“ကျမသမီး အငယ်ဆုံးက သိပ်ဒေါသကြီးတာ၊ သူ စိတ်တိုရင် မျက်လုံးထဲမှာ ဘာမှ မမြင်တော့ဘူး။ အကုန်လုံး ကန်ကျောက်ပစ်တာပဲ။ ဒါကြောင့်မို့လို့ သူ့ကို စိတ်တိုအောင် သွားမစနဲ့ လို့ အိမ်က ကလေးတွေကို မှာထားရတယ်”
“ ကျမသားက သိပ်စိတ်ကြီးတာလေ၊ ဒါဆိုရင် ဒါပဲ” ဆိုတဲ့ စကားမျိုးကို မကြာခဏ ဆိုသလိုပဲ မိဘများဆီကနေ ကြားရ တတ်ပါတယ်။
ဒေါသကြီးတယ်၊ စိတ်တိုတယ်၊ စိတ်တိုရင် လက်ပါတတ်တယ်။ တယောက်ယောက်ကို တခုခုမှ မလုပ်ရရင် ကိုယ့်အသားကိုယ် နာအောင် လုပ်လိုက်ရမှ စိတ်ပြေတယ် ဆိုတဲ့ စကားမျိုးတွေဟာလည်း ကျမတို့ လူမှုဝန်းကျင်မှာ ကြားရတတ် ပါတယ်။
နောက်ထပ် ကြားရတဲ့ စကားကတော့ လူဖြောင့်စိတ်တို ဆိုတဲ့ စကားပါ။ စိတ်တိုတတ်တဲ့ သူဟာ ဖြောင့်စင်းရိုးသားတဲ့လူ ဆိုတော့ စိတ်မတိုတတ်တဲ့ သူဟာ မဖြောင့်စင်း မရိုးသားသောသူ လို့ အလိုလို အနက်အဓိပ္ပာယ် ထွက်သွားပါတော့တယ်။ တကယ်တော့ စိတ်တိုတယ်၊ ဒေါသထွက်တယ် ဆိုတာဟာ လူတိုင်းလူတိုင်း ဖြစ်တတ်တဲ့ စိတ်ခံစားချက် သဘာဝကိစ္စပါ။ လူတော်တော်များများ ပြောနေကြတဲ့ လူဖြောင့်စိတ်တိုတို့၊ စိတ်ကြီးတယ် တို့၊ စိတ်ဆတ်တယ်တို့ ဆိုတဲ့ အရာများကတော့ ကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်၊ ထိန်းသိမ်းနိုင်စွမ်း အားနည်းခြင်း (Self Control) အားနည်းတာပါပဲ။
တကယ်တော့ ကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ် ထိန်းသိမ်းနိုင်စွမ်း ရှိတဲ့ စွမ်းရည်ဟာ ကလေးတယောက် (လူတယောက်) အတွက် မရှိမဖြစ် လိုအပ်တဲ့ စွမ်းရည်များ ပါပဲ။ ကလေးတို့ကို ငယ်ငယ်ကတည်းက ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိတဲ့ စွမ်းရည်ရှိအောင်လို့ လေ့ကျင့်ပေးဖို့ လိုပါတယ်။
ကလေးတို့ ဘာကြောင့်စိတ်တိုလဲ
ကလေးတို့ဟာ အကြောင်း အမျိုးမျိုးကြောင့် စိတ်တိုတတ်၊ ငိုယိုတတ်၊ ဂျီကျတတ် ပါတယ်။ စိတ်တိုတာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ စတဲ့ ခံစားချက် အမျိုးမျိုးကို မွေးစမှာ ကတည်းက ကလေးတို့ လုပ်တတ်နေကြ ပါပြီ။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ ခံစားချက်ကို နာမည်၊ ခေါင်းစဉ် မတပ်တတ်သေး ပါဘူး။ ကလေးတို့ စိတ်တိုရင် စိတ်တိုမှန်း သိအောင် (သမီး စိတ်တိုတယ်၊ သားစိတ်တိုတယ် လို့ ပြောတတ်အောင်)၊ ဝမ်းနည်းရင် ဝမ်းနည်းမှန်း သိအောင် (ငိုချင်တယ်၊ ဝမ်းနည်းတယ် စသဖြင့် ပြောတတ်အောင်) လို့ လုပ်ပေးဖို့ သိပ်ကိုမှ အရေးကြီးပါတယ်။
ကျမတို့ ဦးနှောက်မှာ ဘယ်ဘက်ခြမ်း၊ ညာဘက်ခြမ်း ဆိုပြီးတော့ နှစ်ခြမ်း ရှိတဲ့ အထဲက ဦးနှောက်ရဲ့ ညာဘက်ခြမ်း (ခံစားချက်ကို ခံစားတဲ့ အပိုင်း) က စိတ်တိုတာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ စတာတွေကို လုပ်ပေးပါတယ်။ လူတယောက် ( ကလေးတယောက်) စိတ်တိုနေတယ်၊ ဒေါသတွေကြီးနေတယ် ဆိုတာဟာ တကယ်တော့ သူ့ရဲ့ ဦးနှောက် ညာဘက်ခြမ်းက အလုပ်လုပ်နေတာ ပါပဲ။ အဲလိုလုပ်နေတုန်းမှာ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်း (ခံစားချက်ကို စကားလုံး တွေနဲ့ ပုံဖော်တဲ့ အခြမ်းက အလုပ် မလုပ်သေးပါဘူး)။
ဒါပေမယ့် ကလေးက စိတ်တိုနေချိန်မှာပဲ သားစိတ်တိုတယ်၊ သမီး စိတ်တိုတယ်၊ သူက ဒီလိုလုပ်လိုက်လို့ သမီး အရမ်း ဒေါသထွက်တယ် စသဖြင့် ပြောပြီ ဆိုရင်တော့ ကလေးတို့ရဲ့ ဦးနှောက် ဘယ်ဘက်ခြမ်းပါ စတင် အလုပ်လုပ်လာပါပြီ။ ဒီလို နှစ်ခြမ်းစလုံး အလုပ်လုပ်ဖို့ သိပ်ကိုမှ အရေးကြီးပါတယ်။ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းဟာ ကျိုးကြောင်းကျနစွာ စဉ်းစား တွေးခေါ်ခြင်း ဆိုတဲ့ အလုပ်ကို လုပ်ပါတယ်။ ညာဘက်ကတော့ ခံစားတဲ့ အလုပ်ကို လုပ်ပါတယ်။
ဒါကြောင့်မို့လို့ ကလေးတို့ရဲ့ စိတ်တိုတာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းတာ စတာတွေကို စကားလုံးတွေနဲ့ ပြောတတ်ဖို့ လိုတယ်၊ သိဖို့ ပြောဖို့ လိုတယ်လို့ ကလေးစိတ်ပညာရှင်များက ပြောကြတာပါပဲ။
ဒေါသထွက်နေတဲ့ ကလေးကို ဘယ်လိုလုပ်မလဲ
ကလေးတို့ဟာ အကြောင်းမယ်မယ်ရရ မဟုတ်ဘဲနဲ့လည်း စိတ်တိုတတ်၊ ဂျီကျတတ်ပါတယ်။ ဒေါသထွက်နေတဲ့ ကလေးကို “မင်းက ဘာကြောင့် ဒေါသထွက်နေတာလဲ၊ အခု တိတ်ဆိုတိတ်၊ ငါ ထတီးလိုက်ရ” စသဖြင့် အကြောက်နဲ့ ငြိမ်သက်သွားအောင်လို့ လုပ်ခြင်းဟာ ကလေးတို့ရဲ့ စိတ်ကို (ဦးနှောက် ညာဘက်ခြမ်းက ခံစားမှုကို) ကလေးကိုယ်တိုင် လျစ်လျူရှုတတ်သွားအောင်၊ တနည်းပြောရမယ် ဆိုရင်တော့ ခံစားချက်ထုံထိုင်းသွားအောင် လုပ်သလို ဖြစ်သွားတတ်ပါ တယ်။
ဒါကြောင့်မို့ ဒေါသထွက်နေတဲ့ ကလေးကို အကြောက်တရားနဲ့ခြောက်ပြီး မတားရပါဘူး။ ဒေါသထွက်တယ်၊ စိတ်တိုတယ် ဆိုတာဟာ စိတ်တိုစရာ၊ ဒေါသထွက်စရာ ရှိလို့ ပါ။ ဒါဟာ ပုံမှန် စိတ်ခံစားချက်ပါပဲ။ ဒီခံစားချက်ကို မခံစားရဘူး (တနည်းပြောရရင်) ဒေါသမထွက်ရဘူးလို့ မတားမြစ်ရပါဘူး။
မတားမြစ်ရဘူး ဆိုတော့ လွှတ်ပေးရမလား လို့ မေးစရာ ဖြစ်လာပါပြီ။ ကလေးက ဒေါသကြီးတယ်၊ ငြိမ်ငြိမ်နေကြ ဆိုပြီးတော့ ကလေးဒေါသကို ထွက်ချင်သလောက် ထွက်နေအောင်လို့ လွှတ်ပေးတာဟာလည်း မကောင်းပါဘူး။ ကလေးက ဒေါသထွက်ထွက်နဲ့ အော်ဟစ်သောင်းကျန်း၊ ပစ္စည်းတွေ ကိုင်ပေါက်၊ လူတွေကို ထိုးရိုက်တာမျိုးတွေကို လုပ်နေချိန်မှာ ကလေး ဒေါသထွက်နေတာပဲ ဆိုပြီးတော့ လွှတ်မထားရပါဘူး။
ကလေးတို့ ကိုယ့်ဒေါသကိုယ် ထိန်းနိုင်ဖို့၊ တနည်းပြောရရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်တဲ့ အတတ်ကို တတ်စေဖို့ အတွက် ငယ်ငယ်ကတည်းက ကလေးတို့ကို စတင်လေ့ကျင့်ပေးရပါမယ်။ ခြောက်လကျော်၊ တနှစ်လောက်ကတည်းက ကလေးတို့ ဒေါသထွက်လာပြီ ဆိုရင် လူကြီးက ပွေ့ဖက်တာ၊ အရုပ်ကလေး ပေးပြီးတော့ နှစ်သိမ့်တာ စတာမျိုးလေးတွေနဲ့ ဒေါသကို ပြေလျော့သွားအောင်လို့ လုပ်ပေးဖို့ လိုပါတယ်။
အိမ်ရဲ့ထောင့် နေရာမှာပဲ ဖြစ်ဖြစ်၊ ကလေးအခန်းထဲမှာပဲ ဖြစ်ဖြစ် နေရာလေး တနေရာ လုပ်ထားပေးပြီးတော့ ကလေးရဲ့ ဒေါသကို ပြေပျောက်အောင်လည်း လုပ်ပေးလို့ ရပါတယ်။ မိဘများ သတိပြုဖို့ တချက်က ဒီနေရာလေးဟာ ကလေး ဒေါသ ထွက်နေလို့ ကလေးကို ဒါဏ်ပေးတဲ့နေရာ မဟုတ်ပါဘူး။ ထွက်နေတဲ့ ဒေါသကို ပြေလျော့ သွားစေဖို့ အတွက် (တနည်းပြောရရင်) ငြိမ်ငြိမ်လေး ဒေါသထိုင်ထွက်နေဖို့ အတွက် ကလေးကို လုပ်ပေးထားတဲ့ နေရာလေးပါ။
အဲဒီနေရာမှာ ငြိမ်ငြိမ်ထိုင်ရင်း ကလေးဟာ သူ့ အရုပ်လေးကို သူခံစားတာတွေကို ပြောချင်ပြောမယ်၊ စာရွက်ထဲမှာ သူ ချရေးရင်လည်း ရေးမယ်၊ ၁-၂-၃-၄ ရေချင်လည်း ရေမယ်။ သူကြိုက်တဲ့ ဒေါသဖြေနည်းနဲ့ သူ့ဒေါသကို ပြေအောင်လို့ သူ့ဘာသာ ဖြေလျော့ပါလိ့မ်မယ်။ ဒီလိုနဲ့ ကလေးဟာ ကိုယ်ထွက်နေတဲ့ ဒေါသကို ပြေပျောက်အောင် လုပ်ဖို့အတွက် နည်းလမ်းတွေ အများကြီးရှိတယ် ဆိုတာကို သဘောပေါက်လာပါတော့တယ်။
ဒေါသထွက်တာဟာ တခုခုကို ကန်ကျောက်ပစ်မှ၊ တယောက်ယောက်ကို ထိုးကြိတ်လိုက်ရမှ၊ တယောက်ယောက်ကို နင်ပဲငဆ နာကျင်အောင် ပြောလိုက်ရမှာ ပြေလျော့နိုင်တဲ့ အရာ မဟုတ်ဘူး ဆိုတာကို ကလေးဟာ ငြိမ်ငြိမ်ကလေး ဒေါသဖြေရင်းနဲ့ သဘောပေါက်လာပါ လိမ့်မယ်။ ဒီလို သဘောပေါက်လာတာနဲ့ အမျှ စိတ်ဆိုးတာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းတာ စတဲ့ စိတ်ခံစားချက် မှန်သမျှကို မှန်ကန်တဲ့ နည်းနဲ့ သူ ဖြေရှင်းတတ်လာ တော့တာပါပဲ။ ဒီလို မှန်ကန်တဲ့ နည်းနဲ့ ဖြေရှင်းတတ်လာတာကိုပဲ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိတဲ့ စွမ်းရည် (Self Control) ရှိတယ် လို့ ဆိုတာပါပဲ။
တကယ်တော့ လူကြားထဲ ဒေါသထွက်တာ၊ ကိုယ့်စိတ်ကို မထိန်းနိုင်တာ၊ ရိုင်းစိုင်းစွာ အော်ဟစ်တာ၊ မစာမနာ ပြောတာ တွေဟာ ရှက်စရာ ကောင်းတဲ့ အရာများပါ။ ကျမတို့ အားလုံးဟာ ဒေါသကင်းစင်တဲ့ သူတော်စင်တွေ မဟုတ်တာမို့လို့ လူတိုင်းမှာ ရှိတဲ့ ဒေါသစိတ်ဟာ လူပီပီ ရှိပေမယ့် လူကြီးလူကောင်း ပီသစွာနဲ့ ကိုယ့်ဒေါသစိတ်ကိုကိုယ် မှန်ကန်တဲ့နည်းနဲ့ ဖြေလျော့တတ်ဖို့ လိုပါတယ်။
ဒါဆိုရင်ဖြင့် စိတ်တချက်လွတ်သွားလို့ အမှားတွေ့ရတယ် ဆိုတဲ့ အဖြစ်မျိုးတွေကို ကျမတို့ ရှောင်နိုင်ကြမှာပါ။ ကိုယ့်ကိုယ် ကို ထိန်းချုပ်နိုင်တဲ့၊ ကိုယ့်ဒေါသကို ဖြေလျှော့နိုင်တဲ့ စွမ်းရည်ရှိတဲ့ လူတွေ များပြားလာပြီ ဆိုရင်တော့ လူကြီးလူကောင်း ဆန်တဲ့ လူ့ အဖွဲ့စည်းတရပ် အနာဂါတ်မှာ ပေါ်လာမှာ အသေအချာပါပဲ။ ဒါကြောင့်မို့လို့ ကလေးတို့ကို စိတ်ကြီး၊ ဒေါသကြီးတဲ့ ကလေးများ အဖြစ်ကနေ စိတ်ကို ထိန်းနိုင်တဲ့ ကလေးများ ဖြစ်လာဖို့ လေ့ကျင့်ပေးကြပါဦး။ ။