နအဖခေတ် ဝန်ကြီးဟောင်းနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်သောင်းကို အမေရိကန်က အစိုးရက နာမည်ပျက်စာရင်း သွင်းမှုအပေါ် ကန့်ကွက်ကြောင်း နေပြည်တော်လွှတ်တော်က နိုဝင်ဘာ ၁၀ ရက်နေ့မှာ တညီတညွတ်တည်း ဆုံးဖြတ်လိုက်သည် ဆိုတဲ့သတင်းက အတော်လူပြောများခဲ့ပါတယ်။
စကားလုံးအတိအကျကို ပြန်ပြောရမယ်ဆိုရင် “ပြည်ခိုင်ဖြိုးပါတီမှ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို အမည်မည်းစာရင်း ထည့်သွင်းလိုက်ခြင်းသည် လွှတ်တော်နှင့် ၎င်းကို ထောက်ခံသည့် မဲဆန္ဒရှင်များ ဂုဏ်သရေကို ညှိုးနွမ်းစေသောကြောင့် လွှတ်တော်က ကန့်ကွက် ရှုတ်ချရန် အဆိုတင်ပါသည်’’ တဲ့။
Black List နာမည်ပျက်ကို အမည်မည်းလို့ ဘာသာပြန်တဲ့ကိစ္စကိုတော့ ထားလိုက်ပါတော့။ ကြံ့ခိုင်ရေးပါတီဖက်က တင်လာတဲ့ဒီအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည် ဆိုတာကတော့ အံ့သြဖွယ် ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီနဲ့ လူအခွင့်ရေးအတွက် တိုက်ပွဲဝင်မယ် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ လွှတ်တော်ထဲ ဝင်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုပါတီတွေ၊ တိုင်းရင်းသားပါတီကိုယ် စားလှယ်တွေအားလုံး အဲဒီအဆို တင်ချိန်မှာ လွှတ်တော်အတွင်း ငြိမ်ငြိမ်လေး ထိုင်နေကြလို့ ဖြစ်ပါတယ်။
|
NLD လွှတ်တော် ကိုယ်စားလှယ်တဦးကတော့ သူတို့ဘက်က ဘာမှပြင်ဆင်ချိန် မရခင် ဒီအဆိုကို တင်လာတာ ဖြစ်တဲ့အတွက် ကန်ကွက်ဖို့ အချိန်မရလိုက်တာလို့ သတင်းထောက်တွေကို ပြောပါတယ်။ လူတိုင်းသိနေတဲ့ကိစ္စကို ကန့်ကွက်ရေးအတွက် ပြင်ဆင်ချိန်မရလို့ မကန့်ကွက်လိုက်ရတာ ပါဆိုတာကိုတော့ သက်ဆိုင်ရာပါတီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မဲပေးထားတဲ့သူတွေ အတွက် လုံလောက်တဲ့ ဆင်ခြေမဟုတ်လောက်ပါဘူး။
ပိုဆိုးတာကတော့ အဲဒီလိုလွှတ်တော်က ဆုံးဖြတ်ပြီး မကြာခင်ပြောကြားတဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒဆိုင်ရာ အမြင်ပါပဲ။ ပြောကြားချက် အနှစ်ချုပ်ကတော့ ဦးအောင်သောင်းကို အမေရိကန်က စီးပွားရေးပိတ်ဆို့တာဟာ NLD နဲ့ မဆိုင်တဲ့အကြောင်း၊ ဒီကိစ္စကို ကြိုမသိသလို သူတို့ပါတီနဲ့ အမေရိကန်အကြား ဒီကိစ္စဆွေးနွေးတာမျိုးလည်း မရှိတဲ့ အကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးသွားနေတဲ့အချိန်မှာ နောက်ကြောင်းပြန်တာကို စိတ်မပါတဲ့အကြောင်း၊ ဒါဟာ ဘယ်သူ့ကိုမှ အကျိုးမပြုမကြောင်းပါပဲ။
ဘာကြောင့်လဲဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်နေချိန်မှာ တချိန်တခါတုန်းက တယောက်နဲ့ တယောက် တိုက်ခိုက်နေတဲ့ အဖွဲ့တွေတောင်မှ အဆင်ပြေအောင် လုပ်နေတဲ့အချိန်မှာ ဒီကစ္စမျိုးတွေဟာ နိုင်ငံကို ဘယ်လို အကျိုးပြုရမလဲ ကြည့်ရမှာ ဖြစ်ကြောင်း၊ အဲဒါက NLD နဲ့ လုံးဝ မဆိုင်ကြောင်း၊ အမေရိကန်ကသာ ထုတ်ပြန်ပြီးမှ သိရှိရကြောင်း၊ ရင်ကြားစေ့ရေး အဓိကဖြစ်ပြီး ကလဲ့စားချေရေး မဟုတ်ကြောင်းလည်း ပြောပါတယ်။
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဟာ ပါတီရဲ့မူဝါဒပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အမျိုးသားရင်ကြား စေ့ရေးအတွက် ၂၅ နှစ်တာလုံးလုံး စောင့်စားလာခဲ့တာ အားလုံးအသိပါ။ ဒီအတွက် ဘာမှ ကန့်ကွက် စရာမရှိပါဘူး။ ဒါပေမယ့် ရင်ကြားစေ့ရေးဖြစ်ဖို့အတွက် အမှားလုပ်နေသူတွေကိုလဲ ဘာမှမဝေဖန်တော့ဘူး။ တခြားလူတွေ (တခြားအစိုးရတွေ၊ အဖွဲ့စည်းတွေ) က ဝေဖန်လာတာကိုလည်း လက်မခံနိုင်ဘူး။ ဒီလိုမျိုးဝေဖန်တာဟာ ရင်ကြားစေ့ရေးကို ထိခိုက်နိုင်တယ်ဆိုပြီး ပြောလာတာမျိုးကိုတော့ ဒီမိုကရေစီ လိုလားသူတိုင်း၊ ဒီမိုကရေစီ စံချိန်စံညွန်းတွေကို အလေးထားသူတိုင်း အသေချာ စဉ်းစားသုံးသပ်သင့်တယ် ထင်ပါတယ်။
အနိမ့်ဆုံးအားဖြင့်တော့ အမေရိကန်ဘက်က ဦးအောင်သောင်းအား အရေးယူတာဟာ အချက်အလက် ပြည့်စုံမှုရှိ မရှိ လွှတ်တော်က စုံစမ်းစစ်ဆေးရေးကော်မီတီဖွဲ့ပြီး စုံစမ်းစစ်ဆေးရန်လောက်တော့ ဆုံးဖြတ်ချက်ချဖို့ ကောင်းတာပေါ့။ အဲဒီလိုစုံစမ်းပြီးမှ ကန့်ကွက်တန် ကန့်ကွက်၊ ထောက်ခံတန် ထောက်ခံပေါ့။ အခုဟာက ကြံ့ခိုင်ရေးပါတီနဲ့ မျက်မှာပျက်ရမှာစိုးလို့၊ လေးပွင့်ဆိုင် ဆွေးနွေးပွဲ တောင်းဆိုထားတာကို လက်မခံမှာစိုးလို့၊ ရင်ကြားစေ့ရေး ထိခိုက်မှာစိုးလို့ အပြစ်ရှိသူတွေကိုလည်း အပြစ်မပြောတော့ပါဘူး ဆိုတာကတော့ စံတွေ၊ မူတွေ မရှိတော့တဲ့အဆင့်ထိ အတိုက်ခံတွေဘက်က အလျော့ပေးလိုက်ပြီလို့ အဓိပ္ပာယ်ထွက်စေပါတယ်။
ဆိုလိုတာကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားတဲ့အခါမှာ အားလုံးကို ခွင့်လွှတ်လို့ ရပေမယ့် ရာဇဝတ်မှု ကျူးလွန်တာမျိုး။ အများပြည်သူအပေါ် ဆိုးဆိုးဝါးဝါး လူ့အခွင့်ရေးချိုးဖောက်ခဲ့တာ မျိုးတွေကိုတော့ ခွင့်လွှတ်ဖို့မသင့်ပါ။ ကိုယ့်အခြေနေအရ၊ ကိုယ့်စံနှုန်းအရ ကိုယ်က ခွင့်လွတ်ချင်ရင်တောင် တခြားနိုင်ငံတွေ၊ တခြားအဖွဲ့စည်းတွေက သူတို့စံနဲ့တိုင်းပြီး ပြောလာတာကိုသွား မကန့်ကွက်သင့်ဘူးလို့ ထင်ပါတယ်။
ဒီနေရာမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးခင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် စတင်ဖမ်းဆီးခံနေရစဉ်က ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ ပြောခဲ့ဖူးတဲ့ ဥပမာ တခုကို သွားသတိရမိပါတယ်။ “အခုဟာက ရာဇဝင်ထဲက သားလုခန်းလို ဖြစ်နေတာ။ ဘီလူးက တဖက်၊ အမေက တဖက် သား လုတော့ အမေက သူ့သား နာမှာစိုးလို့ အတင်းမဆွဲရဲဘူး။ ဒီတော့ ဘီလူးအကြိုက် ဖြစ်နေတာပေါ့’’ တဲ့။
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေနေက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် အခြေနေနဲ့ အတွေးအခေါ်အရ ဘာမှ မပြောင်းလဲသေးပါဘူး။ အာဏာသိမ်းထားသူတွေ၊ အာဏာလက်ကိုင်ရှိသူတွေက သူတို့ထင်သလို ကြဲနေဆဲပါ။ ဒါပေမယ့် အတိုက်ခံဖက်ကတော့ နည်းနည်း ပြောင်းလည်းလာပါတယ်။ အဲဒါက ဘာလဲဆိုတော့ တိုင်းပြည်နာမှာစိုးလို့၊ ပြည်သူလူထု နစ်နာမှာစိုးလို့ အဲဒီလို ထင်တိုင်းကျဲနေသူတွေကို အရင်ကလောက် မဝေဖန် မထောက်ပြတော့တာပဲ ဖြစ်ပါတယ်။
ဒီအတွက် ပြည်သူလူထု နည်းနည်းသက်သာလာတယ်လို့ ထင်ရပါတယ်။ မြင်လည်း မြင်နေရပါတယ်။ နိင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလိုက်တာ၊ စာနယ်ဇင်းတွေ လွတ်လပ်လာတာ၊ ၁၅ သိန်းတန် ဖုန်းကဒ်တွေကို ၁၅၀၀ နဲ့ ရလာတာမျိုးတွေဟာ ထူးခြားတဲ့ လိုက်လျောမှုတွေပါ။
ဒါပေမယ့် ဒီနည်းက ကျားသနားမှ နွားချမ်းသာမယ်ဆိုတဲ့နည်း။ လူဆိုးတွေကို အရေးမယူဘဲ လူဆိုးနဲ့တည့်အောင်ပေါင်းပြီး၊ ဒါမှမဟုတ် လူဆိုးကို လူကောင်းဖြစ်လာတဲ့အထိ ဖေးမကူညီပြီး သွားရမယ့်နည်းဆိုတော့ ရေရှည်သွားလို့ရမရ။ ဒီနည်းနဲ့ အောင်ပွဲဆီ ရောက်နိုင် မရောက်နိုင်ကတော့ စဉ်းစားစရာပါ။
ဒါပေမယ့် ဒီနည်းမလုပ်ရင် ဘယ်လိုနည်းနဲ့ လုပ်မှာလဲဆိုတာကလည်း အခက်။ လက်နက်ကိုင် တိုက်တော့လည်း နှစ် ၂၀ ကျော်တဲ့အထိ မအောင်မြင်။ ရွေးကောက်ပွဲနည်းနဲ့ သွားတော့လည်း နှစ် ၂၀ ကျော် ကြာတဲ့အထိ အာဏာ မလွှဲပေး။ ဒီတော့ လူဆိုးတွေကို ချော့ပေါင်းပြီး အများပြည်သူ သက်သာအောင် လုပ်နေတဲ့နည်းကိုပဲ ကန့်ကွက်သူမရှိ လွှတ်တော်က ထောက်ခံလိုက်တယ်ဆိုတော့လည်း သင် ဘာများ တတ်နိုင်ဦးမည်နည်း။