ပြီးခဲ့တဲ့ တပတ်ကျော်က ဧရာဝတီမှာ ကလေးများနဲ့ အားကစားဆိုတဲ့ ဆောင်းပါးကို ကျမ ရေးခဲ့ပါတယ်။
နိုင်ငံတကာ အဆင့်မီတဲ့ အားကစားသမားတွေ ပေါ်ပေါက်လာဖို့အတွက် ကြွက်သားများ သန်စွမ်းခိုင်မာ အောင်လို့ ငယ်စဉ် ကတည်းက ေလေ့ကျင့် ပေးဖို့ လိုတယ် ဆိုတဲ့ အကြောင်းကို ရေးခဲ့ပါတယ်။
ဒီတပတ်မှာတော့ ကိုယ်တိုင် ကစားတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ပရိသတ်အဖြစ် အားပေးတဲ့ အခါမှာပဲဖြစ်ဖြစ် သန့်ရှင်းတဲ့ အားကစား စိတ်ဓာတ်ကလေးတွေနဲ့ ကစားတတ်၊ အားပေးတတ်တဲ့ အနာဂတ်လူ့အဖွဲ့အစည်း တခု ပေါ်ပေါက်လာ အောင်လို့ ကလေးများကို ငယ်စဉ်ကတည်းက ဘယ်လို လေ့ကျင့် သင်ကြားပေး ရမယ် ဆိုတဲ့ အကြောင်းကို ရေးသား တင်ပြသွား ပါ့မယ်။
သန့်ရှင်းတဲ့ အားကစား စိတ်ဓာတ်ကို မွေးမြူ တတ်ဖို့၊ စိတ်ထားတတ်ဖို့ အတွက် ကလေးအရွယ် ငယ်ဘဝမှာ ကတည်းက လေ့ကျင့် သင်ကြားပေးဖို့ လိုပါတယ်။ ကလေးတို့ဟာ မတ်တတ်ပြေးတဲ့ အရွယ်လောက် ရောက် လာပြီ ဆိုကတည်းက ပြေးတာ၊ လွှားတာ၊ ခုန်တာ၊ ပေါက်တာက အစ အမျိုးမျိုးသော ကစားနည်းတွေကို ကစားတတ် လာကြပါပြီ။
သူတို့ဘာသာ သူတို့ တယောက်တည်းလည်း ကစားကြသလို၊ လူကြီးများ နဲ့ပဲ ဖြစ်ဖြစ်၊ ကလေး အချင်းချင်းပဲ ဖြစ်ဖြစ် စုပေါင်းပြီး တော့လည်း ကစားတတ်လာကြပါတယ်။
တယောက်တည်း ကစားနေတဲ့ အခါမှာတော့ ဘာပြဿနာမှ မရှိပေမယ့် အများနဲ့ စုပေါင်းကစားတဲ့ အချိန်မှာ တော့ ကလေးတို့ကို အများနဲ့ ကစားတတ်အောင်လို့ လေ့ ကျင့်သင်ကြားဖို့ လိုလာပါပြီ။
ပထမဆုံး ကလေးတို့ကို သင်ကြားပေးရမယ့် အရာကတော့ ဘယ်အရာမဆို ကစားဖော်များနဲ့ တယောက် တလှည့် ကစားရတယ် ဆိုတဲ့ သဘောလေးကို သူတို့ နားလည်အောင်လို့ သင်ကြားပေးဖို့ လိုပါတယ်။ ဥပမာ ဒန်းစီးမယ် ဆိုပါတော့။ မီးမီးက ဆယ်ခေါက် စီးပြီးရင် မောင်မောင့်အလှည့်၊ မောင်မောင်က ဆယ်ခေါက် စီးပြီးရင် မီးမီးအလှည့် ပြန်လာမယ် စသဖြင့် ကလေးတို့ကို ကိုယ့်အလှည့် ရောက်တဲ့ အထိ စောင့်ဆိုင်းတတ်တဲ့ အလေ့ အကျင့်လေး ရအောင်လို့ သင်ကြားပေးကြရပါမယ်။
ပြေးတမ်း လိုက်တမ်း ကစားတဲ့အချိန်မှာလည်း ထို့အတူ ပါပဲ။ ကိုယ်က ပြေးရတဲ့ အလှည့်လည်း ကြုံရသလို၊ လိုက်ရတဲ့ အခါလည်း ရှိတတ်တယ် ဆိုတဲ့ အကြောင်းကို ကလေးတို့ သိအောင်လို့ ပြောပြရပါမယ်။
ဒီလို ကစားလာတဲ့ အချိန်မျိုးမှာ ကလေးတို့ဟာ အရှုံးဆိုတာကို မကြိုက်တတ် ကြတဲ့ အတွက် ကစားရင်းနဲ့ ငြင်းတာမျိုး၊ ညစ်တာမျိုးတွေလည်း ရှိလာတတ်ပါတယ်။ ကစားရင်း နဲ့ ညစ်တာမျိုးကို မြင်ရတဲ့အခါ မျိုးမှာ ကလေးပဲ၊ နိုင်ချင်လို့ ညစ်တာပေါ့ ဆိုပြီးတော့ လွှတ်မထားရပါဘူး။
ကစားတယ် ဆိုတာဟာ တကယ်တော့ သူငယ်ချင်း တွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားကြတာ ဖြစ်တဲ့ အကြောင်း၊ နိုင်တာ ရှုံးတာဟာ အဓိကမဟုတ်ဘဲ ကစားဖို့သာ အဓိက ဖြစ်တယ် ဆိုတဲ့ အကြောင်း၊ ရှုံးရင် ညစ်မယ် ဆိုရင်ဖြင့် နောက်တခါ ဆိုရင် သူငယ်ချင်းတွေက ညစ်တဲ့လူနဲ့ ကစားချင်တော့မှာ မဟုတ်တော့ဘူး ဆိုတဲ့အကြောင်းကို ကလေးနားလည်အောင်လို့ ရှင်းပြရပါမယ်။
ကစားရင်းနဲ့ အမြဲတမ်းနိုင်တဲ့လူ၊ အမြဲတမ်း ရှုံးတဲ့လူဆိုတာ ဘယ်သူမှမရှိဘူးဆိုတဲ့ အကြောင်းကိုလည်း ကလေး နားလည်အောင်လို့ ရှင်းပြရပါမယ်။
တခါတလေမှာ လူကြီးများက ကလေးနဲ့အတူတူ ကစားကြတဲ့ အခါမျိုးမှာ ကလေးကို မသိမသာ လျှော့ပေး ပြီးတော့ ကစားတာမျိုးလေးတွေ လုပ်ပေးဖို့ လိုပါတယ်။ အမြဲတမ်း အလျှော့ပေးပြီးတော့ ကစားတာမျိုး မဟုတ်ဘဲ ကစားရင်းနဲ့ တလှည့်လောက် ကလေးကို အလျှော့ ပေးပြီးတော့ နိုင်ခိုင်းလိုက်၊ နောက်တ လှည့် မှာ ကိုယ်က အနိုင်ယူလိုက်နဲ့ ကစားတာမျိုးပါ။
အဲဒီလို ကစားပေးမယ် ဆိုရင်ဖြင့် ကလေးတို့ဟာ အနိုင်အရှုံး ဆိုတာ တယောက်တလှည့် ရှိနိုင်တဲ့ အရာမျိုး ပါလားဆိုတာကို နားလည်လာကြပါ လိမ့်မယ်။
ကလေးတို့နဲ့ ကစားကြတဲ့အခါ မျိုးမှာ ကလေးက ကစားရင်းနဲ့ ရှုံးသွားပြီဆိုရင် မခံချင်အောင် စနောက်တဲ့ သဘောနဲ့ ကလေးရဲ့ အရှုံးကို မလှောင်ပြောင်ရ ပါဘူး။ အရှုံးဟာ အင်မတန်မှ ခါးသီးစရာ၊ ရွံမုန်းစရာကောင်း ပါလားဆိုတဲ့ အတွေးလေး ကလေးတို့ စိတ်ထဲ ဝင်သွားခြင်းဟာ အနိုင်ကို ဘယ်လို နည်းနဲ့ပဲရရ ရအောင်ယူမယ် ဆိုတဲ့ အတွေးစလေး ဝင်သွားစေဖို့ အတွက် လမ်းစဖြစ်လာ စေပါတယ်။
ကျမတို့ရဲ့ ရိုးရာကဗျာ တပုဒ်ဖြစ်တဲ့ “ငါတို့ ကြက်ဖ နိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်၊ သူတို့ ကြက်ဖ ရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံး” ဆိုတဲ့ ကလေးကဗျာဟာ ရှုံးနိမ့်သူ ကလေးတို့ အတွက် အင်မတန်မှ မခံချိမ ခံသာ ဖြစ်စေတဲ့ ကဗျာပါ။
ဒီလိုပဲ ဘောလုံးကွင်းထဲမှာ ဘောလုံးကန်ရင်ပဲ ဖြစ်ဖြစ်၊ အပြေးပွဲပြိုင်ပွဲများမှာပဲ ဖြစ်ဖြစ် တဖက်နဲ့ တဖက်၊ တယောက်နဲ့ တယောက် မခံချိမခံသာ ဖြစ်အောင်လို့ ပြောတတ်ကြ၊ စနောက်တတ်ကြပါတယ်။ ဒီလိုနဲ့ပဲ တဖက်နဲ့ တဖက် စကားများကြ၊ ရိုက်ကြ၊ နှက်ကြတာတွေ ကိုလည်း ကျမတို့ မကြာခဏ ကြားနေရတာ ပါပဲ။
ကစားပွဲကို အားပေးသူများ ကလည်း ကိုယ် အားပေးတဲ့ အသင်း ရှုံးမှာ ကြောက်သလို၊ ကစားနေတဲ့ သူများ ကလည်း ရှုံးမှာကို မခံနိုင်ကြပါဘူး။ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံအတွင်းမှာ ကိုယ့်အချင်းချင်း ကစား နေတဲ့အချိန်မှာ ဒီအရှုံးကို မခံချင်တဲ့၊ အရှုံးကို ခါးသီးရွံမုန်းတဲ့ စိတ်ဟာ အချင်းချင်း စိတ်ဝမ်းကွဲတဲ့ အထိ ပြဿနာ ကြီးစေပါတယ်။
ရွာအချင်းချင်း ကိုယ့်ရွာနဲ့ သူ့ရွာ ပြိုင်ကြတာမျိုးက အစ၊ မြို့နယ်ပွဲ၊ ရပ်ကွက်ပွဲ စတဲ့ကစားပွဲတွေမှာ နိုင်တဲ့ လူက ရှုံးတဲ့လူကို မခံချင်အောင် စနောက် ပြောကြရာ ကနေ ရန်ပွဲတွေ အထိ ဖြစ်လာတာမျိုးတွေကိုလည်း ကျမတို့ ကြားနေရတာပါပဲ။ ဒီလိုပဲ ရှုံးမဲ မဲလို့ ရန်ပွဲ ဖြစ်ရတာ မျိုးတွေ၊ အားပေးတဲ့သူ အချင်းချင်း ထိုးကြ၊ ကြိတ်ကြလို့ ဆေးရုံရောက်၊ အချုပ်ခန်း ရောက်ရတဲ့ အဖြစ်တွေလည်း အများကြီးပါ။
နိုင်ငံတကာ ပွဲတွေမှာ အများနဲ့ ကစားလာတဲ့ အခါမှာတော့ ရှုံးမှာကို ကြောက်ပြီးတော့ ညစ်လာတာ၊ ကိုယ့် နိုင်ငံ၊ ကိုယ့်အသင်း ရှုံးလို့ အားကစားကွင်းထဲမှာ ရုပ်ပျက်ဆင်းပျက် ဒေါသပေါက်ကွဲ ကြရတာဟာ မဖြစ်သင့် တဲ့ အရာပါပဲ။ တကယ်တော့ ကစားလိုက်လို့ ရှုံးရတဲ့ အရှုံးထက် ကိုယ့်ရဲ့ စိတ်ကို မထိန်းသိမ်း၊ မထိန်းချုပ်နိုင် လို့ ရှုံးရတဲ့အရှုံးက ပိုဆိုး ပါတယ်။
အားကစား စိတ်ဓာတ်ထဲမှာ ယှဉ်ပြိုင်ခြင်းသာ အဓိကလို့ ဆိုပေမယ့် နိုင်ချင်တာကတော့ ဘယ်နိုင်ငံ၊ ဘယ် လူမျိုးမှာပဲ ဖြစ်ဖြစ် အတူတူပါပဲ။ အားကစား ပြိုင်ပွဲတခု ရှုံးနိမ့်ရခြင်း ဆိုတဲ့ အကြောင်းတရပ် နောက်မှာ နောက်ခံ အကြောင်း များစွာက ရှိနေပြီးသားပါ။ ဘယ်လောက် တော်တဲ့လူပဲ ဖြစ်ဖြစ်၊ ဘယ်လောက် ကောင်း တဲ့ အသင်းပဲ ဖြစ်ဖြစ် အမြဲတမ်း ပထမ နေရာမှာတော့ ဘယ်သူမှ မနေနိုင်ကြပါဘူး။
ကစားတဲ့ အခါမှာ နိုင်ချင်ကြတယ် ဆိုပေမယ့် ရှုံးတဲ့အခါ မှာလည်း အရှုံးကို သိက္ခာရှိရှိနဲ့ ခံနိုင်ရည် ရှိဖို့လည်း လိုပါတယ်။ အဲဒီလိုပဲ နိုင်တဲ့အခါမှာလည်း သူတပါးကို မပြောင်လှောင်ဘဲ မနှိမ်ချဘဲနဲ့ သိက္ခာရှိရှိ အနိုင်ယူ တတ်ဖို့လည်း လိုပါတယ်။
ဒီလိုမျိုးအရှုံးခံတတ်၊ အနိုင်ယူတတ်တဲ့ စိတ်ဓာတ်လေးတွေ အနာဂတ် လူ့အဖွဲ့ အစည်းမှာ ပေါ်ပေါက်လာဖို့ အတွက် ကျမ တို့ရဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက လေ့ကျင့် ပေးဖို့ လိုပါတယ်။
ငယ်စဉ်မှာ ကစားကြတဲ့ အစုအပေါင်းနဲ့ ကစားရတဲ့ ကစားပွဲတွေမှာ ကစားပွဲရဲ့ စည်းမျဉ်းကို သေသေချာချာ လိုက်နာ တတ်ဖို့၊ ကစားရင်းနဲ့ ရှုံးလာရင် မညစ်ဖို့၊ ရှုံးမဲ မမဲဖို့၊ ကစားပြီးနောက်ရတဲ့ အနိုင်၊ အရှုံး ဆိုတာထက် ကစားရတာဟာ ပျော်စရာကောင်းတယ် ဆိုတဲ့ အတွေးကို ကလေးတို့ တွေးတတ်စေဖို့ လိုပါတယ်။
ဒါဆိုရင် ဒီကလေးတွေ ကြီးပြင်းလာတဲ့ အချိန်မှာ ကိုယ်တိုင်ပဲ အားကစားနည်း တခုခုကို ဆက်ပြီးတော့ ကစား ကစား၊ အားပေးသူ အဖြစ်နဲ့ပဲ နေနေ အားကစားကို သန့်ရှင်းတဲ့စိတ်၊ သန့်ရှင်းတဲ့ အတွေးနဲ့ အားပေးတတ်၊ ကစားတတ်လာ ပါလိ့မ်မယ်။
လောကမှာ အနိုင်ရဖို့ ဆိုတာဟာ အရေးကြီးသင့်သလောက် ကြီးတယ်ဆိုပေမယ့် အနိုင်ရဖို့ ဆိုတာထက် အရေးကြီးတဲ့ သိက္ခာတရား ဆိုတာဟာလည်း ရှိသေးတယ် ဆိုတဲ့အကြောင်းနဲ့ မတတ်သာလို့ ရှုံးကြရမယ် ဆိုရင်တောင်မှ သိက္ခာရှိရှိ ရှုံးတတ်အောင်လို့ ကျမတို့ကလေးတွေကို သင်ကြားပေးနိုင်မယ် ဆိုရင် ကျမတို့ရဲ့ အနာဂတ် လူ့အဖွဲ့အစည်းမှာ ကမ္ဘာက လေးစား အသိမှတ်ပြု ရတဲ့ လူမျိုးတမျိုး အဖြစ်ကို ကျမတို့ ရောက်လာနိုင် မှာပါ။
ဒါကြောင့်မို့လို့ ကလေးတို့ကို တရားမျှတစွာနဲ့ ကစားတတ်၊ စိတ်ထားတတ်အောင်လို့ ကျမတို့ အခုကတည်း က သင်ကြားပေးဖို့ လိုတာမို့ သင်ကြားပေးကြ ပါဦး။ ။