ကနေ့မြန်မာပြည် နိုင်ငံရေးအခင်းအကျင်းဟာ စိတ်ပျက်စရာတွေ၊ ကြေကွဲစရာတွေ၊ ဝမ်းနည်းစရာတွေ၊ လှည့်စားတာတွေ၊ လစ်လျှူရှုတာတွေ၊ အကြမ်းဖက်မှုတွေ၊ ဗိုလ်ကျအနိုင်ကျင့်တာတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲသလို အဖြစ်အပျက်တွေကို ဆက်တိုက်ရင်ဆိုင်နေရတဲ့ လူ့အဖွဲ့အစည်းဟာ အကောင်းဖက်ကို ဦးတည်ဖို့ဆိုတာ မလွယ်လှပါ။ အကောင်းဖက်ကို ဦးတည်တဲ့ အပြောင်းအလဲတွေ မရှိဘဲ ဒီအတိုင်းဆက်သွားနေရင် ဒီနိုင်ငံဟာ တစုံလုံးသော အမျိုးသားရေးပြိုကွဲမှုကို နောက်တကြိမ် ရင်ဆိုင်ရဖွယ် ရှိပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်ရအောင်ပါ။ လွတ်လပ်ရေးရပြီး ရက်ပေါင်း ၉ဝ လောက်ပဲ ရှိတဲ့အချိန်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်ပါတယ်။ နောက်တနှစ်မှာတော့ ကရင်အမျိုးသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေး စခဲ့ပါတယ်။ အစိုးရအုပ်ချုပ်မှုအောက်က ကရင်တပ်များ တောခိုကြပါတယ်။ တဆက်ထဲဆိုသလို နောက်ပိုင်း နှစ်များမှာ တိုင်းရင်းသားနယ်မြေ အသီးသီးမှာ လက်နက်ကိုင် တော်လှန်ရေးတပ်တွေ ပေါ်ပေါက်လာပါတယ်။ ခရစ်ယာန် ဘာသာကိုးကွယ်သူ ကချင်တွေ အစိုးရကို လက်နက်ကိုင် တော်လှန်တာဟာ တခြားတိုင်းရင်းသားမျာနဲ့ နှိုင်းစာရင် အတော်လေး နောက်ကျပါတယ်။ မှတ်မိ သလောက်ဆိုရင် ၁၉၆ဝ နောက်ပိုင်းလို့ ထင်ပါတယ်။ အဲဒီအချိန်က ဝန်ကြီးချုပ် ဦးနုရဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အသိအမှတ်ပြုလိုက်တဲ့ နောက်ပိုင်းမှာ ဆက်တိုက်ဖြစ်ပေါ် လာခဲ့ခြင်းပါ။ ချင်းတောင်တန်း တခုမှာပဲ သူပုန်သကန် မရှိခဲ့ပါ။ ဒါပေမဲ့ ၁၉၈ဝ ခုနှစ်များ နောက်ပိုင်းမှာတော့ ချင်းတောင်တန်းမှာလည်း လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲဖို့ လှုပ်ရှားမှုတွေ ရှိလာခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ တော့ စီအန်အက်ဖက် ချင်းတော်လှန်ရေး အဖွဲ့အစည်းဟာ လူသိထင်ရှားဖြစ်လာခဲ့ပါတယ်။
အမျိုးသားရေး ပြိုကွဲမှုဟာ မြန်မာနဲ့ တိုင်းရင်းသားများအကြား ယုံကြည်မှုပျက်ပြားတာကြောင့် ဖြစ်ပွားရတယ်လို့ ယေဘုယျ မြင်ကြပါတယ်။ တကယ်ကတော့ အမျိုးသားရေးပြိုကွဲမှုဟာ မြန်မာချင်း အကြားမှာလည်း ဖြစ်ပွားနိုင်သလို ရှမ်းအချင်းချင်း၊ ရခိုင်အချင်းချင်း၊ မွန်အချင်းချင်း ကြားမှာလည်း ဖြစ်ပွားနိုင်တဲ့ ကိစ္စရပ်တခုပါ။
မြန်မာပြည်ဟာ လွတ်လပ်ရေးရအပြီး မကြာခင်မှာ အမျိုးသားရေးပြိုကွဲမှုကို ပထမအကြိမ် ရင်ဆိုင်ခဲ့ရပြီးပါပြီ။ ဒီလို အခြေအနေထိ ရောက်သွားအောင် စတင်မှားခဲ့တဲ့သူတွေကတော့ ထိပ်ပိုင်းမြန်မာနိုင်ငံရေး ခေါင်းဆောင်တွေကြောင့်လို့ ပြောရမှာပါပဲ။ သူတို့အချင်းချင်းကြားမှာ တည်ရှိနေတဲ့ သဘောထားကွဲမှု၊ ယုံကြည်မှုပျက်ပြားခြင်း၊ ဒီမိုကရေစီကို ဖက်တွယ်ရမယ့်အစား လက်နက်နဲ့အာဏာကို ဖက်တွယ်ထားခြင်း စတာတွေက ပြည်တွင်းစစ် ဖြစ်ပွားလာအောင် တွန်းပို့ ခဲ့တာပါ။ မြန်မာပြည်လွတ်လပ်ရေး မရခင်ကာလလေးမှာ စစ်အတွင်းတုန်းက အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ ဝင်စတန် ချာချီက ဒီလိုပြောခဲ့ပါတယ်။ လွတ်လပ်ရေးရရင် သူတို့အချင်းချင်း ချကြလို့ ပြည်တွင်းစစ်အထိ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ အဲသလို မှတ်ချက်ချတာကို မြန်မာနိုင်ငံရေးသမားတွေဖက်က ဘယ်လိုမြင်သလဲဆိုတော့ ကိုလိုနီနယ်ချဲ့က လွတ်လပ်ရေးပေးရမှာ တွန့်တိုနေတာကြောင့် ဒီလိုစကားမျိုးပြောတယ်လို့ ပြန်ပြီးဝေဖန်ကြပါတယ်။ တကယ်တန်းမှာတော့ ပြည်တွင်းစစ် ဖြစ်ခဲ့ရတာ ဘယ်သူမှ မငြင်းနိုင်တဲ့အချက်ပါ။
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းဖို့ အခွင့်အလမ်းရသွားခဲ့တာက မြန်မာ ခေါင်းဆောင် အချင်းချင်းကြားမှာ မညီညွှတ်လို့ ယုံကြည်မှုပျက်ပြားခဲ့ရလို့ ဖြစ်ခဲ့တာလို့ သုံးသပ်လိုပါတယ်။
အရပ်သားနိုင်ငံရေးခေါင်းဆောင် မြန်မာတွေနဲ့ စစ်ခေါင်းဆောင် မြန်မာတွေအကြား ပြိုကွဲခဲ့ရတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒါ အပြင် ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် အာဏာရဲ့ တပ်မက်ဖို့ကောင်းတဲ့ သဘောကို သိသွားတာကလည်း တပိုင်းလို့ ဆိုနိုင် ပါတယ်။ နောက်တချက်ကတော့ ဗိုလ်ချုပ် နေဝင်း ဘုန်းမီးနေလတောက်ပစဉ် အခါက မကြာခဏပြောခဲ့ဖူးတာရှိပါတယ်။ အဲဒါက ဘာတုန်းဆိုတော့ ဗမာ့တပ်မတော် ဟာ ရိုးရိုးဖွဲ့ခဲ့တာမဟုတ်ဘူး။ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားတွေနဲ့ ဖွဲ့ခဲ့တာလို့ ကြွားလုံးထုတ်လေ့ရှိပါတယ်။ သူဆိုလိုတဲ့ နိုင်ငံရေးသမားဆိုတာက နယ်ချဲ့အင်္ဂလိပ်ကို အာခံခဲ့တဲ့ နိုင်ငံရေးခေတ်က နိုင်ငံရေး သမားကို ဆိုလိုတာပါ။
အမှန်ကတော့ နိုင်ငံရေးသမားဟာ တပ်မတော်ထဲဝင်ပြီး အမှုထမ်းတယ် ဆိုကတဲက စစ်သားဖြစ်သွားပါပြီ။ နိုင်ငံရေးသမား မဟုတ်တော့ပါ။ ပရောဖက်ရှင်နယ် စစ်သားပီပီသသ ဖြစ်ဖို့ပဲ လိုပါတော့တယ်။ အဲသလိုမှ မဟုတ်ဘဲ နိုင်ငံရေးသမားက စစ်ယူနီဖောင်း ဝတ်ထားတဲ့ အခြေအနေမျိုးဆိုရင် ဒါဟာ ပြဿနာလို့ ရှုမြင်ရတော့မှာပါ။ ဥပမာ ဆိုရရင် ဗိုလ်ချုပ်နေဝင်း ကိုယ်တိုင်လည်း သခင်နိုင်ငံရေးသမား ဖြစ်ခဲ့သလို သူ့ရဲ့ ညာလက်ရုံး ဗိုလ်အောင်ကြီးဟာလည်း တကယ်တန်းတော့ ယူနီဖောင်း ဝတ်ထားတဲ့ နိုင်ငံရေးသမားပါ။ ပီဘိစစ်သားစိတ် ရှိသူများမဟုတ်ပါ။ စစ်သားက စစ်သားလို မကျင့်ကြံဘဲ အရပ်သား နိုင်ငံရေးသမားလို စဉ်းစားတွေးခေါ် လုပ်ကိုင်မယ်ဆိုရင် အာဏာကို သိမ်းယူတဲ့လမ်းမှာသာ ဂိတ်ဆုံးရပါတယ်။ သမိုင်းကလည်း အဲသလို အတိအကျ ပြဆိုထားပြီးပါပြီ။ အရပ်သားနိုင်ငံရေးခေါင်းဆောင် အချင်းချင်း အကြား ယုံကြည်မှု ပြိုကွဲခဲ့ရလို့ နှစ်ရှည်လများ စစ်အာဏာသိမ်းတဲ့အထိ ဖြစ်ခဲ့ရပြီး အညှောင့်ပေါက်ခါစ ပါလီမန်ဒီမိုကရေစီလည်း သေဆုံးခဲ့ရ ပါတယ်။ ဒါဟာ ပထမအကြိမ် အမျိုးသားရေးပြိုကွဲခဲ့ခြင်းလို့ ဆိုနိုင်ပါတယ်။
အမျိုးသားရေး ပြိုကွဲမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ် နေရာအနှံ့ ဖြစ်ပွားခဲ့တာကြောင့် တိုင်းပြည်စီးပွားရေး ပျက်ခဲ့ ပါတယ်။ ပညာရေးကျန်းမာရေး နိမ့်ကျခဲ့ရပါတယ်။ အာဏာရှင်စနစ် သက်ဆိုးရှည်ပြန်ပါတယ်။ အာဏာရှင်စနစ် သက်တန်းကြာ လာတာရယ် တိုင်းပြည် အဖက်ဖက်ကနိမ့်ပါး လာတာတွေက ဆက်လက်ပြီး အမျိုးသားရေးပြိုကွဲမှု ဖြစ်စေဖို့ တွန်းအားသဖွယ် ဖြစ်လာပြန်ပါတယ်။ အာဏာရှင်စနစ်ဆိုတော့ ပါဝါအပျော့ကို သုံးတာထက် ပါဝါအမာကို သုံးရတာ ပိုပြီးအာသီသ ရှိတာကြောင့်လို့ ပြောနိုင်ပါတယ်။ ပါဝါအမာကို သုံးရတော့ ဗိုလ်ကျတာတွေ၊ နှိပ်စက်တာတွေ၊ တကိုယ်ကောင်းဆန်တာတွေ၊ ခွဲခြားတာတွေ ရှိလာပါတယ်။ အဲသလို ရှိလာတာကြောင့် တိုင်းရင်းလူမျိုးပေါင်းစုံနဲ့သာမက မြန်မာချင်းလည်း ယုံကြည်မှုကင်းမဲ့ လာရပါတယ်။ နိုင်ငံသားများ အချင်းချင်း၊ နိုင်ငံသားများနဲ့ အစိုးရအကြား၊ တိုင်းရင်း သား တမျိုးနဲ့တမျိုးအကြား ယုံကြည်မှု ကင်းမဲ့ နေရခြင်းအကျိုးဆက်ကြောင့် တိုင်းပြည် ဖွတ်သထက်ညစ်ရပါတယ်။
အခုလက်ရှိကာလမှာ အစိုးရက အရပ်သားအစိုးရလို့ ပြောပေမယ့် ဘယ်သူကမှ မယုံပါဘူး။ ညစ်နည်းမျိုးစုံ သုံးပြီး အစိုးရဖြစ်လာတာ လူတိုင်းသိနေလို့ပါ။ ၂ဝဝ၈ နာဂစ်အခြေခံဥပဒေ ကြောင့်လည်း ပိုဆိုးပါတယ်။
ဒါကြီးသက်ဆိုးရှည်နေသမျှ တိုင်းရင်းသားများ အားလုံးကြားမှာ တန်းတူရည်တူ ရှိတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ ဆိုတာ ဝေးသထက် ဝေးနေဦးမှာပါပဲ။ တန်းတူရည်တူ မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ယုံကြည်မှုကို တည်ဆောက်ကြမှာလဲ။ ယုံကြည်မှုကို အရင်သက်သက် ပထမဆုံး တည်ဆောက်လို့ မရပါ။ တန်းတူရည်တူရှိကြောင်း သက်သေပြဖို့ အရင်ဆုံး လိုအပ်ပါတယ်။ ဒါကြောင့် နာဂစ်ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အားလုံးသော အင်အားစုတွေက တိုက်တွန်းနေခြင်း ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးတွေကြားမှာ ကိုပါကြီးလို အဖြစ်အပျက်မျိုးတွေ၊ လက်ပံတောင်းတခုလုံးနဲ့ ဒေါ်ခင်ဝင်း ကိစ္စမျိုးတွေ၊ ကချင် ဆရာမနှစ်ဦးရဲ့ ကြေကွဲဖွယ် အဖြစ်ဆိုးတွေ၊ အိုးမဲ့အိမ်မဲတွေနဲ့ ဘူဒိုဇာတွေ၊ တောင်ပေါ်ဒေသက တိုက်ပွဲတွေ၊ စစ်ရှောင်ဒုက္ခ သည်တွေ၊ ကိုးကွယ်ရာဘာသာ ပြောင်းလဲခြင်းဆိုင်ရာ ဥပဒေ အတည်ပြုဖို့ ကြိုးစားနေတာတွေ၊ အဲတာနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာဝင် မဟုတ်သူများဖက်က စိုးရိမ်ထိတ်လန့်နေမှုတွေ၊ မွတ်စလင်ဆန့်ကျင်ရေးကို မီးထိုးပေး နေတာတွေ၊ တရုတ်ကုမ္ပဏီတွေ လုပ်ချင်သလိုလုပ်နေတာတွေ၊ နိုင်ငံသား မဖြစ်သေးသူတွေကို မဲပေးခွင့် အခွင့်အရေး ပေးတာတွေ၊ ရိုင်းရိုင်းပြပြ စကားပြောတဲ့ ဝန်ကြီးတွေ၊ မဖြစ်နိုင်တာတွေ အဓိပ္ပါယ်မဲ့တာတွေကို အလုပ်ထင်ပြီး ပြောနေတဲ့ အမတ်တွေ၊ ငြိမ်းချမ်းရေးမရတာ တိုင်းရင်းသားလက်နက် ကိုင်တွေကြောင့်လို့ စွပ်စွဲတာမျိုးတွေ၊ ဒါတွေအားလုံးဟာ မြန်မာပြည်မှာ နောက်တချီ အမျိုးသားရေးပြိုကွဲဖို့အတွက် လောင်စာတွေ ဖြစ်နေပါတယ်။
အခုလက်ရှိမှာလည်း ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေကို ပြင်ဆိုင်ဖို့ လမ်းလျှောက်ဆန္ဒပြတယ်။ အစိုးရက ဆွေးနွေးမယ်လို့ ပထမကမ်းလှမ်းတယ်။ ဟုတ်မလိုလိုနဲ့ တကယ်တန်း ပြောကြဆိုကြတော့ ဝန်ကြီးဦးအောင်မင်းက ကျောင်းသားတွေ သပိတ်လှန်ဖို့ပဲ ဖိပြောနေတယ်။ ဘာမှ ရေရေရာရာလည်း မဆွေးနွေးရသေးဘူး ဘာသဘော တူညီချက်မှလည်း အဖတ်မတင်သေးခင် ဘယ်သူက သပိတ်လှန်မှာလဲ။ ကျောင်းသားတွေဖက်က ပြောထားပြီးသားပါ။ သူတို့အနေနဲ့ အခုလို ဆန္ဒပြနေတာဟာ အစိုးရပြုတ်ကျအောင် လုပ်နေတာမဟုတ်ဘူး။ ပညာရေးလွတ်လပ်ခွင့် ပညာရေး အဆင့်အတန်း မြင့်မားလာဖို့ လုပ်နေတာပါလို့ အတိအလင်း ပြောထားပါတယ်။ ဒီကြားထဲမှာ ပညာရေးဝန်ကြီးကလည်း ဥပဒေကိုတော့ဖြင့် စမ်းသုံးကြည့်ပါဦး နောင်မှာ လိုတိုးပိုလျှော့ လုပ်တာပေါ့ဆိုတဲ့ စကားမျိုးပြောသေးတယ်။
ဥပဒေတခုဟာ အစကထဲက မကောင်းတဲ့ အချက်တွေပါနေတာ လူတိုင်းသိထားပြီးသားပါ။ မကောင်းတဲ့ ဥပဒေကို စမ်းသုံးကြည့်ပါဦးလို့ ပြောနေတာက မစွံတဲ့ပစ္စည်းကို ရောင်းလိုဇောနဲ့ ပြောနေတဲ့ ကုန်တိုက်က အရောင်းစာရေးမလို ဖြစ်နေတယ်။
တကယ်တန်းပြောရရင် တချိန်က အမျိုးသားရေး ပြိုကွဲခဲ့ရလို့ တိုင်းပြည်ဟာ အောက်တန်းနောက်တန်းကျခဲ့တယ်။ အဲဒါရဲ့ အကျိုးဆက်အဖြစ် ပညာရေးလည်း သူများနောက်မှာ ရောက်ခဲ့ရတယ်။ အခုလို ဒီမိုကရေစီကို သွားနေပြီ ခေတ်ပြောင်း နေပြီဆိုတဲ့ ကာလမျိုးမှာ အောက်တန်းကျခဲ့ရတဲ့ ပညာရေးကို ပြန်လည်ဆယ်မဖို့ ကျောင်းသားတွေ ကြိုးစားနေခြင်းဟာ သာဓုခေါ်စရာ မဟုတ်ဘူးလား။ ဒါပေမဲ့ တနေ့ကပဲ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲ ခံလိုက်ရပါတယ်။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေတောင် အကြမ်းဖက်ခံရမှတော့ ကျန်တာကတော့ ပြောနေဖို့တောင် မလိုတော့ပါ။ ချုပ်ပြောရရင်တော့ အစိုးရအနေနဲ့ တရားမျှတမှုကို မျက်ကွယ်ပြုပြီး ဒီအတိုင်း ဆက်သွားနေလို့ကတော့ မြန်မာပြည်ဟာ နောက်ထပ်တကြိမ် အမျိုးသားရေး ပြိုကွဲမှုကို ထပ်မံရင်ဆိုင်ရလိမ့်မည်ဖြစ်ပါကြောင်း။
(ဇော်မင်းသည် ဘန်ကောက်မြို့တွင် နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သုံးသပ်ချက်များကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်)