“အလ္လာဟ် အရှင်မြတ်မှ တပါး ကိုးကွယ်ရာ အခြားမရှိ၊ မုဟမ္မဒ် သည် ဘုရားသခင် ၏ တမန်တော် ဖြစ်သည်” စတဲ့ ဘာသာရေး စာ ဆက်စပ် ခေါင်းစီးတင် အကြမ်းဖက်မှု တခုခု ကျူးလွန်ရင် “အကြမ်းဖက် ရာဇဝတ်မှု” ပဲ၊ “ဘာသာတရား ခေါင်းစဉ်” အောက် မှာ မရှိဘူး ရယ်လို့ အတော် ပြောရ ခက်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာရေးရာ၊ သမိုင်း၊ ဘာသာတရားတွေရဲ့ နောက်ခံ စတဲ့ သီးသန့် ပညာရပ် နယ်ပယ်တွေ ကို စိတ်ဝင်တစား လေ့လာမှု အားနည်းတဲ့ လူသာမန် လူအများ အတွက် ပိုလို့ ခက်ပါတယ်၊ အမြင်စောင်း စရာ အထင်လွဲစရာ ဖြစ်လာပါတယ်။
အကြမ်းဖက်သမားမှာ ဘာသာတရား မရှိဘူးဆိုတာလည်း အမှန်ပါ။ ဒါပေမယ့် ပြန်ပေးဆွဲ၊ လူသတ်၊ အကြမ်းဖက်မှုမျိုးကို ဘာသာရေး အမည်ခံ “In The Name Of Religion / God” တခုခု နဲ့ ကျူးလွန်ပြီ ဆိုရင်တော့ ဘာသာတရား နာမည်ပါ တွဲလျက် မဖြစ်မနေ ပါလာပါပြီ၊ ဘာသာရဲ့ ပုံရိပ်လည်း ကျဆင်းရပါပြီ။
ယေရှု ခရစ်တော် ဖွားမြင်ခဲ့ရာ ငြိမ်းချမ်းရေး အခါသမယ ဒီဇင်ဘာလရဲ့ လလယ် ၁၅ ရက်နေ့မှာ သြစတြေးလျ နိုင်ငံ တောင်ဝေလပြည်နယ်သစ် မြို့တော် ဆစ်ဒနီ မြို့လယ် လူစည်ကားရာ အရပ်က ကော်ဖီဆိုင် တခုကို လက်နက်ကိုင်တဦးက ဝင်စီးပြီး လူတချို့ကို ပြန်ပေးဆွဲခဲ့တယ်။ ဆိုင်ရဲ့ ပြတင်းပေါက်မှာ ဓားစာခံ တချို့ လက်မြှောက်နေပုံနဲ့အတူ ဆိုခဲ့တဲ့ အစ္စလာမ် ဘာသာရေး ဆက်စပ်စာ ပါတဲ့ အလံတခုကို တွေ့ခဲ့ရတယ်။
သြစတြေးလျဟာ အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေက အစ္စလာမ်ဘာသာ အမည်ခံ လူသတ် အကြမ်းဖက် နေတဲ့ ISIS ကို နှိမ်နင်းဖို့ရာ နိုင်ငံတကာတပ်တွေနဲ့ ပူးပေါင်းပြီး နောက်ပိုင်း လွန်ခဲ့တဲ့လ တွေထဲက စ အကြမ်းဖက်အုပ်စုတွေရဲ့ ပစ်မှတ်ထား ခြိမ်းခြောက်ခံခဲ့ရတယ်။ ဒါကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသား လုံခြုံရေး အဆင့်မြှင့် ဖြစ်ပေါ်လာနိုင်တဲ့ အကြမ်းဖက်မှု တွေအတွက် ကြိုတင် ပြင်ဆင်ခဲ့တယ်။
နိုင်ငံတွင်းက ဘာသာရေး အစွန်းရောက်များ ခိုအောင်းနိုင်စရာ ကွန်ရက်တွေကို ရှာဖွေ ဖော်ထုတ် အရေးယူ ဖမ်းဆီမှုတွေ ပြုလုပ်ခဲ့တယ်။ နိုင်ငံသား အစ္စလာမ် လူငယ်တွေ အစွန်းရောက်အုပ်စုများရဲ့ စည်းရုံး သိမ်းသွင်း မခံရဖို့ အတွက်လည်း စောင့်ကြည့်မှု တွေ ရှိခဲ့တယ်။ ဒီကြားထဲက သြစတြေးလီယန်း မွတ်ဆလင် လူငယ်လေး အများအပြား ISIS ကို ပူးပေါင်း သွားမှုတွေ ရှိခဲ့ပြီး တိုက်ပွဲတွေမှာ သေဆုံးမှု တွေ ရှိနေတယ်။ လူနည်းစု ဘာသာဝင် နိုင်ငံသားတွေကိုလည်း တဖက်သတ် မတရားသဖြင့် ဖိနှိပ်မှုလည်း မဖြစ်၊ လူ့အခွင့်အရေး လည်း မထိခိုက်၊ အမျိုးသားလုံခြုံရေး ရှုထောင့်ကလည်း စိတ်ချရအောင် အစိုးရနဲ့ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေ၊ လူနည်းစု လူမှု အသိုင်းအဝိုင်းက ခေါင်းဆောင်တွေ ပူးပေါင်း ဆောင်ရွက်မှု တွေ ပြုလုပ်ကြတယ်။
ဒီနေရာမှာ အများလာရောက် လေ့လာ နားထောင် နိုင်ရာ လွှတ်တော်လိုနေရာမျိုး မှာ လုံခြုံရေး အကြောင်းပြ ဘာသာရေး ဆက်စပ် အဝတ်ခြုံ ခေါင်းဆောင်း ဓလေ့ ကန့်သတ်မှုလို ဒေသခံ ခရစ်ယာန် လူဖြူ အများ နဲ့ အတိုက်အခံ နိုင်ငံရေး ပါတီ က အစ ကန့်ကွက်မှု ရှိခဲ့တဲ့ အငြင်းပွားဖွယ် ဥပဒေ သတ်မှတ်မှုတွေလည်း ရှိခဲ့တယ်။ ဒေသခံ သြစတြေးလျ သတင်းသမား တချို့ နဲ့ စကားပြော ကြည့်တော့ ဘာသာရေး ဆက်စပ် အကြမ်းဖက်အန္တရာယ်ကို ပင်မ စာနယ်ဇင်း ပုံဖော်မှု တွေ အလွန်အကျွံ ပုံကြီးချဲ့လွန်းတာ၊ အစိုးရ ရဲ့ ကိုင်တွယ်ပုံ တချို့ အပြစ်တင်စရာ တရားလွန် ဖြစ်နေတာမျိုး အမြင်တွေလည်း သိရတယ်။
အနောက်အုပ်စု ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှု အန္တရာယ်နဲ့ ကမ္ဘာ တဝှမ်း ဖြစ်ပေါ်နေတဲ့ အစ္စလာမ် အကြောက် အမုန်း အမြင် တွေမှာ လေ့လာ ဆွေးနွေး သုံးသပ် စရာ နောက်ခံ အကြောင်းအရာ တွေလည်း အမြောက်အမြား ရှိပါတယ်။ စီးပွားရေးလုပ်ငန်းစုကြီးများရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်ရာ အနောက် အရင်းရှင် အစိုးရတွေရဲ့ အစဉ်အဆက် ကမ္ဘာလှည့် ကျူးလွန် ခေါင်းပုံဖြတ်လာခဲ့တဲ့ မတရားမှုတွေ၊ ကျင့်သုံးခဲ့တဲ့ မှားယွင်းတဲ့ နိုင်ငံခြားရေး မူဝါဒတွေ အပြည့်နဲ့ တဖက်စောင်းနင်း ဖြစ်နေတဲ့ ကမ္ဘာ့ လူမှု အဆောက်အဦ သဘောက ဒီ အကြမ်းဖက်မှုတွေရဲ့ လက်သည် တရားခံ တခု အဖြစ် ထည့်သွင်း စဉ်းစားနိုင်ပါတယ်။
အနောက်နိုင်ငံတွေ လက်ခံထားတဲ့ ယဉ်ကျေးမှု ပေါင်းစုံ ထွန်းကားရာ ဗဟုဝါဒ ကိုတော့ လက်ညှိုးထိုး အပြစ်တင် လို့ မရပါ။ မတူကွဲပြားမှု တွေ အတူ တည်ရှိနေခြင်း က အားပါ၊ ဆိုးကျိုး မဟုတ်ပါ။ ဒီ့ အတွက် စီးပွား၊ ပညာ၊ ကျန်းမာ က အစ အားကစား အထိ လူမျိုးစုစုံ အခြေခံ ဖွံဖြိုးတိုးတက် အားကောင်း နေတဲ့ အဲဒီ နိုင်ငံတွေရဲ့ မျက်မှောက် သမိုင်းက ပြသနေပါတယ်။
အခု ဆစ်ဒနီ ကော်ဖီဆိုင် ပြန်ပေးဆွဲမှုလို “လူတဦးတည်း” ရဲ့ သဘောနဲ့ အလုပ် အကြမ်းဖက်မှု ဖြစ်ပစေဦး၊ ဘာသာရေး ခေါင်းစဉ် တပ်၊ ကျမ်းစာပါ စာတချို့ အသုံးချ ရှေ့တန်းတင် ပြုလုပ်လာပြီ ဆိုရင် လူ သာမန်ရဲ့ မျက်စိမှာ တော့ ဘာသာတရား နဲ့ အကြမ်းဖက်မှု ကို တွဲမြင်လာမှာ ဓမ္မတာ ပဲဖြစ်တယ်။ ဆက်စပ် သက်ဆိုင်ရာ ဘာသာဝင်တွေကို ကြိုတင် အစွဲ နဲ့ ကောက်ချက်စွဲလိုစိတ်တွေ၊ စိတ်မသက်မသာ ဖြစ်မှုနဲ့ အမုန်း စိတ်အခံတွေ လည်း ရင်ဘတ်မကျယ်၊ နှလုံးသား မကြီးသူ လူတချို့ မှာ ဖြစ်လာမှာ ဖြစ်တယ်။
မတရားမှု စနစ်တခုကို တော်လှန်နေတဲ့ တော်လှန်ရေးသမား ဖြစ်ပစေဦး၊ အပြစ်မဲ့ လူအများအပြားကို စတေး အကြမ်းဖက်၊ လူသတ်၊ ဗုံးခွဲ မှုပြုပြီ ဆိုရင်၊ လူမျိုး၊ ဘာသာ ခေါင်းစဉ်တပ် ရာဇဝတ်မှုတွေ ကျူးလွန်ပြီဆိုရင် နာမည် အဖတ်ဆယ်မရ၊ ကုရာ နတ္တိ ဆေးမရှိ နိဋ္ဌိတံ ပါပြီ။ အကြမ်းဖက်သမားများ ယူငင် အလွဲသုံးစားပြု အသုံးချရာ ဘာသာတရားရဲ့ ပုံရိပ်လည်း ထိခိုက်ပါပြီ။
ဒီ ဖြစ်စဉ် ဘာသာရေး ခုတုံးလုပ်တဲ့ အစွန်းရောက် အရူးတယောက်ရဲ့ လုပ်ရပ် ဟာ အခု အပြစ်မဲ့ ဓားစာခံ နှစ်ဦး သေဆုံးရမှုနဲ့ အတူ ပြီးဆုံးသွားပါပြီ။ နို့ပေမဲ့ နိဂုံး တော့ မချုပ်နိုင်၊ နောက်ဆက်တွဲ ဂယက် ရိုက်ခတ်မှု အဖြစ် မတူကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့ ရှိကြတဲ့ လူသန်းပေါင်းများစွာရဲ့ စိတ်မှာ မယုံကြည်မှု၊ သံသယ နဲ့ ဒဏ်ရာ အနာတရ စိတ်အခံကတော့ စွဲထင် ကျန်ရစ်စေခဲ့ပါပြီ။ “ငါးခုံးမ တကောင်ကြောင့် တလှေ လုံး ပုပ်” ဆိုတဲ့ မြန်မာစကားပုံလို ပဲ အကြမ်းဖက်၊ အစွန်းရောက်၊ ရှေးရိုးစွဲ နောက်ပြန်တဲ့ အစိတ်အပိုင်းတခု ကြောင့် အခြား မသက်ဆိုင်တဲ့ လူအများ နဲ့ ငြိမ်းချမ်းတဲ့ ဘာသာတရားရဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရည် ပုံရိပ်တွေ ယုတ်လျော့နိုင်ပါတယ်။
အစွန်းရောက်တဲ့ အစိတ်အပိုင်း တချို့သာ ပါ၊ အားလုံးကို ယေဘုယျ ကောက်ချက်ဆွဲ မရ၊ ပုံစံကားချပ် တခုတည်း ပုံဖော် မရ ဆိုတာ မှန်သော်ငြား လူအများစုဟာ အခြေခံကျကျ မစဉ်းစားတော့ဘဲ အလွယ်တကူ သတင်းတွေမှာ မြင်ရဖန်များနေတာကိုပဲ တွဲမြင် စိတ်ယုံမှတ်ကြတာ များပါတယ်။ ဒီလိုနဲ့ အခု ဘာသာရေး အမည်ခံ အကြမ်းဖက်မှုများ ကမ္ဘာမှာ အများအပြား ကျူးလွန်မှုတွေ ဖြစ်နေတဲ့ အစ္စလာမ်ရဲ့ ပုံရိပ်ဟာလည်း လူပြိန်းများ အကြား မကောင်းထင်ခံရ၊ အစ္စလာမ် အမုန်းရောဂါ ဟာလည်း အမြစ်တွယ် ကြီးထွားလာခဲ့တာပါပဲ။
ဘာသာရေး အကြမ်းဖက် ခေါင်းဆောင် အဖြစ် နာမည်ကြီးခဲ့တဲ့ Bin Laden (မသေခင်က) ရဲ့ “အိပ်မက်ဆိုး” လို့ The New York Times သတင်းစာက ညွှန်းဆိုခံထိခဲ့တဲ့ ကနေဒီယန် မွတ်ဆလင် အမျိုးသမီး စာရေးဆရာမ Irshad Manji အမြဲ ထောက်ပြလေ့ရှိတဲ့ “အစ္စလာမ် ရဲ့ မျက်မှောက် ပြဿနာဟာ မွတ်ဆလင် တွေပါ၊ ဒီ့ တွက် အဖြေ ပြုပြင်ပြောင်းလဲမှု တွေ ပြုလုပ်ရာက လည်း မွတ်ဆလင် တွေပါပဲ” ဆိုတဲ့ သဘောမှာ အတိုင်းအတာ တခု အထိ အကျိုးအကြောင်း သင့်တယ်၊ စဉ်းစားစရာ ပါ ပါတယ်။ သူ့ရဲ့ လူပြောများ ဝေဖန်သံ ညံခဲ့တဲ့ “The Trouble With Islam Today” စာအုပ်တွေမှာ အငြင်းပွားဖွယ်ရာ အမြင်တွေ ပါတယ်၊ ဓမ္မဓိဋ္ဌာန် မကျတဲ့ ပုဂ္ဂလိက ခံစားချက် ပုဂ္ဂလဓိဋ္ဌာန် ကောက်ချက် တွေ ရှိတယ်၊ သူ့ရဲ့ ပျော်မွေ့စရာ မကောင်းတဲ့ ကလေးဘဝ ရဲ့ နာကြည်းချက်တွေ ထင်ဟပ်တယ် ဆိုတာလည်း မှန်ပါတယ်။
ဗုဒ္ဓ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ် အစရှိတဲ့ ဘာသာတရား အားလုံးကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ကြတာပါပဲ။ ဘုရားတွေကတော့ အမုန်းမပွား၊ ရန်မများပါဘူး။ ဒါပေမယ့် ဘုရားကို ကိုးကွယ်သူလို့ ခံယူထားသူတွေသာ တရား မသိ၊ တရား မရှိရင်း မငြိမ်းချမ်းနိုင် ရန်များ၊ အမုန်းပွား အကြမ်းဖက်ချင်နေကြတာပါ။ ဒီထဲမှာ အဆိုးဆုံးကတော့ ကိုးကွယ်ရာ ဘာသာ နာမည်နဲ့ မိမိ လူမျိုး၊ တိုင်းပြည် အမည်ခံ ပြီး အခြား မတူကွဲပြားသူတွေကို အမုန်းပွားခြင်း၊ ကမ်းကုန်သွားရင် အကြမ်းဖက်ခြင်း ဆိုတဲ့ အလုပ်ဆိုးတွေပါပဲ။
ကမ္ဘာ မှာ ထိပ်တန်း ငြိမ်းချမ်းရေး ဘာသာကြီး အဖြစ် အစဉ်အဆက် အသိအမှတ်ပြုခံရတဲ့ ကျနော်တို့ဆီက လူအများ ကိုးကွယ် ရာ ဗုဒ္ဓဘာသာ ရဲ့ ပုံရိပ် ဟာလည်း အခု နောက်ပိုင်းနှစ်တွေမှာ ဝမ်းနည်းဖွယ် ပျက်စီး ယိုယွင်းစ ပြုလာနေတာ ကြုံတုန်း ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် အနည်းအတွင်း မှာ ဟိုလေးတကျော် နိုင်ငံတကာ စာနယ်ဇင်း တွေမှာ မီးမောင်းထိုးခံခဲ့ရတဲ့ သတင်းတွေ ကို အသာထားလိုက်ပါဦး။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅-၂၉ ရက် ထိုင်းနိုင်ငံ ဘန်ကောက် မှာ ကျင်းပခဲ့တဲ့ ဗမာပြည် အပါအဝင် အာရှ ၅ နိုင်ငံ က ဗုဒ္ဓဘာသာ သံဃာတော်များ တတိယ အကြိမ်မြောက် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းခြင်း ညီလာခံ ပါ သဘောတူညီချက် တခု ဖြစ်တဲ့ “ဘာသာရေးနှင့် စပ်လျဉ်းသည့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက သံဃာတော်များ အနေဖြင့် ပါဝင်ခြင်း၊ ဝင်ရောက် စွက်ဖက်ခြင်း မပြုလုပ်ရန်” ဆိုတဲ့ အချက်ကို ကြည့်ရင်ကို ဘာသာ တရား နာမည်၊ ဘာသာရေး ခေါင်းဆောင်တချို့ နဲ့ အမုန်းပွား၊ အကြမ်းဖက်မှု တွေ ဒွန်တွဲ မြင်လာနေခြင်း သဘောဟာ သိသာပါတယ်။
သူများ အမှား၊ သူများ ခြေလှမ်း၊ သူများ သမိုင်းဆိုး တွေကနေ ကျနော်တို့ သင်ခန်းစား ယူတတ်ရပါမယ်။ ဘာသာရေး နာမည်နဲ့ အကြမ်းဖက်မှု တွေ ဟာ ဘာသာတရား တခုရဲ့ ပုံရိပ်ကို ဘယ်လောက် ထိခိုက်စေသလဲ မြင်ကြည့်နိုင်ရမယ်။ တဖက်မှာလည်း ဥပဒေလက်လွတ် ပြုလုပ်တဲ့ ရာဇဝတ် အကြမ်းဖက်မှုတွေကို သူများတွေ ဆီမှာ ဘယ်လို သိက္ခာရှိရှိ ကိုင်တွယ် ဖြေရှင်းကြသလဲ၊ အများလူထု၊ စာနယ်ဇင်း နဲ့ အစိုးရ ရဲ့ တုံ့ပြန်ပုံက ဘယ်လို ဆိုတာတွေကို လေ့လာ အတုယူနိုင်ပါတယ်။
အခု ဆစ်ဒနီ ဖြစ်စဉ်မှာ ဆိုရင် ရဲ အပါအဝင် အစိုးရ အဖွဲ့အစည်းတွေနဲ့ ပြည်သူကို သတင်းဖြစ်ရပ် တင်ပြရတဲ့ စာနယ်ဇင်း တွေဟာ ဘာသာရေး အမုန်း ဖက် မသွားအောင် စကားအသုံးအနှုန်း က အစ ဂရုစိုက်တယ်၊ အခြား မဆိုင်တဲ့ ဥပဒေ ဘောင် အတွင်း ငြိမ်းချမ်းစွာ နေထိုင်နေသူ လူနည်းစု ဘာသာဝင် တွေ အပေါ် အမုန်းမပွားအောင် ထိန်းကျောင်းပေးတယ်။ လူထု ကိုယ်နှိုက်ကလည်း အနည်းအများ ကပ်ပါလာတဲ့ အွန်လိုင်း လူမှုကွန်ရက်များက လူမျိုး/ဘာသာ ဆက်စပ် အမုန်းသံတွေကို လွှမ်းဖို့ တန်ပြန် လှုပ်ရှားမှု “#illridewithyou” လို ဆိုရှယ်မီဒီယာ လှုပ်ရှားမှုလည်း ချက်ချင်း ပြုလုပ်ခဲ့ကြတယ်။ တနိုင်ငံလုံး ရဲ့ အားပေး ထောက်ခံမှုလည်း ရတယ်။ လှုပ်ရှားမှု သဘောက အလုပ် သွား၊ ကျောင်းသွားချိန်မှာ ရိုးရာ ဘာသာရေး ဝတ်စုံ ဝင်ဆင်ထားတဲ့ လူနည်းစု ဘာသာဝင် တွေ တန်ပြန် လက်စားချေမှု အတွက် စိုးရိမ် သောက ရောက်၊ စိတ်မလုံခြုံမှု မဖြစ်စေဖို့ သူတို့ နဲ့ အတူ ရထားစီး၊ ကားစီး အတူ သွားပေးဖို့၊ ကားကြုံတွေ တင်ဖို့ ဆော်သြတဲ့ လှုပ်ရှားမှု ပါ။
ဟိုတလောက ဖြစ်ခဲ့တဲ့ ကနေဒါ က သေနတ်ပစ်မှု နောက်ဆက်တွဲ မှာလည်း အလားတူပါပဲ။ လူတချို့ က တန်ပြန် အမုန်း စိတ်နဲ့ ဘာမှ အပြစ် မရှိ မသက်ဆိုင်တဲ့ လူနည်းစု လူမျိုးစု တွေရဲ့ အိုးအိမ် နဲ့ ဘာသာရေး အဆောက်အအုံတွေကို နှောင့်ယှက် ဖျက်ဆီးလိုကြတာကို ဒေသခံ လူအများ က ပြင်ဆင် စောင့်ရှောက်ခဲ့တယ်။ ဒီ အရပ် ဟာ ခင်ဗျားတို့ အိမ် ပါ၊ ဒီလို တုံ့ပြန် အမုန်းရာဇဝတ်မှု ကျူးလွန်လိုခြင်း တွေဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ စိတ်နေ သဘောထား အမှန်၊ ဓလေ့ မဟုတ်ပါ ဆိုပြီး သွေးစည်း ညီညွတ် ချစ်ကြည်ရေး စကားဆို နိုင်ငံသား လူနည်းစု တွေကို စိတ်လုံခြုံမှု ပေးခဲ့ပါတယ်။
ကျနော်တို့ တိုင်းပြည်က အမျိုး၊ ဘာသာ၊ သာသနာ ခေါင်းစဉ် အောက်မှာ တရား မျှတမှု ကြွေးကြော် မတရားပြု ဒုတ်ဆွဲ၊ ဓားယမ်း၊ မီးရှို့ချင်ကြသူတွေ ဒါမျိုးတွေကို အတုယူသင့်ပါတယ်။ ဘယ်လို ပုံစံမျိုးက မိမိ နိုင်ငံ့ ဂုဏ်သိက္ခာတက်၊ အမျိုး ဂုဏ် ဇာတိ ဂုဏ် မြင့်မား စေသလဲ ဆိုတာ မြော်မြင် ကြည့်တတ်စေချင်ပါတယ်။ ဘာသာရေး အမည်ခံ အမုန်းပွားခြင်း၊ အကြမ်းဖက်ခြင်း ရဲ့ ဆိုးကျိုး အမျိုး၊ ဘာသာ၊ သာသနာ ပုံရိပ် ကို အကြီးအကျယ် ထိခိုက်စေမှု သဘောကို နားလည် လက်ခံကြစေချင်ပါတယ်။
နိဂုံးချုပ်ရရင် ဘာသာရေး ခေါင်းစီးတပ် အကြမ်းဖက်ခြင်း၊ အမုန်းပွားခြင်းတွေဟာ မိုးပေါ်ကို ပက်လက်လှန် တံတွေး ထွေးသလိုပါပဲ၊ ဘာမှ အရာမထင်၊ လိုရာ ပန်းတိုင် မရောက်တဲ့ အပြင် ကိုယ် နဲ့ ကိုယ့် အနီးတဝိုက် အသိုင်းအဝိုင်း ပါ တံတွင်းစင် ညစ်ပတ်တဲ့ ပုံရိပ်ဖြစ်ပေါ်စေတာပဲ အဖတ်တင်ပါတယ်။ ဘာသာတူ၊ လူမျိုးတူများ က အစ ရွံရှာ စက်ဆုပ် ဆန့်ကျင်နေကြတဲ့ ဘာသာရေး အမည်ခံ လူသတ်ဂိုဏ်း ISIS က သက်သေပါ။ ဒါကြောင့် ဘာသာရေး ကို အာဏာနိုင်ငံရေး အကျိုး အတွက် အသုံးချလိုခြင်း၊ လူမျိုး/ဘာသာ အမုန်းပွားစရာ အကြမ်းဖက်လိုမှု အတွက် အသုံးချလိုခြင်း နဲ့ လူမျိုး/ဘာသာရေး အမြင်ကျဉ်းမြောင်း အစွန်းရောက်မှုများ ဗမာ့လူ့အဖွဲအစည်းမှာ အမြစ်တွယ် မရှင်သန်စေဖို့ ကျနော်တို့ ဆင်ခြင်နိုင်ဖို့လိုပါတယ်။ ဒါဟာ အမျိုး၊ ဘာသာ၊ သာသနာ ပုံရိပ်ကို အကောင်းဆုံး စောင့်ရှောက် ကာကွယ် မြှင့်တင်ခြင်းပါပဲ။ ကမ္ဘာ မှာ၊ ဗမာ မှာ အစွန်းရောက်၊ အမုန်းပွား၊ အကြမ်းဖက်ခြင်းများ ကင်းဝေတဲ့ အနာဂတ် ကို ရည်မျှော် “မိုးပေါ်ကို ပက်လက်လှန် တံတွေး မထွေးချင်ကြဖို့” ဆွေးနွေး တင်ပြလိုက်ကြောင်းပါ ခင်ဗျာ။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် [email protected] သို့ စာရေး နိုင်သည်။)