မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်လိုက်သော အစိုးရသစ်က ပွင့်လင်းမြင်သာမှုရှိသော ဈေးကွက် စီးပွားရေးတခုကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည့် အချိန်တွင် စစ်တပ်ပိုင် ကုမ္ပဏီများကလည်း အများပိုင်ကုမ္ပဏီများ အဖြစ်ကူးပြောင်းရန် လုပ်ဆောင်လာကြသည်။
မတ်လ ၃၁ ရက်နေ့တွင် တိုင်းပြည်၏ အကြီးဆုံး ကုမ္ပဏီ ဖြစ်သော စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် (UMEHL) က မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် အညီ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ လျှောက်ထားခဲ့သည်ဟု ပြောကြားခဲ့သည်။ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဦးပိုင်လီမီတက်သည် လက်ရှိအချိန်တွင် အထူးကုမ္ပဏီ ဥပဒေအရ တည်ထောင်ထားသည့် ကုမ္ပဏီတခု ဖြစ်သည်။
အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရခြင်း၏ ရည်ရွယ်ချက်မှာ ဦးပိုင်လီမီတက် အနေဖြင့် ၎င်းတို့၏ ရှယ်ယာများကို တင်းကျပ်စွာ ထိန်းချုပ် မထားဘဲ ရောင်းဝယ်ခွင့်ပြုခြင်းအားဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများထံမှ ငွေများကို ပိုမိုလွယ်ကူစွာ ဆွဲဆောင်နိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ရှိ ပုဂ္ဂလိက ကုမ္ပဏီကြီးများ အနက် ၂၀၀ ခန့်မှာ အများပိုင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားကြသည်။ ၎င်းတို့၏ ရှယ်ယာများကို လွတ်လပ်စွာ ရောင်းဝယ်နိုင်ပြီး နိုင်ငံခြားကုမ္ပဏီများက ပိုင်ဆိုင်ထားကြသည်။ မတ်လကုန်ပိုင်းက ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံး စတော့ အိတ်ချိန်းဖြစ်သည့် Yangon Stock Exchange တွင် အများပိုင်ကုမ္ပဏီများသာ စာရင်းသွင်း နိုင်ကြပါသည်။
ဦးပိုင်ကုမ္ပဏီကို ၁၉၉၀ ခုနှစ်အတွင်းက စစ်တပ်က စတင်တည်ထောင်ခဲ့ပါသည်။ အစုရှယ်ယာများကို ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှုးရုံးတို့မှ ပိုင်ဆိုင်ကြသည်။ ဦးပိုင်သည် ပြည်တွင်းမှ အဓိက ငွေကြေးအဖွဲ့အစည်းတခုဖြစ်သည့် မြဝတီဘဏ်နှင့် မြန်မာနိုင်ငံတွင် ဘီယာ အများဆုံးထုတ် လုပ်နေသည့် Myanmar Brewery တို့ကို ပိုင်ဆိုင်ထားသည်။ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ကုန်သွယ်ရေး အဆောက်အဦးများ၊ ဟိုတယ်များကိုလည်း လုပ်ကိုင်နေပြီး မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ကျောက်စိမ်းတွင်းနှင့် ပတ္တမြား တွင်းများကိုလည်း ပိုင်ဆိုင်ထားသည်။
အစိုးရ တာဝန်ရှိသူများ၏ အဆိုအရ ဦးပိုင်သည် ၂၀၁၅ ခုနှစ် မတ်လတွင် ကုန်ဆုံးခဲ့သည့် ဘဏ္ဍာရေး နှစ်အတွင်းတွင် ပဉ္စမမြောက် အများဆုံး အခွန်ဆောင်ခဲ့သည့် အဖွဲ့အစည်း တခုဖြစ်သည်ဟု သိရသည်။ အရောင်းပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ အနည်းငယ်ရှိသည်ဟုလည်း ခန့်မှန်းရသည်။
ရှယ်ယာ လွှဲပြောင်းရောင်းချမှုနှင့် ပတ်သက်၍ အကန့်အသတ်များ ဖြေလျှော့ပေးမည့် ဦးပိုင်လီမီတက်၏ အစီအစဉ်မှာ အာဏာ အလွှဲအပြောင်း ကိစ္စကြောင့် ဖြစ်နိုင်ဖွယ်ရာ ရှိပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကတိပြုခဲ့သည့် အချက်များထဲတွင် ပွင့်လင်းမြင်သာသည့် ဈေးကွက်စီးပွားရေးတခုကို တည်ထောင်ရန်လည်း အပါအဝင်ဖြစ်သည်။ မတ်လ နှောင်းပိုင်းတွင် အာဏာရရှိလာသည့် NLD အစိုးရက ဦးပိုင်လီမီတက်အပါအဝင် သံသယဖြစ်စရာ စီမံခန့်ခွဲမှုများ ရှိနေသည့် အစိုးရပိုင် ကုမ္ပဏီများကို ပြုပြင်ပြောင်းလဲမှုများ စတင်လာဖွယ်ရှိသည်။
အများပိုင် ကုမ္ပဏီဖြစ်လာရန် ကြိုးစားခြင်း အပါအဝင် ကိုယ်ပိုင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းအားဖြင့် NLD အစိုးရ သက်တမ်းအတွင်းတွင် ဆက်လက်ရပ်တည်နိုင်ရန် ဦးပိုင်က မျှော်လင့်ထားကြောင်း ထင်ရှားနေပါသည်။
စစ်တပ်ပိုင် ကုမ္ပဏီများကို သင့်တော်သည့် အချိန်တခုတွင် အများပိုင်ကုမ္ပဏီ အဖြစ်ပြောင်းလဲရန် ရည်ရွယ်ထားကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ အတွင်း သတင်းစာတစောင်သို့ ပြောကြား ခဲ့သည်။ အဆိုပါ စာရင်းထဲ၌ အကြီးစားစက်မှုလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများ အဓိက လုပ်ဆောင်နေသော မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း သို့ မဟုတ် MEC လည်းပါဝင်ပါသည်။
မိခင်ကုမ္ပဏီ ဖြစ်သည့် ဦးပိုင်လီမီတက်က အများပိုင်ကုမ္ပဏီ ဖြစ်လာသည့် အချိန်တွင် အုပ်စုဝင် ကုမ္ပဏီများ ပုဂ္ဂလိကလက်သို့ ပြောင်းလဲရေးက အရှိန်မြင့်လာဖွယ်ရှိသည့် အတွက် စစ်တပ်၏ ကြီးမားကျယ်ပြန့်သည့် စီးပွားရေး လုပ်ငန်းများ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းဖွင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်များလည်း မြင့်တက်လာသည်။
သြဂုတ်လအတွင်းတွင် ဂျပန်နိုင်ငံမှ Kirin Holdings က Myanmar Brewery ၏ ရှယ်ယာများကို ဝယ်ယူခဲ့ပါသည်။
သို့သော် စစ်တပ်ပိုင် ကုမ္ပဏီများ အသွင်ကူးပြောင်းရေးအတွက် စိန်ခေါ်မှုတခုမှာ အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဖြစ်ပြီး အမေရိကန် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းနှင့် မြန်မာနိုင်ငံတွင် ပြုလုပ်သည့် ကုန်ပစ္စည်းများကို တင်သွင်းခြင်းများမှ တားမြစ်ထားပါသည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် အချိန်မှစ၍ အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုများကို အဆင့်လိုက် ဖြေလျှော့ပေးခဲ့ပါသည်။ သို့သော်လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အထူးကန့်သတ်ထားသည့် နိုင်ငံသားစာရင်း (Specially Designated Nationals List) တွင် စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများ ပါဝင်နေဆဲဖြစ်သည်။ ၎င်းတို့ထဲတွင် ဦးပိုင်နှင့် MEC တို့လည်း ပါဝင်နေသည်။
စာရင်းမှာ အမေရိကန် ကုမ္ပဏီများ အတွက်ရည်ရွယ်ထားခြင်း ဖြစ်သော်လည်း အမေရိကန် မဟုတ်သည့် အခြားကုမ္ပဏီများ အနေဖြင့်လည်း အဆိုပါ အတားမြစ်ခံ ကုမ္ပဏီများ နှင့် စီးပွားရေးလုပ်ကိုင်ပါက ၎င်းတို့၏ ဂုဏ်သိက္ခာ ထိခိုက်မည်ကို စိုးရိမ်ကြသလို အမေရိကန် ငွေကြေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့် မရနိုင်မည်ကို စိုးရိမ်ကြသည်အတွက် အတားအဆီးလို ဖြစ်နေသည်။
အဆိုပါ အခြေအနေကို ဒေါ်အောင်ဆန်းစုကြည် ပြောင်းလဲနိုင်မည်လား။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိပြီး အမေရိကန်က သူ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံခဲ့သည်။ မြန်မာနိုင်ငံ၏ အကြီးအကဲအနေဖြင့် အမေရိကန်နိုင်ငံသို့ ပထမဆုံး သွားရောက်သည့် ခရီးစဉ်တွင် အဆိုပါ အရေးယူပိတ်ဆို့မှုများကို မည်မျှအထိ လျှော့ချနိုင်မည်ဆိုခြင်းက သူ၏ သံတမန်ရေးရာ စွမ်းရည်အပေါ် စမ်းသပ်ချက်တခု ဖြစ်လာမည် ဖြစ်သည်။ ထိုခရီးစဉ်က ယခုနှစ် မကုန်မီ ရှိလာနိုင်ပါသည်။
(Nikkei Asian Review ပါ Motokazu Tomatsui ၏ Time to ‘demilitarize’ Myanmar businesses ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)