ဆောက်လုပ်ပြီးတာ တနှစ်တောင်မကြာသေးတဲ့ ကန်ထရိုက်တိုက်ခန်းတခန်းမှာ နေထိုင်ခဲ့စဉ်က နံရံတွေမှာ ထင်ထင်ရှားရှားပေါ်လာတဲ့ အက်ကြောင်းတွေကိုကြည့်ပြီး ကျမ သက်ပြင်းအကြိမ်ကြိမ်ချခဲ့ဖူးပါတယ်။ ရန်ကုန်က ကန်ကရိုက် တိုက်ခန်းတွေဟာ ငလျင် ဒဏ် ခံနိုင်၊ မခံနိုင် စဉ်းစားမိတိုင်း ရင်လေးခဲ့ပါရဲ့။ ငလျင်လို သဘာဝဘေးအန္တရာယ်နဲ့ တွေ့ကြုံခဲ့ရင် မြို့ပြစီမံခန့်ခွဲမှု (Urban Management) ညံ့ဖျင်းတဲ့ ရန်ကုန်ရဲ့ အနာဂတ် က မတွေးရဲအောင်ပါ။
သိကြတဲ့အတိုင်း ဧပြီလ ၂၅ ရက်နေ့က နီပေါ နိုင်ငံ ခတ္တမန္ဒူမြို့မှာ ပြင်းအား ၇ ဒသမ ၉ ရှိတဲ့ ငလျင်ကြီးတခု လှုပ်ခတ်ခဲ့တာနဲ့အတူ ဒီနေ့ထက်ထိ သေဆုံးသူ ၇၀ဝ၀ ကျော်၊ ဒဏ်ရာရရှိသူ ၈၀ဝ၀ ကျော်သွားပါပြီ။ ဆင်းရဲတဲ့ နီပေါနိုင်ငံအတွက် ငလျင်လှုပ်ခတ်မှုဟာ ဘူးလေးရာဖရုံဆင့်တာပါပဲ။ ဘာကြောင့် ဒီလောက်ထိ ထိခိုက်ဆုံးရှုံးမှု များရတာ ပါပဲ။ ဘာကြောင့် ဒီလောက်ထိ ထိခိုက်ဆုံးရှုံးမှု များရသလဲလို့ အဖြေထုတ်ကြည့်တဲ့အခါ နီပေါဟာ နိုင်ငံရေးမတည်မငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ပြည်သူ တွေကို ပညာပေးတာနဲ့ ငလျင်ဒဏ်က ကာကွယ်ပေး ရေးအတွက် လုံလောက်တဲ့အားထုတ်မှုတွေ မပြုလုပ် နိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ တွေ့ရပါတယ်။
ကျမတို့ မြန်မာနိုင်ငံဟာ ငလျင်ဒဏ်ခံခဲ့ရဖူးတဲ့ အဖြစ်အပျက်တွေ အများကြီးရှိသလို စစ်ကိုင်းပြတ် ရွှေ့၊ ကျောက်ကြမ်းပြတ်ရွှေ့၊ ကဘော်ပြတ်ရွှေ့၊ ရွှေတြိဂံပြတ်ရွှေ့၊ ဒေးဒရဲပြတ်ရွှေ့လို အန္တရာယ်ရှိတဲ့ ငလျင်ကြောတွေ ရှိနေတာ မေ့မထားသင့်ပါဘူး။ အထူးသဖြင့် စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာနိုင်ငံ တလျှောက် မိုင် ၆၀ဝ ကျော်ထိ ရှည်လျားပြီး စစ်ကိုင်းပြတ်ရွေ့ကြောထဲမှာ လူနေထူထပ်တဲ့မြို့ကြီး တွေ ပါဝင်နေပါတယ်။
ရေအားလျှပ်စစ်ထုတ်လုပ်ဖို့အတွက် ဆည်တွေ တည်ဆောက်ဖို့ကြိုးစားတာဟာ ငလျင်အန္တရာယ်ကို ဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ။ လတ်တလောမှာ မြစ်ဆုံဆည်စီမံကိန်းကို ရပ်နားထားပေမယ့် ပြန် တည်ဆောက်ခဲ့ရင် ဆည်ရဲ့ဖိအားကြောင့် ငလျင် လှုပ်ခတ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် သံလွင်မြစ်ပေါ် မှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေကို လည်း ပြန်သုံးသပ်ဖို့ လိုအပ်နေပါတယ်။ ပေါင်းကူး လူမှုအဖွဲ့အစည်းက သံလွင်ရေ ကာတာနဲ့ပတ်သက် ပြီး တာဝန်ယူနေတဲ့ ဒေါ်ရွှေဇင်လှိုင်ရဲ့ ပြောကြား ချက်က စဉ်းစားစရာပါ။
“ရေကာတာဆောက်မယ့်နေရာ ငလျင်ကြော တည့်တည့်ဖြစ်နေတယ်။ နိုင်ငံတကာနည်းနဲ့ တည် ဆောက်သည့်တိုင် ငလျင်ကြောရှိတဲ့အတွက် ငလျင် ပိုလှုပ်နိုင်တယ်။ သဘာဝထက် ပိုလှုပ်နိုင်တဲ့အတွက် အချိန်မရွေး ပြိုကျနိုင်ပါတယ်” တဲ့။ (ကိုးကား – ဧရာဝတီဂျာနယ်၊ Vol-2,No:14)
သမိုင်းတလျှောက်လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲ မှာ ၁၉၃၀ ခုနှစ်မေလက လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင် ဟာ ပြင်းထန်သလို အဲ့ဒီငလျင်ကြောင့် ပဲခူးနဲ့ ရန်ကုန်မြို့မှာ လူ ၅၀ဝ ကျော် အသက်ဆုံးရှုံးခဲ့ရပါ တယ်။ ငလျင်တွေ ရဲ့ သဘောသဘာဝအရ အနှစ် ၈၀၊ အနှစ် ၁၀ဝ ကြာရင် တကျော့ပြန်လှုပ်ခတ်တာမို့ ပဲခူးငလျင်လို တကျော့ပြန် လှုပ်ခတ်ခဲ့ရင် ရန်ကုန်မြို့ အတွက် အထူးစိုးရိမ်စရာပါ။ စစ်ကိုင်းပြတ်ရွေ့နဲ့ နီးစပ်နေတဲ့ နေပြည်တော်လိုမြို့မှာ ငလျင်မလှုပ် ခတ်တာ နှစ် ၂၀ဝ နီးပါးရှိနေပြီမို့ သတိပြုစရာပါ။
ရန်ကုန်ဟာ လူဦးရေ ၇ သန်းကျော်ရှိတဲ့ မြို့တမြို့ဖြစ်နေပါပြီ။ လူဦးရေ သိပ်သည်းမှု ပိုများ လာနေသလို ရန်ကုန်ရဲ့ တချို့မြို့နယ်တွေမှာ ၁ ဟတ်တာမှာ လူ ၁၀ဝ၀ ကျော်အထိ လူဦးရေ သိပ်သည်းမှုရှိနေပါတယ်။ တိုက်ခန်းတွေဟာ လေဝင် လေထွက်မကောင်းသလို အလင်းရောင်ရရှိမှု မှာပါ အားနည်းနေတာပါ။ တိုက်တတိုက်နဲ့ တတိုက် ဟာ အရမ်းနီးကပ်လွန်းနေသလို ယာဉ်ကြောပိတ်ဆို့ မှုကြောင့် မီးလောင်မှုဖြစ်ခဲ့ရင်တောင် မီးသတ်ယာဉ် အချိန်မီရောက်ဖို့ မလွယ်ပါဘူး။
အများပြည်သူနဲ့ဆိုင်တဲ့ မြေနေရာတွေဟာ လည်း လုပ်ငန်းရှင်တွေလက်ထဲရောင်းစားနေရတာ ကြောင့် သဘာဝ ဘေးအန္တရာယ်တခုခုကျရောက်လာ ရင် မြို့နေလူထုအတွက် စုရုံးစရာ၊ ပြေးစရာနေရာမရှိ သလိုတောင် ဖြစ်နေပါတယ်။ ကန်ထရိုက်တိုက်တွေ ဟာ စံချိန်စံညွှန်းမမီတဲ့ တိုက်က များနေသလို သဲများများ အင်္ဂတေနည်းနည်းနဲ့ ဆောက်ထားသလို ဖြစ်နေတာပါ။ သာမန်အချိန်မှာတောင် သက်တမ်း ဘာမှ မကြာသေးဘဲနဲ့ တိုက်မှာ အက်ကြောင်းတွေ ဖြစ်လာတာ၊ တချို့တိုက်တွေဆို မြေကျွံတာ၊ စောင်း သွားတာတွေရှိနေပါတယ်။
အဆောက်အအုံတွေ စံချိန်စံညွှန်း မီ၊ မမီကို တာဝန်ရှိသူတွေအနေနဲ့ ကြပ်ကြပ်မတ်မတ်စစ်ဆေးဖို့ လိုအပ်နေပါတယ်။ အနည်းဆုံးပြင်းအား ၈ အထိရှိ တဲ့ ငလျင်ဒဏ်ခံနိုင်အောင် အဆောက်အအုံတွေကို တည်ဆောက်ရမှာပါ။ ကန်ထရိုက်တိုက်တွေမှာ ကပ် ထားတဲ့ အရေးပေါ်လှေကားတွေကလည်း အလုပ် မဖြစ်ပါဘူး။ ဒါကြောင့် ငလျင်သာ လှုပ်ခတ်လာခဲ့ရင် လူဦးရေသိပ်သည်းမှုများသလို စံချိန်မမီတဲ့ တိုက် တွေမှာ နေထိုင်ရတာကြောင့် ပျက်စီးဆုံးရှုံးနိုင်ခြေ များပါတယ်။
၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဟေတီနိုင်ငံမှာ မဂ္ဂနီကျူ ၇ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ် ခဲ့ပါတယ်။ နိုင်ငံက ဆင်းရဲသလို ကြိုတင်စီမံခန့်ခွဲမှု အားနည်းတာကြောင့် လူပေါင်း တသိန်းကျော်အထိ သေဆုံးခဲ့ရတာပါ။ မြို့တော် “ပို့အော်ပရင့်”ဟာ ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးခဲ့ရသလို အမျိုးသား လွှတ် တော် အဆောက်အအုံနဲ့ ဟေတီ တရားရုံးချုပ်တို့ပါ ပျက်စီးခဲ့ရပါတယ်။ ဒီလိုအဖြစ်အပျက်တွေကို သင် ခန်းစာယူပြီး အနာဂတ်အတွက် ဘာတွေလုပ်ဆောင် သင့်သလဲဆိုတာ ပြင်ဆင်ရပါလိမ့်မယ်။
နီပေါနိုင်ငံမှာ အပျက်အစီး၊ အဆုံးအရှုံးများခဲ့ရ တာဟာ ငလျင်အန္တရာယ်များတဲ့နိုင်ငံအနေနဲ့ လုံ လောက်တဲ့ ကြိုတင်စီမံမှုတွေမရှိခဲ့သလို အဆောက် အအုံတွေရဲ့ ကြံ့ခိုင်မှုကို ဦးစားမပေးတာကြောင့်ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်လာနေပါတယ်။ ၁၉၃၃ ခုနှစ်မှာ နီပေါမှာ ပြင်းအားအဆင့် ၈ ရှိတဲ့ ငလျင်လှုပ်ခတ်တာကြောင့် လူပေါင်း တသောင်း ကျော် သေဆုံးခဲ့ရပြီးပါပြီ။
နီပေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောဟာ မြန်မာနိုင်ငံနဲ့တဆက်တည်း ဖြစ်နေတဲ့ Indian Plate ပြတ်ရွေ့ပေါ်မှာ တည်ရှိနေပါတယ်။ ငလျင် ဆိုတာ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ လှုပ်ခတ်မယ်လို့ ကြိုတင်ခန့်မှန်းလို့ မရတာကြောင့် ငလျင်ဒဏ်နဲ့ ရင်ဆိုင်ရရင် ဘာတွေလုပ်ဆောင်သင့် လဲဆိုတာ ပြင်ဆင်ထားရင် အကောင်းဆုံးပါပဲ။
ငလျင်ဒဏ် မကြာခဏခံရတဲ့ ဂျပန်လိုနိုင်ငံမှာ ငလျင်လှုပ်လာရင် ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာ ပြည်သူတွေကို အသိပေးထားလို့ ဂျပန် ပြည်သူတွေကြား ငလျင်နဲ့ပတ်သက်တဲ့ Awareness ရှိနေပါပြီ။
ငလျင်လှုပ်ခတ်နိုင်တဲ့ အန္တရာယ်များတဲ့ နီပေါ ကို ပညာရှင်တွေက အကြိမ်ကြိမ်သတိပေးခဲ့ကြပေ မယ့် ကြိုတင် စီမံမှုတွေနည်းပါးတဲ့အခါ တွေ့ကြုံရတဲ့ ပျက်စီးဆုံးရှုံးမှုက ကြီးမားလှပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ငလျင်လှုပ်ခတ်နိုင်ခြေရှိတဲ့ ရေ ကာတာ စီမံကိန်းတွေကို ပြန်လည်သုံးသပ်သင့်ပါပြီ။ ပြည်သူတွေအတွက် ဆိုးကျိုးတွေများနေရင် အဲဒီ စီမံကိန်းတွေကို ရပ်ဆိုင်းပစ်ရမှာပါ။
ငလျင်ပြတ်ရွေ့ကြောတလျှောက်တည်ရှိနေတဲ့ မြို့အားလုံးမှာ ငလျင်နဲ့ပတ်သက်ပြီး သိသင့်သိထိုက် တဲ့ ပညာပေးမှုတွေကို ခုကတည်းက စတင်လုပ် ဆောင်သင့်ပါပြီ။
ငလျင်လိုကြိုတင်ခန့်မှန်းလို့မရတဲ့ သဘာဝ ဘေးအန္တရာယ်တခုကျရောက်လာခဲ့ရင် အသေ အပျောက်၊ အပျက်အစီး၊ ဆုံးရှုံးမှု ပမာဏ၊ ပြန်လည် ထူထောင်ရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေးတွေကို ဘယ်လောက်အထိ လျင်မြန်ထိရောက်စွာ ဆောင် ရွက်နိုင်သလဲဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ “စွမ်း ဆောင်ရည်မြင့်မားမှု”နဲ့ “အမြော်အမြင်ကြီးမားမှု” ရှိ၊ မရှိပေါ်မှာ မူတည်နေပါကြောင်း တင်ပြလိုက်ရ ပါတယ်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)