ဒုတိယ ကမ္ဘာစစ်ကြီး မြန်မာပြည်ကို ကူးစက်လာတော့ ရဲဘော်သုံးကျိပ်နဲ့အတူ ဂျပန်တပ်တွေ မြန်မာပြည်ကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာပြည်ကို ကိုလိုနီလုပ်အုပ်ချုပ်နေတဲ့ အင်္ဂလိပ်တွေ အိန္ဒိယကို ဆုတ်ခွာရပါတယ်။ ထိုင်းနိုင်ငံကနေတဆင့် မြန်မာပြည်ကို ဝင်လာတဲ့ ဂျပန်တပ်ရဲ့ အင်အားဟာ သုံးသိန်းကျော်တယ်လို့ သမိုင်းမှတ်တမ်းများက ဆိုထား ပါတယ်။ မြန်မာပြည်အထိ ဂျပန်တပ်တွေဝင်လာမယ်လို့ မထင်ခဲ့တာကြောင့် အင်္ဂလိပ်ကိုလိုနီ အစိုးရဟာ စစ်ရေးအရ သေသေချာချာ ပြင်ဆင်မထားခဲ့ပါ။ ဒါကြောင့် ဂျပန်တပ်တွေ ဝင်လာတော့ ဆုတ်ခွာပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါ။
ဂျပန်တွေ မြန်မာပြည်ကို အုပ်စိုးခဲ့တဲ့ စစ်ကြီး အတွင်း သုံးနှစ်ကျော်ကာလမှာ ဖက်ဆစ်ပီပီ ဂျပန် တပ်တွေ လက်စွမ်းပြပါတယ်။ အလွန်ရိုင်းစိုင်းပါ တယ်။ အရပ်သူ အရပ်သားတွေကို ထင်သလို နှိပ် စက်ပါတယ်။ သတ်ဖြတ်ပါတယ်။ ချွေးတပ်ဆွဲပါ တယ်။ ဂျပန်ကင်ပေတိုင်တွေ ဖမ်းဆီးနှိပ်စက် သတ် ဖြတ်ခဲ့တဲ့ မြန်မာပြည်သားတွေ အရေအတွက်အရ မနည်းလှပါဘူး။ ဂျပန်တပ်တွေ အတွက် လိုအပ်တဲ့ ဘယ်လို ပစ္စည်းမျိုးမဆို ကျွဲနွားကစလို့ အတင်းအဓမ္မ သိမ်းယူပါတယ်။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရပါ တယ်။ မြို့ထဲရွာထဲမှာ ဂျပန်တပ်တွေက စိတ်မထင် ရင် မထင်သလို လူတွေကို ပါးရိုက် နားရိုက်တာမျိုး ကတော့ ရိုးတောင်နေပါပြီ။ ဂျပန်တပ်တွေ အဲသလို ဆိုးလွန်းတာကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း က ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း မင်း ပင့် လာတဲ့ ဘုရားတွေ မင်း ပြန်ခေါ်မသွားနိုင်တော့ဘူး လားလို့ ပြောခဲ့တယ်လို့ ကြားဖူးပါတယ်။
နောက်ပိုင်းမှာ မဟာမိတ်တပ်တွေ၊ ဗမာ့တပ်မ တော်နဲ့ တခြားသော တိုင်းရင်းသားတော်လှန်ရေး တပ်တွေ ဂျပန်ကို ပြန်တိုက်ပါတယ်။ ဂျပန်တွေ အရေးနိမ့်စ ပြုလာပါတယ်။ အထက်မြန်မာပြည်က နေ တစတစ ဆုတ်ခွာလာရပါတယ်။ စစ်သမိုင်း အချက်အလက်များအရ မြန်မာပြည် စစ်မျက်နှာ တခုတည်းမှာပဲ ရောဂါဘယဒဏ်၊ တိုက်ပွဲကျတာ စတာတွေကို ပေါင်းလိုက်ရင် သေဆုံးခဲ့တဲ့ ဂျပန်စစ်သား အရေအတွက်ဟာ နှစ်သိန်းငါးသောင်း ကျော်တယ်လို့ ဆိုပါတယ်။ စစ်ကြီးလုံးလုံး ပြီးဆုံးလို့ ဂျပန်နိုင်ငံကို မြန်မာပြည် စစ်မျက်နှာကနေ အသက် ရှင်ရက် ပြန်ရောက်တဲ့ ဂျပန်စစ်သား ဦးရေဟာ ငါးသောင်းခန့်သာ ရှိတယ်လို့ သုတေသီများက ဆိုပါ တယ်။ ပြောရမယ်ဆိုရင် မြန်မာပြည် စစ်မျက်နှာမှာ ဂျပန်စစ်သား နှစ်သိန်းငါးသောင်းကျော် ကျဆုံးခဲ့ပါ တယ်။
မြန်မာပြည် စစ်မျက်နှာက ပြန်ရောက်လာတဲ့ ဂျပန်စစ်သားတွေဟာ ဂျပန်နိုင်ငံက ဆိပ်ကမ်းတွေကို ရောက်လာတဲ့အခါမှာ သီချင်းတကြော်ကြော် ဆိုနေ ကြပါတယ်။ တခြားသော အာရှနိုင်ငံစစ်မျက်နှာတွေ က ပြန်လာတဲ့ ဂျပန်စစ်သားတွေကတော့ သီချင်း တကြော်ကြော် ဆိုနိုင်ဖို့ ဝေးလို့ ခေါင်းငိုက်စိုက်နဲ့ မိခင်တိုင်းပြည်ကို ပြန်ရောက်လာပါတယ်။ ဘာဖြစ် လို့တုန်း ဆိုတာကို ဆန်းစစ်လိုက်တော့ မြန်မာပြည် စစ်မျက်နှာက စစ်ရှုံးလို့ ပြန်လာခဲ့တဲ့ ဂျပန်စစ်သား တွေဟာ မြန်မာပြည်မှာ သုံ့ပန်းဘဝနဲ့ ရှိနေတုန်း မြန်မာလူထုက သူတို့ကိုပြန်ပြီး လက်စားချေဖို့ဆိုတာ ထက် အစစအရာရာ ကူညီပေးခဲ့လို့ ဆိုတာကို သွား တွေ့ပါတယ်။ စစ်သုံ့ပန်းဘဝ မရောက်ခင်စပ်ကြား တပ်ပျက်ပြီး အငတ်ငတ်အပြတ်ပြတ်နဲ့ ထွက်ပြေး နေရတဲ့ ဂျပန်စစ်သားတွေကို မြန်မာနိုင်ငံသားတွေက အစားအသောက်တွေပေး၊ တချို့ဆိုရင် တပ်ခွဲလိုက် တောင် ဝှက်ပေးထားတယ်လို့ ဆိုပါတယ်။ စစ်ပူနေ ဆဲ ကာလဆိုတော့ မဟာမိတ်တပ်တွေက ဖမ်းမိရင် အသတ်ခံရမှာ စိုးတာကြောင့်ပါ။ သုံ့ပန်းဘဝရောက် တော့ မဟာမိတ်တပ်တွေက ဂျပန်စစ်သားတွေကို သူတို့မိခင်တိုင်းပြည် ပြန်မပို့ခင်မှာ လမ်းဖောက်တာ တို့ မြေတူးတာတို့ အစရှိသဖြင့် ခိုင်းပါတယ်။ အဲသလို ခိုင်းစေခံရတဲ့ ဂျပန်စစ်သားတွေကို သနားလို့ မြန်မာ လူထုက တတ်နိုင်သလောက် စားစရာ၊ ဆေးဝါး စသဖြင့် ထောက်ပံ့ကြပါတယ်။ ဂျပန်တွေတော့ စစ်ရှုံးပြီ၊ လက်စားပြန်ချေကြစို့ ဆိုတဲ့ အပြုအမူမျိုး၊ စိတ်ထားမျိုးကို မြန်မာပြည်သားတွေဆီမှာ မတွေ့ရ တဲ့အတွက် ဂျပန်စစ်သားတွေအနေနဲ့ အံ့ဩဝမ်းသာ မိကြတယ်လို့ ဆိုပါတယ်။
အဲဒီမြန်မာပြည်ပြန် ဂျပန်စစ်သားဟောင်းတွေ ဟာ နောက်ပိုင်းမှာ အဖွဲ့တခု ဖွဲ့ထားပြီး နှစ်စဉ်ဆို သလို မြန်မာပြည်နဲ့ပတ်သက်တဲ့ အမှတ်တရ ပွဲလမ်း တွေကို ပြုလုပ်ကြပါတယ်။ အဲသလို ပွဲလမ်းတွေမှာ မြန်မာလူမျိုးတွေရဲ့ ကြင်နာသနားတတ်တဲ့ စိတ်နေ သဘောထားကို ဂုဏ်ပြုချီးကျူး ပြောဆိုလေ့ ရှိပါ တယ်။ နောက်ပိုင်းခေတ်တွေမှာတော့ ဂျပန်ရောက် မြန်မာလူမျိုးတွေနဲ့လည်း အပြန်အလှန် အဆက် အဆံ ရှိကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘာကို သွားတွေ့သလဲ ဆိုတော့ မြန်မာလူမျိုးတွေဟာ၊ ပြည်သူတွေဟာ အာဃာတတရား မကြီးမားဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ မြန်မာ ပြည်သူတွေဟာ သူတို့ကို နှိပ်စက်ခဲ့တဲ့ ဂျပန်စစ်သား တွေကို အာဃာတတရားမထားဘဲ သူတို့ နိမ့်ကျ နေတဲ့အချိန်မှာ လက်စားချေဖို့ထက် သနားကြင်နာ မှုနဲ့ ကူညီခဲ့တာကို အဲဒီခေတ်က စစ်ပြန်ဂျပန်စစ်သား ဟောင်းကြီးတွေ အမြဲထုတ်ဖော်ပြောကြားလေ့ ရှိပါ တယ်။ ဒါဟာမြန်မာပြည်သားတွေရဲ့ စိတ်နေသဘော ထား သို့မဟုတ် Mindset လို့ ပြောရမှာပါပဲ။
အာဃာတတရား အကြောင်း ပြောရတာက ဒီလိုပါ။ ဟိုရက်ပိုင်းက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောခဲ့တာ တခုကြောင့်ပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရပေမယ့် အာဏာလွှဲမပေးတာက၊ ပါလီမန် ဖွဲ့စည်းခွင့် မပြုခဲ့ တာက NLD က အာဃာတကြီးမားလို့ မလွှဲခဲ့တာ လို့ ပြောခဲ့ပါတယ်။ NLD ကို အနိုင်ရအောင် မဲပေး ခဲ့တာက ပြည်သူတွေပါ။ စစ်တပ်နယ်မြေ တချို့မှာ တောင် NLD မဲနိုင်ခဲ့တာ ဘယ်သူမှ ငြင်းလို့မရပါ ဘူး။ အမှန်ကတော့ ပြည်သူ့ဆန္ဒကို စစ်တပ်က ဗိုလ်ချုပ်ကြီးများ မျက်ကွယ်ပြုတာပါ။ အသိအမှတ် မပြုတာပါ။ ဦးတင်အေး ပြောသလို NLD က အာဃာတတရား ကြီးမားလို့ အာဏာလွှဲမပေးဘူး ဆိုတာ ဘယ်လို အခိုင်အမာသက်သေပြနိုင်ပါသလဲ။ အဲဒီလိုသာပြောကြေးဆိုရင် နောင်မှာလည်း ဘယ် လိုပဲ ရွေးကောက်ပွဲတွေ ကျင်းပ ကျင်းပ အနိုင်ရတဲ့ ပါတီကို အာဏာလွှဲမပေးချင်ဘူးဆိုရင် အာဃာတတရား ကြီးမားလို့ဆိုပြီး ပြောဦးမှာလား၊ အကြောင်းပြ ဦးမှာလား။
ပြောရမယ်ဆိုရင် လူထုဘက်က အာဃာတ မရှိပါဘူး။ လူထုက ထောက်ခံနေတဲ့ ပါတီတွေက ခေါင်းဆောင်တွေမှာလည်း အာဃာတ မရှိပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ခြေနဲ့နင်းဖျက်ခဲ့တာ တောင် လူထုက ဒါနဲ့ပတ်သက်လို့ မနှစ်သက်ပေမယ့် အာဃာတ မထားခဲ့ပါဘူး။ ၂၀ဝ၈ ဖွဲ့စည်းပုံကို အတင်းရော အဓမ္မရော အတည်ပြုခဲ့တာကိုလည်း လူထုက အာဃာတ ထားပြီး အခုဖျက်သိမ်းရမယ်လို့ မတောင်းဆိုပါဘူး။ မဆီလျော်တာတွေကို ပြင်ဆင် ပေးဖို့ပဲ တောင်းဆိုနေတာပါ။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလည်း ကြိုတင်မဲ၊ ဘာမဲ၊ ညာမဲ စတာတွေနဲ့ ကြံ့ခိုင်ရေးက အနိုင်ယူခဲ့တာကိုလည်း လူထုက ညစ်မှန်းသိပေမယ့် အာဃာတ မထားပါဘူး။ လွှတ် တော်ထဲမှာ တိုင်းပြည်အတွက် တိုးတက်ရာ တိုးတက်ကြောင်း ဘာလုပ်ပေးမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့သာ စောင့်ကြည့်နေတာပါ။ သမ္မတက ကတိတွေ ခဏ ခဏပေးပြီး ဘာမှာ အကောင်အထည် မဖော်နိုင်တာကိုလည်း စိတ်ပျက်ကြတာကလွဲလို့ လူထုက အာဃာတ မထားပါဘူး။ အခု လက်ရှိအစိုးရကို မကြိုက်လို့ တနိုင်ငံလုံး လမ်းပေါ်တက်မယ်လို့ ဘယ်သူကမှ အာဃာတနဲ့ ခြိမ်းခြောက်နေတာ၊ လှုံ့ဆော် နေတာလည်း မရှိပါဘူး။
တခါ ဦးတင်အေးက ပြောပြန်ပါတယ်။ ဖွဲ့စည်းပုံထဲမှာ စစ်တပ်က ပါလီမန်မှာ ၂၅ ရာခိုင်နှုန်း နေရာယူတယ်ဆိုတာ စစ်တပ်က နောက်ထပ် အာဏာမသိမ်းအောင် နိုင်ငံရေးအရ ထည့်သွင်းထား ရပါတယ်လို့ ဆိုပါတယ်။ နောက် တိုင်းပြည် မငြိမ်မသက်ဖြစ်ရင် စစ်တပ်က အာဏာသိမ်းဦးမယ်လို့လည်း ပြောပါသေးတယ်။ ခြိမ်းခြောက်တာပေါ့။ လူထုကတော့ ဦးတင်အေးတယောက် အပြောအဆို မတတ်ဘူးလို့သာ ခေါင်းခါရင်း စိတ်ပျက်ရတာပါ။
ဒီလိုပြောလိုက်တဲ့အတွက်လည်း ဦးတင်အေး ကို လူထုက အာဃာတ မထားပါဘူး။ အရင်တုန်းက ရှိခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံနဲ့ ၁၉၇၄ ဆိုရှယ်လစ်ဖွဲ့စည်းပုံ တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါလီမန်မှာ တက် ထိုင်ဖို့ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဒါပေမယ့် အာဏာကို လိုချင်တော့ လက်နက်ကိုင်ထားတဲ့ စစ်တပ်ကပဲ အာဏာသိမ်းခဲ့တာ မဟုတ်လား။ အခု လည်း ဒီလိုပါပဲ၊ စစ်တပ်က အာဏာသိမ်းချင်တယ် ဆိုရင် အချိန်မရွေးသိမ်းလို့ရနေတာ မဟုတ်ဘူးလား။ ထိုင်းနိုင်ငံမှာလည်း စစ်တပ်က အာဏာသိမ်းချင်ရင် အချိန်မရွေး သိမ်းခဲ့တာပဲ။ အာဏာနဲ့ လက်နက် လက်ထဲမှာ ကိုင်ထားနိုင်သူကသာ အာဏာသိမ်းတယ် ဆိုတာကို ပြုလုပ်နိုင်တာပါ။ ဥပဒေထဲမှာ ထည့်ရေးရေး မရေးရေး စစ်တပ်အနေနဲ့ အာဏာ သိမ်းချင်ရင် တခုခုကို အကြောင်းပြပြီး သိမ်းလို့ရနေတာပဲ။ ဒီလို အခြေအနေမျိုးတွေကို လက်တင် အမေရိက၊ အာဖရိကနဲ့ အာရှတိုက်က နိုင်ငံတွေမှာ ခေတ်အဆက်ဆက် တွေ့ဖူးပေါင်းလည်း များခဲ့ပါပြီ။
ပြောရရင်တော့ ငါးဖယ်က ပြောင်းပြန်ဆိုသလို ဗိုလ်ချုပ်ကြီး တချို့သာ အာဃာတတရားကြီးမားနေ သူတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းဟာ အာဃာတ ကြီးတယ်ဆိုတာ ခေတ်အဆက်ဆက် လူထုတွေက သိပါတယ်။ ဗိုလ်ချုပ်နေဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်း အပေါ်မှာ မနာလိုပြီး အာဃာတထားတယ်လို့ သိမီသူ တွေက ပြန်ပြောပါတယ်။ ဝန်ကြီးချုပ် ဦးနုအပေါ်မှာ လည်း အာဃာတထားတယ်လို့ ဆိုပါတယ်။ စစ်ဗိုလ် ချုပ်ချင်း အတူတူတောင် သူ့ကို ဆန့်ကျင်မယ်လို့ ထင်တဲ့သူတွေအပေါ် အာဃာတထားတယ်ဆိုတော့ အရပ်သားဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး။ အဲဒီလို ဗိုလ်ချုပ်နေဝင်း ထားရှိခဲ့တဲ့ အာဃာတကို အခုခေတ် စစ်ဗိုလ်ချုပ်များ ဆက်လက်သယ်ဆောင် နေတယ်လို့ ထောက်ပြလိုပါတယ်။ အာဃာတနဲ့အတူ အတေးအမှတ်၊ အငြိုးဆိုတာက အမြဲတမ်း ကပ်ပါ နေပါတယ်။
မြန်မာပြည်သားတွေဟာ ယဉ်ကျေးမှုအရ သဘာဝအရ ဘာသာတရားအဆုံးအမအရ အတေး အမှတ်အငြိုးဆိုတာ ရင်ဝယ်မပိုက်ပါဘူး။ အာဃာတ တရားနဲ့ အတူတွဲဖက်မနေကြပါဘူး။ ကိုယ့်ကို နှိပ်စက်ခဲ့တဲ့ ဖက်စစ်ဂျပန် စစ်သားတွေကိုတောင် သူတို့နိမ့်ပါးချိန်မှာ လူသားချင်းစာနာပြီး ကူညီခဲ့ကြ တယ် မဟုတ်လား။ ပြည်သူတွေ တောင့်တနေတာက မှန်မှန်ကန်ကန် ဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။ အရင် က ဘယ်လောက်ပဲ ဆိုးခဲ့ ဆိုးခဲ့ လက်ရှိကာလမှာ စေတနာနဲ့အရင်းခံပြီး လုပ်ကိုင်ဆောင်ရွက်နေတယ် ဆိုရင် ခွင့်လွှတ်တတ်တဲ့ လူမျိုးဖြစ်ပါတယ်။ ရမ်းရမ်း ကားကား ပြောဆိုပြုမူတာကို မြန်မာပြည်သားတို့ မကြိုက်ပါ။ ဗိုလ်ကျအနိုင်ကျင့်တာကို မနှစ်သက်ပါ။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD နဲ့ တိုင်းရင်းသားပါတီတွေ အနိုင်ရပြီး ကြံ့ခိုင်ရေးရှုံးနိမ့် ခဲ့ရင် အဲဒီပါတီများကို အာဃာတကြီးမားလို့ အာဏာ မလွှဲနိုင်ဘူးလို့ လုပ်ကြဦးမှာလား။ အခုလက်ရှိအစိုးရ အတည်ပြုထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာတောင် အာဃာတကြီးမားတယ်လို့ ယူဆရင် အာဏာလွှဲပေးစရာမလိုဆိုပြီး ပြဋ္ဌာန်းထားတာ ရှာ မတွေ့ပါ။ အဲတာကြောင့် ဦးတင်အေးပြောသလို ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အနိုင်ရပါတီကို အာဏာလွှဲမပေးတာ ဟိုပါတီက အာဃာတ ကြီးမား လို့ဆိုတဲ့ အကြောင်းပြချက်ဟာ ဥပဒေကြောင်းအရကော၊ နိုင်ငံရေးကျင့်ဝတ်အရကော၊ လူသားကျင့်ဝတ် အရကော အလွဲကြီး လွဲနေပါကြောင်း။
(ဇော်မင်းသည် ဘန်ကောက်မြို့တွင် နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သုံးသပ်ချက်များကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်)