုလ်ကဲ့သို့ နေရာမျိုးမှာပင်လျင် အမျိုးသမီး ကျောင်းသူ အများအပြား ဝင်ရောက်နေခြင်းကလည်း စိတ်ဝင်စားစရာကောင်းသော အချက်ဖြစ်ပြီး မြန်မာလူ့အဖွဲ့အစည်းက အမျိုးသမီးများကို ဘယ်လိုပုံစံဖြစ်အောင် ကြိုးစားရမည်ဆိုသည့် ပုံစံခွက်သွင်းသည့်အလေ့အထနှင့် အများကြီး သက်ဆိုင်နိုင်သည်ဟု ကျမထင်သည်။

ငယ်ငယ်က ကျမနှင့် သူငယ်ချင်းအားလုံးက ကြီးလာလျင် ဆရာဝန် ဖြစ်ချင်ခဲ့ကြသည်။ အဲဒီ ၁၀ နှစ် ၁၁ နှစ်အရွယ် ကလေးများသည် ဆရာဝန်တယောက်၏ တာဝန်များကို သေချာမသိခဲ့သော်လည်း ကျမတို့၏ ဆရာဝန်တယောက် ဖြစ်ရန်ဟူသည့် ရည်မှန်းချက်က ပြတ်သားခဲ့သည်။ ပြန်စဉ်းစားကြည့်လျှင် ဆေးတက္ကသိုလ် ဝင်ရောက်နိုင်ခြင်းသည် မိန်းကလေးများဘ၀ အောင်မြင်မှု မှတ်တိုင် တခုဟု ကျမတို့ မိဘ ဆွေမျိုးများ၏ အယူအဆများ လွှမ်းမိုးမှုကို ခံခဲ့ကြရခြင်းကြောင့်ဟု ကျမ မြင်မိသည်။

တကယ်တော့ မြန်မာလူ့အဖွဲ့အစည်းက ကျမတို့ကို ကျမတို့ ကိုယ်ပိုင် စိတ်ပါဝင်စားသော နယ်ပယ် မဟုတ်သည့် အခြားနယ်ပယ်အား ရွေးချယ်ဖြစ်အောင် တွန်းပို့နေခဲ့သည်ဆိုခြင်းကို ငယ်ရွယ်သေးသည့်အချိန်က သိနိုင်စွမ်းမရှိခဲ့ကြပါ။ ကျမတို့ဟာ တခြားလူကြိုက်နည်းသောနယ်ပယ်တွေကို ရွေးချယ်ရန် အခွင့်အလမ်း မရရှိခဲ့ပါ။ လူကြီးမိဘစကားကို နာခံတတ်သော သားသမီးမျိုး ဖြစ်သင့်သည်ဆိုသော လမ်းကြောင်းပေါ်က သွေဖယ်မသွားရန် တွန်းအားပေးခံခဲ့ကြရသည်။ ဒီအချက်များကြောင့်လည်း မြန်မာနိုင်ငံက အမျိုးသမီးအများစုသည် ဆေးတက္ကသိုလ်ကို တက်ရောက်ခဲ့ကြပြီး ဆရာဝန်အဖြစ် လုပ်ကိုင်ခြင်း မရှိကြတာ ဖြစ်နိုင်သည်။

လူ့အသိုင်းအဝိုင်းမှ ကျမတို့ မိန်းမသားများနှင့် သင့်လျော်သည် ဆိုပြီး သတ်မှတ်လေ့ရှိကြသည့် အခြား အလုပ်အကိုင်နယ်ပယ်တခုမှာ ပညာရေးနယ်ပယ် ဖြစ်သည်။ ကျမတို့သည် မွေးရာပါ မိခင်စိတ် ရှိကြသည်ဆိုပြီး လူမှုအသိုင်းအဝိုင်းက မိန်းမသားများကို ယောက်ျားများထက် ပိုပြီး ဆရာ ဖြစ်ထိုက်ကြောင်း သတ်မှတ်လေ့ရှိသည်။ မိဘအများစုကလည်း မိမိတို့ သမီးများအတွက် ဆရာမအလုပ်သည် သင့်လျော်ပြီး သိက္ခာရှိသော အလုပ်တခုဟု သတ်မှတ်ကြသည်။ ထို့ကြောင့် အမျိုးသမီးများသည် စာသင်ကြားခြင်းအား တကယ်တမ်း စိတ်ပါဝင်စား မြတ်နိုးပြီး လုပ်ကိုင်ရခြင်းမျိုးမဟုတ်ဘဲ မိဘတွေကြောင့် ရွေးချယ်လိုက်ရတာမျိုး ကြုံတွေ့ ကြရပြန်သည်။ မြန်မာပြည်က အမျိုးသမီးများ မိမိတို့ မြတ်နိုးနှစ်သက်ပြီး အမှန်တကယ် စိတ်ပါဝင်စားသော နယ်ပယ်မှ အလုပ်အကိုင်များကို မိမိတို့ စိတ်ကြိုက်ရွေးချယ်လာတတ်စေရန် ကျမ အမှန်တကယ် မျှော်လင့်ပါသည်။

အခြားသော နိုင်ငံများတွင် အမျိုးသမီးများကို သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်များသို့ သွားရောက် ပညာသင်ကြားရန် ထောက်ခံအားပေးမှုများ ပြုလုပ်နေကြသည်။ ကျမတို့ နိုင်ငံမှာတော့ အမျိုးသမီးများ၏ တက္ကသိုလ် ဝင်ခွင့် ရမှတ် လိုအပ်ချက်ကို မြှင့်တင်ထားခြင်းကြောင့် အမျိုးသမီးများ ၎င်းတက္ကသိုလ်များသို့ တက်ရောက်ရန် တန်းတူအခွင့်အလမ်း မရ ဖြစ်နေသည်။ တကယ်တော့ အမျိုးသမီးများလည်း အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာများ ဖြစ်လာနိုင်ပြီး တိုင်းပြည်၏ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကဏ္ဍတွင် တစိတ်တပိုင်း ပါဝင်နိုင်ခွင့်များ ရှိသင့်သည်။

National University of Singapore မှ အရှေ့တောင်အာရှ ရေးရာဆိုင်ရာ လက်ထောက် ပါမောက္ခတဦးဖြစ်သူ Chie Ikeya က မြန်မာအမျိုးသမီးများအကြောင်းကို ၎င်းရေးသားပြုစုသော “Reconfiguring Women, Colonialism and Modernity in Burma” စာအုပ်တွင် ထည့်သွင်းရေးသားခဲ့သည်။ သူက မြန်မာအမျိုးသမီးများ ယခင် ခေတ်များတွင် မိမိကိုယ်ကို မိမိရပ်တည်နိုင်ခြင်း၊ ယောက်ျားများနည်းတူ ရင်ပေါင်တန်း လုပ်ကိုင်နိုင်ခြင်းများက ကိုလိုနီ ဗြိတိသျှ အစိုးရအရာရှိများကြားတွင်သာမက အနောက်တိုင်း စာရေးဆရာများကြားတွင်ပါ အသိအမှတ်ပြု ခံခဲ့ရဖူးကြောင်း ရှင်းလင်းရေးသားထားခဲ့သည်။ ရှေးခေတ် မြန်မာအမျိုးသမီးများ ထိုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သလို ယခုခေတ် အမျိုးသမီးထုအနေဖြင့် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်း မရှိတော့သည်မှာ ရှက်ဖွယ် ဖြစ်ရပ်ပင်။

လတ်တလော နောက်ဆုံးကောက်ယူရရှိထားသော သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အမျိုးသမီး ဦးရေက အမျိုးသားဦးရေထက် ပိုများသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ယခုအချိန်မှ စတင်ကာ အမျိုးသမီးများအား နိုင်ငံ တိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းပြည်ရေးရာ ကိစ္စများတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် အခွင့်အလမ်းများ စတင် ချထားပေးသင့်နေပြီဟု ဆိုချင်ပါသည်။ ကျမတို့ မြန်မာလူထုကြီး တရပ်လုံးက အမျိုးသမီးများကို တန်းတူအခွင့်အရေး ပေးရန် လိုအပ်နေပါသည်။ သို့မှသာ မြန်မာနိုင်ငံ လူဦးရေ၏ အများစုဖြစ်သော အမျိုးသမီးများသည် တိုင်းပြည် တိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိက အင်အားတရပ် ဖြစ်လာနိုင်မည် ဖြစ်ပါသည်။

(ခင်နှင်းစိုးမှာ ရန်ကုန်မြို့ ရှိ Myanmar Metropolitan College ၏ ကျောင်းအုပ်တစ်ဦးဖြစ်ပြီး သူမကို [email protected] မှတဆင့် ဆက်သွယ်နိုင်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading