စာရေးဆရာကြီး မောင်ထင် (ဦးထင်ဖတ် ၁၉၀၉ ဖွား – ၂၀၀၆ ဆုံး) ရဲ့ အပြောင်မြောက်ဆုံး ဝတ္ထု၊ မြန်မာ့ခေတ်သစ်စာပေရဲ့ ဂန္တဝင်စာရင်းဝင်တဲ့ ‘ငဘ (၁၉၄၇)’ ကို အခု ဒုတိယအကြိမ် ရုပ်ရှင် ပြန်ရိုက်ရာမှာ အဓိက ဇာတ်ဆောင် ‘ငဘ’ နေရာက သရုပ်ဆောင်မှာက ရုပ်ရှင်မင်းသား ကျော်သူလို့ သိရတယ်။
‘ငဘ’ နောက်ခံက ဒုတိယကမ္ဘာစစ်အတွင်း ဝန်ထောက်မင်းကအစ ဝဲစွဲတဲ့ ဂျပန့်ခေတ်ကြီး။ အဓိက ဇာတ်ရုပ် ကိုယ်စားပြုရာက ခေတ်တိုင်းမှာ အမြဲ ဓားမနောက်ပိတ်ခွေးနေရတဲ့ ကျောမွဲနင်းပြား လယ်သမားလူတန်းစား။ မင်းသား ကျော်သူရဲ့ သရုပ်ဆောင်မှုကို ရုပ်ရှင်ကြည့်ပြီးမှ ဝေဖန်နိုင်မယ်ဆိုတာသိပါတယ်။ ဒါပေမယ့် လက်ရှိ ကိုယ်အလေးချိန် ခန္ဓာကိုယ် အရွယ်အစားနဲ့ နံရိုး အပြိုင်းပြိုင်း ထတဲ့ ‘ငဘ’ ဇာတ်ရုပ်က ဘယ်လိုပဲ ဖြေတွေး စဉ်းစားပေးပေမယ့် ဘယ်လိုမှ လိုက်ဖက်စရာ မရှိပါ။
ပိုဆိုးတာက ‘ငဘ’ ရဲ့ မယား ‘မိဖော့’ နေရာ အတွက်က မင်းသမီး စိုးမြတ်သူဇာကို ထားပါတယ်။ ဒါရိုက်တာ ခင်စောမျိုး မင်းသား ကျော်သူနဲ့ ဆိုက်တူ ဂိုက်တူ လိုက်လေသလား။ ဝါရင့် မင်းသမီးကြီး အကယ်ဒမီများရှင် စိုးမြတ်သူဇာကလည်း ‘မိဖော့’ ဇာတ်ရုပ်အတွက် အင်္ကျီ ၃၆ ထည် ဝတ်ဖိုတောင် စီစဉ်ရှာသတဲ့၊ ဒါကို ဒါရိုက်တာက ၃ ထည်ပဲ ဝတ်ရမယ်လို့ ပြောတယ်တဲ့။ မင်းသမီးကြီးက ‘ငဘ’ ဇာတ်က ဟာသမို့ အထူးအထွေ ပြင်ဆင်စရာမလိုဘူး၊ ဝတ္ထုလည်း ဖတ်ဖူးစရာမလိုဘူးလို့လည်း ပြောတယ်တဲ့။
ဧရာဝတီ မီဒီယာမှာ ပြောသွားတဲ့ ဒါရိုက်တာ ခင်စောမျိုး၊ ကျော်သူ၊ စိုးမြတ်သူဇာ တို့ရဲ့ စကားတွေကတော့ သူတို့ ကြိုးစားပြင်ဆင်ထားမှုတွေကိုပဲ အကောင်းပြောသွားတာပါ၊ ဘာမှ အစွန်းထွက်တာ မပါပါဘူး။
ဘာပဲဖြစ်ဖြစ် အခု ‘ငဘ’ ရုပ်ရှင် ပြန်ရိုက်ရမယ့် ကိစ္စမှာ အမြီးအမောက်မတည့်တာတွေ များတာကတော့ အမှန်ပါပဲ။ ဇူလိုင် ၂၃ ရက်နေ့ ရိုက်ကွင်း ရုပ်သေဓာတ်ပုံတွေကို ဧရာဝတီမှာ ကြည့်ရတော့လည်း သိပ် အဆင်မပြေ၊ အချိုးမကျလှပါဘူး။ ဒီလိုနဲ့ဇာတ်ကားသာ ပြီးသွားမယ် သရုပ်ဆောင်တွေ ဘယ်လောက်များ ဇာတ်ရုပ်တူအောင် သရုပ်ဆောင် နိုင်မလဲ၊ အနည်းဆုံး အဆင့် ကိုယ်ခန္ဓာ အလေးချိန် ဘယ်လောက် လျှော့ချနိုင်ပါမလဲ။ ဇာတ်အပြင်အဆင်၊ အဝတ်အစားတွေ ဘယ်လို နီးစပ် သရုပ်တူနိုင်ပါမလဲ။
လင်ရကတည်းက ချွေးခံအင်္ကျီတောင် မကပ် ထဘီ ရင်ရှားနဲ့သာ တဇာတ်လုံးပြီးရတဲ့ ‘မိဖော့’ နေရာအတွက် ရွှေဘိုမင်းကြီးကြိုက် မင်းကြိုက် စိုးကြိုက် ‘ဂိုက်’ အပြည့်နဲ့ ရုပ်ရှင်မင်းသမီးကြီးက “စုတ်စုတ်ပြတ်ပြတ် အဝတ်အစားကျတော့ ခက်တယ်လေ” လို့ ပြောခဲ့ပါသေးတယ်။ ‘ငဘ’ နဲ့ ‘မိဖော့’ ရဲ့ သမီးဦးကလေး ‘မိနီ’ အပျိုဖြန်းတောင် စပ်ထမီ တထည်ပဲရှိရှာတဲ့ ဒီလို ဘဝဇာတ်ရုပ်တွေကို ဒါရိုက်တာ ခင်စောမျိုးတယောက် ဘယ်လို ဇာတ်ကွက်ချ အကောင်းဆုံး စီမံနိုင်မလဲ။ သဘာဝကျကျ ဖြစ်အောင် ဘယ်လို ဦးဆောင် ညွှန်ကြားနိုင်မလဲ။
ဧရာဝတီမှာ ဒါရိုက်တာ ခင်စောမျိုး ပြောသွားခဲ့တဲ့ “အရင်ခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်သလဲ၊ ကိုလိုနီခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်ခဲ့လဲ၊ ဂျပန်ခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်ခဲ့လဲ၊ ဒီမိုကရေစီခေတ်မှာရော လယ်သမားတွေ ဘယ်လိုထပ်ဖြစ်ဦးမလဲဆိုတာ ကိုယ့်ဘာသာ စောင့်ကြည့်ကြပါ” ဆိုတာနဲ့ သူ့ရဲ့ ဒီဇာတ်ကား ရိုက်ကူးချင်တဲ့ ကြိုးပမ်းအားထုတ်မှု၊ ဆင်ဆာ သုံးကြိမ် တင်ခဲ့မှုနဲ့ စေတနာ ကိုတော့ တကယ်လေးစားပါတယ်။
အရင်စစ်အစိုးရခေတ်များဆီတုန်းကတော့ စိစစ်ရေး ကင်ပေတိုင်ရုံးက သိပ်ဆင်းရဲတာ၊ မွဲတေတာတွေကို နိုင်ငံတော် ဂုဏ်သိက္ခာ ကျဆင်းစေမှုနဲ့ ရုပ်ရှင် ဒါရိုက်တာများကို ပေးမရိုက်ပါဘူး။ ‘ဟော့ဒီ အခန်းဖြတ်’ အမြဲ လုပ်ခဲ့ပါတယ်။ သွေးတူမွေးတူ စရိုက်တူ အမွေခံတွေမို့ ‘ဖက်ဆစ်ဂျပန်ခေတ်ပြချင်လို့ မွဲရပါတယ်’ ဆိုရင်တောင် သိပ်မရချင်ပါဘူး။ အခုတော့ ဒါမျိုးတွေလည်း အများကြီး အတင်းအကျပ် မရှိတော့ဘူး ထင်ပါတယ်။
လယ်သမားတွေဘဝ မွဲရ၊ နာရ၊ သေရတာလည်း လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်း ပေါများလှရာ ဦးပိုင်၊ စစ်ပိုင်ခေတ်ကြီးမှာ ယာသူမကြီး အရီးမယ်ခင် တယောက် ဦးနှောက်အတစ်လိုက်ထွက်ခဲ့ရတာက လတ်တလောတင်ဆိုတော့ ဒီလို အဖိနှိပ်ခံ လယ်သမားဘဝတွေရဲ့ ဆင်းရဲမွဲတေမှု၊ ခေါင်းပုံအဖြတ်ခံရမှု၊ လူလူချင်း သွေးစုပ်ခံရမှု၊ လူညွန့်ချိုးခံရမှု၊ လူညွန့်တုံးခံရမှုတွေကို အခု ‘ငဘ’ ရုပ်ရှင်အပါအဝင် နောင်မြန်မာရုပ်ရှင်များ၊ ဒါရိုက်တာများ၊ သရုပ်ဆာင်များ အကောင်းဆုံး ဖော်ကျူးတင်ဆက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်။
ဟိုခေတ်များဆီကတော့ အနုပညာဖန်တီးမှုတွေရဲ့ အရည်အသွေးကို ဆန်းစစ်ဝေဖန်ထောက်ပြကြရင် ‘လွတ်လပ်မှု – Freedom’ မရှိလို့ဆိုပြီး မြန်မာ ရုပ်ရှင်ပညာသည်များ အကြောင်းပြတတ်ကြပါတယ်။ အခု အထိုက်အလျောက် လွတ်လပ်၊ တင်းကျပ်တာတွေ လျှော့ချလာတဲ့ ခေတ်မှာ မြန်မာရုပ်ရှင်များ လိင်အသာပေး ဇာတ်ဝင်ခန်းတွေ တိုးလာတာကလွဲလို့ ဘယ်လောက်များ အဆင့်တန်းမီလာပါပြီလဲ။ နိုင်ငံတကာကို ဘေးချိတ် အနည်းဆုံး ဒေသတွင်းကို ဘယ်လောက် ထိုးဖောက်လာနိုင်ပြီလဲ။ ယုတ်စွအဆုံး ပြည်တွင်းဈေးကွက်မှာ ၁၉၈၈ မတိုင်မီ ရုပ်ရှင်ကားတွေရဲ့ အရည်အသွေးမျိုး မှီအောင် ဘယ်နှကားများ ထွက်နိုင်ခဲ့ပြီးပါပြီလဲ။
မြန်မာရုပ်ရှင်ဇာတ်ကား ရုံတင်ရက် နှစ်ချီစောင့်ရတဲ့ စနစ်ကိုချည်းပဲ အပြစ်တင်ဦးမလား။ ဇာတ်ကားအရည်အသွေး မကောင်း၊ လူအများ စိတ်ဝင်စားမှု နည်းတာကြောင့် နိုင်ငံခြားကားတင်တဲ့ ရုံတွေများနေတဲ့ ဈေးကွက်ကို အပြစ်တင်ဦးမလား။ တကယ်တော့ ဘဲဥအစရှာမရ လုံးချာလည်နေတဲ့ ပြဿနာ မဟုတ်ပါ။
နိုင်ငံရေး ရေသောက်မြစ် မထွန်းကား မစည်ပင် အာဏာရှင်စနစ်အောက်မှာ ဖျက်ဆီးခံရခြင်းရဲ့ နောက်ဆက်တွဲ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ၊ အနုသုခုမ အထွေထွေ ချွတ်ခြုံကျ အရာရာ ဆုတ်ယုတ်ပျက်စီးရတာ နားလည်လက်ခံပါတယ်။ အနုပညာလောကမှာလည်း ဈေးကွက်မစည်ပင်ခြင်း၊ စနစ်မမှန်ခြင်းရဲ့ အကျိုးဆက် ငါးပွက်ရာ ငါးစာချမှသာ အသက်ဆက်နိုင်တဲ့ ပေါ်ပင်များကြီးစိုးရာ ရုပ်ရှင်အနုပညာလောကမှာ နာတာရှည် ချည့်နဲ့ အားနည်း ကိုယ်ခံအားကျဆင်းနေတာကိုလည်း ဆင်ခြင်သိမြင်ပါတယ်။ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်သင်တန်းကျောင်းတွေ စနစ်တကျ မရှိတာလည်း နားလည်ပါတယ်။ အခုဒီဘက်နှစ်ပိုင်းမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ မြန်မာလူငယ်များရဲ့ အားထုတ်မှု အရည်အသွေး ရုပ်ရှင်ကားတိုတွေလေးတွေ ထိုးဖောက်လာနိုင်တာလည်း အင်မတန် ဝမ်းသာအာရ ကျေနပ်မိပါတယ်။
ဒါပေမယ့် မြန်မာရုပ်ရှင်လောကသားများ ဒီဘက်ခေတ်မှာ အထိုက်အလျောက် လွတ်လပ်လာမှု၊ လုပ်ခွင့်သာလာမှုတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့တော့ အားနည်းနေသေးကြောင်း အမှန်မြင်၊ ဝန်ခံနိုင်ရပါမယ်။ နိုင်ငံတကာ တန်းဝင် အရည်အသွေးပြည့်တဲ့ ရုပ်ရှင်အနုပညာများ ဖန်တီးနိုင်စွမ်း ကြိုးစားဖို့ လိုနေပါသေးတယ်။ နီးစပ်မြင်သာတဲ့ ဥပမာ တခုပဲ ပေးပါမယ်။
အာဖဂန်နစ္စတန် နိုင်ငံ တာလီဘန် ဘာသာရေးအစွန်းရောက်များ လက်ကလွတ်လွတ်ချင်း ၂၀၀၃ ခုနှစ် မှာထွက်လာတဲ့ “Osama” အမည်ရှိ ဇာတ်လမ်းအသားပေး ဒရမ်မာ ဇတ်ကားကိုပဲ ကြည့်ပါ။ လွတ်လပ်မှု ရရချင်း အာဖဂန် ဒါရိုက်တာ၊ မင်းသမီးနဲ့ သရုပ်ဆောင်များစွာ လွတ်လပ်မှုကို ကောင်းကောင်းအသုံးချ အနုပညာအရည်အသွေးကို ဖော်ထုတ် ကမ္ဘာကို ချပြသွားနိုင်ခဲ့တယ်။ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအဖြစ် ရွှေကမ္ဘာလုံးဆု (၂၀၀၃) ရခဲ့တယ်။ လက်ရှိလည်း အွန်လိုင်း ရုပ်ရှင်အရည်အသွေးပြ ဝက်ဘ်ဆိုဒ် Rotten Tomatoes က ၉၆ ရာခိုင်နှုန်း အမှတ်ပေးထားခံရတယ်။ ဒါမျိုး နိုင်ငံတကာတန်းဝင်၊ ဆုရ၊ လူသိများ၊ လူကြိုက်များတာ ဇာတ်ကားမျိုး မြန်မာတွေ ဘယ်တော့များ ဖန်တီးနိုင်ပါမလဲ။ လွတ်လပ်မှုကိုချည်း ပြစ်တင်ခဲ့တဲ့ မြန်မာရုပ်ရှင်လောကသားများ လုပ်ခွင့်သာချိန်မှာ တကယ် လုပ်ပြနိုင်ပါ့မလား။
ဆရာကြီးမောင်ထင်ရဲ့ ‘ငဘ’ ဝတ္ထုက မြန်မာ့စာပေသမိုင်းရဲ့ လယ်သမားနောက်ခံဇာတ်တွေထဲမှာ ဆရာကြီးဗန်းမော်တင်အောင်ရဲ့ ‘ငသြ’ လို တကယ်စံထားလောက်ခဲ့ပါတယ်။ လူကြိုက်များခဲ့သလို အရင်ကတည်းကလည်း ပွဲဆူခဲ့ပါတယ်။ အင်္ဂလိပ်ကိုလိုနီအရင်းရှင်စနစ်ရဲ့ ဒေါက်တိုင် ဗြူရိုကရက်က လယ်သမားအကြောင်း ရေးတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ် အစရှိသလိုပေါ့။ အင်္ဂလိပ်စာဆရာကြီး၊ ဘာသာပြန် ဆရာကြီး တယောက် (အခုအထိ သက်ရှိထင်ရှား ရှိပါသေးတယ်) က ဆိုရင်အမြဲ ‘မောင်ထင်’ နဲ့ ‘ငဘ’ ကို ဝေဖန်တိုက်ခိုက်နေကျပေါ့။
ဒီလို ဝေဖန်ခံနေကျ ‘မောင်ထင်’ နဲ့ ‘ငဘ’ နှစ်ယောက် အခု ဆရာများ ဖန်တီးမယ့် ရုပ်ရှင်ကို ကြည့်ခွင့်ရရင် ဘယ်လို မှတ်ချက်ပေးမလဲ မြင်ယောင်၊ ကြားယောင်ကြည့်မိပါရဲ့။ ‘ငဘ’ ဝတ္ထု အဆုံးသတ်လို “အရှင်ကြီး သခင်ကြီးတို့အားကိုးနှင့် ငဘ ဆောက်တည်လာခဲ့သော ငဘ၏ နောင်ရေးမှာလည်း ငဘ ရှေ့က မီးပုံကလေးထဲတွင် ပါ၍ သွားလေသည်..” ဆိုလေမလား။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် [email protected] သို့ စာရေး နိုင်သည်။)