ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို တောင်းဆိုလာခဲ့တဲ့ ဆန္ဒပြကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွဲလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့စစ်ဘက်အသွင်ပြောင်း အရပ်သားအစိုးရဟာ သူကိုယ်တိုင်နဲ့ ကျောင်းသားတွေအကြား အမုန်းတရားတစ်ခုကို ပြန်လည်အသက်သွင်းလိုက်ပြန်ပါတယ်။ ရှေ့နောက် မစဉ်းစားမဆင်ခြင်ပဲ ဆောင်ရွက်လိုက်မှုတခုကြောင့် ဘယ်လိုအကျိုးဆက်မျိုးပေါ်ထွက်လာမလဲဆိုတာတော့ ခန့်မှန်းရခက်ပါတယ်။
မတ်လ ၁၀ ရက်နေ့မှာ ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှာ ရက်အတန်ကြာ ပိတ်ဆို့ခြင်းခံထားရတဲ့ ဆန္ဒပြကျောင်းသားတွေ နဲ့ သူတို့ကို ထောက်ခံသူတွေကို နံပါတ်တုတ်တွေကိုင်ဆောင်ထားတဲ့ ရဲတွေက အကြမ်းဖက်ရိုက်နှက်ခဲ့ပြီး လူ ၁၂၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ရဲတွေက ဆန္ဒပြသူရော ကျောင်းသူရော ဘုန်းကြီးရော ဂျာနယ်လစ်ရော ဘာသောညာသော မခွဲခြားဘဲ အကုန်ရိုက်ခဲ့တဲ့ ဒီအကြမ်းဖက်မှုကို မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို နိုင်ငံတကာက တွေ့မြင်ခဲ့ပြီး ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက်နှိမ်နှင်းမှုအတွင်း လူနာတင် ကားပေါ်က ဒဏ်ရာရသူတွေကို ရိုက်နှက်တာနဲ့ ကျောင်းသားတွေအသုံးပြုတဲ့ကား တစီးကို ဝိုင်းဝန်း ဖျက်ဆီးတာကတော့ ရဲကျင့်ဝတ်နဲ့မညီတဲ့ အတော့်ကို ဆိုးရွားတဲ့ အပြုအမူပဲဖြစ်ပါတယ်။
ဒါပေမယ့် ပညာရေး အပြောင်းအလဲကို တောင်းဆိုတဲ့ ကျောင်းသားတွေအပေါ် ဒီလိုမျိုး အကြမ်းဖက်မှုမျိုးကို က ကျနော်တို့ မတွေ့ခဲ့ဖူးတာတော့ မဟုတ်ပါဘူး။ ၁၉၆၂ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်တပ်က အာဏာသိမ်းစဉ်ကတည်းက ကျောင်းသားတွေနဲ့ စစ်အစိုးရတွေအကြား သမိုင်းတလျှောက် ကြီးမားတဲ့ အာဃာတ တရားတွေရှိနေခဲ့ တာပါ။ ဒါပေမယ့် ဒါဟာ ကျောင်းသားမျိုးဆက်တွေက ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ ဦးစီးဦးဆောင်ပြုခဲ့လို့ လုံး၀ မဟုတ်ပါဘူး။ ဒီမိုကရေစီကို တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေဟာ ဒီမိုကရေစီအစား စစ်အစိုးရရဲ့ အာဃာတရန်ငြိုးထားမှုကိုပဲ ခံခဲ့ရတာပါ။
အာဏာရှင်ဦးနေဝင်း ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီး မကြာခင်မှာ သူရဲ့စစ်အစိုးရဟာ ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းက သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ နောက် ကျောင်းသားမျိုးဆက်သစ် တဆက်ပြီးတဆက် ယခင်စစ်အစိုးရတွေကို ကျောင်းသားသမဂ္ဂအဆောက်အဦးကို ပြန်လည်တည်ဆောက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အချီးနှည်းပဲ ဖြစ်ခဲ့ရပါတယ်။ လက်ရှိ အာဏာရအစိုးရဖြစ်တဲ့ ဦးသိန်းစိန်အစိုးရကလည်း ကျောင်းသားတွေရဲ့ ဒီတောင်းဆိုမှုကို ခွင့်ပြုခဲ့ခြင်း မရှိသေးပါဘူး။
၂၀၁၁ ခုနှစ် မတ်လမှာ ဦးသိန်းစိန် သမ္မတတာဝန်ကို စတင်ထမ်းဆောင်ချိန်မှာတော့ ကျောင်းသားတွေ နဲ့ အစိုးရရဲ့အကြား ဆက်ဆံရေးဟာ ပြန်လည်ကောင်းမွန်လာလိမ့်မယ်လို့ ထင်မှတ်ရတဲ့အခြေအနေပါ။ သူက ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတို့ကို ကြွေးကြော်ခဲ့ပြီး ထင်ရှားတဲ့ ကျောင်းသားခေါင်း ဆောင်ဟောင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ချိန်မှာတော့ လူငယ်တွေ နှစ်ရှည်လများ တိုက်ပွဲဝင်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတို့ဟာ သိပ်မကြာခင်ကာလမှာ အကောင်အထည်ပေါ်လာတော့မယ်လို့ ထင်ခဲ့ရတာပါ။ အဲဒိအချိန်လေးမှာတော့ အာဃာတတရားတွေ လျော့ပါးနေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရဟာ ကမ္ဘာပေါ်က အဖိနှိပ်ဆုံးသော အာဏာရှင် အစိုးရတွေထဲက ပေါက်ဖွားလာတာ ဖြစ်တဲ့အလျောက် အမုန်းတရားတွေကို ရှောင်လွှဲဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကိုတော့ မြန်မာပြည်သူ အနည်းငယ်ကပဲ တွေ့မြင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ကျောင်းသားတွေနဲ့ အစိုးရရဲ့ အကြား ဆက်ဆံရေးကို ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ထိခိုက်စေမလဲ ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ သေချာတာတစ်ခုကတော့ အမုန်းတရားရဲ့ အငွေ့အသက်တွေကိုတော့ ပြန်တွေ့နေရပြီဆိုတာပါပဲ။
ဒီကျောင်းသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို အကြမ်းဖက်ချိုးနှိမ်လိုက်ခြင်းအားဖြင့် ဒီအရပ်သားအမည်ခံအစိုးရဟာ သူရဲ့ ဒီမိုကရေစီအပေါ် နားလည်သဘောပေါက်မှု မရင့်ကျက်သေးတဲ့အကြောင်းကို လှစ်ဟပြသလိုက်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို သည်းခံနိုင်စွမ်းမရှိတာ အာဏာရှင်စနစ်ပဲဖြစ်ပါ တယ်။ ဒါကိုလည်း သူတို့ရဲ့အနာဂတ်တွေကို ကိုယ်တိုင်ပုံဖော်ခွင့်ရဖို့ တောင်းဆိုနေတဲ့ကျောင်းသားတွေက လွယ်လွယ်နဲ့ မေ့ပစ်ကြလိမ့်မယ် မဟုတ်ပါဘူး။
လက်ရှိအချိန်မှာ သူတို့ရဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေဟာ ချိုးနှိမ်ခြင်းခံလိုက်ရပြီလို့ ထင်ရပေမယ့်လည်း ဒါဟာ သူတို့တိုက်ပွဲရဲ့ အဆုံးသတ်တော့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ကျောင်းသားတွေက ထပ်ပြီး စုစည်းတောင်းဆိုလာဦးမယ်ဆိုရင် အစိုးရအနေနဲ့ ရွေးချယ်မှုတခု လုပ်ရပါမယ်။ သူတို့ရဲ့ စမ်းသပ်စစ်ဆေး အောင်မြင်ပြီးဖြစ်တဲ့ ဖိနှိပ်ခြင်း နည်းဗျူဟာကိုပဲ ထပ်သုံးမလား။ ဒါမှမဟုတ် ရန်လို အကြမ်းဖက်ခြင်းမပြုဘဲ ကျောင်းသားတွေ တောင်းဆိုမှု ပြုလုပ် ခွင့်ပေးမလားဆိုတာပါပဲ။ နည်းလမ်းတစ်ခုကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကျော်ကတည်းက ဖြစ်ပေါ်တည်ရှိခဲ့တဲ့ ဒဏ်ရာတွေကို စတင်ကုစားပေးနိုင်ချေရှိပြီး အခြားနည်းလမ်းတစ်ခုကတော့ အမုန်းတရားတွေကို ဆက်လက်သက်ဆိုးရှည်စေ မှာဖြစ်ပါတယ်။
အငြင်းပွားဖွယ်ဖြစ်နေတဲ့ အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေက ပညာရေးဥပဒေမှာ အပြောင်းအလဲ ၁၁ ချက်လုပ်ချင်တာကစပြီး အာဃာတတွေ ပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။ တကယ်လို့ အစိုးရအနေနဲ့ ကျောင်းသားတွေကို ဆန္ဒထုတ်ဖော်ခွင့် မပေးဘူးဆိုရင်တော့ ပိုမိုကြီးမားတဲ့ အပြောင်းအလဲတွေကို ပြုလုပ်ပေးဖို့ တောင်းဆိုလာမှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒါတွေကို ကျနော်တို့ တွေ့ပြီးပါပြီ။ ၁၉၈၈ ခုနှစ်မှာ ကျောင်းသားတွေဦးဆောင်ခဲ့တဲ့ နိုင်ငံတဝန်း ဆန္ဒပြမှုတွေကြောင့် ပြုတ်ကျသွားတဲ့ အာဏာရှင် ဦးနေဝင်းက သက်သေပါ။