မန္တလေးမြို့တွင်း အများပြည်သူဆိုင်ရာ မြို့ပြသယ်ယူပို့ဆောင်ရေး(Public transporation)မှာ အားနည်းချက်တွေ ရှိနေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အစီရင်ခံစာက ထောက်ပြဝေဖန်ထားပါတယ်။
လက်ရှိ မန္တလေးမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ ဘတ်စ်ကားလိုင်း ၄၀ နဲ့ ပြေးဆွဲပေးနေတာဖြစ်ပါတယ်။
မန္တလေးမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း အများစုက မြို့တွင်းကို အဓိကထားပြီး ပြေးဆွဲနေတာ ဖြစ်တယ်။ အမှတ်(၉)ယာဉ် လိုင်းက မတ္တရာ-မန္တလေးကို မီနီဘတ်စ်တွေနဲ့ ပြေးဆွဲပေးနေပြီး၊ အမှတ်(၁၁) ယာဉ်လိုင်းက မန္တလေး-အုန်းချော-ကျွဲနဖား (ပြင်ဦးလွင် တောင်ခြေအနီးထိ)၊ အမှတ်(၈)ယာဉ်လိုင်းက မန္တလေး-အိုးတုတ္တန်း (စစ်ကိုင်းတံတားထိပ်နားအထိ) ပြေးဆွဲ တာပါ။ လက်ရှိအစိုးရ လက်ထက်မှာ မြို့ပြသယ်ယူပို့ဆောင်ရေးကို အဆင်ပြေချောမွေ့အောင် ဘယ်လိုပြေးဆွဲမလဲ၊ မြို့လူ ထုက စိတ်ဝင်စားတယ်။ အစိုးရသစ်အတွက် စိန်ခေါ်မှုတွေများစွာထဲမှာ မြို့ပြသယ်ယူပို့ဆောင်ရေးက အဓိက အချက် အ နေနဲ့ပါဝင်တယ်။
မန္တလေးယာဉ်လိုင်းတွေမှာ လိုက်ထရပ်ကားတွေကို လိုင်းကားအဖြစ် အသုံးပြုကြတယ်။ အရင်က ချက်ပလက် ဗိုက်ပူ တွေရှိခဲ့ပေမယ့် ဗိုက်ပူတွေ အပ်ကားဖြစ်ကုန်တာကြောင့် ယာဉ်ပိုင်ရှင် အချို့က ဆွမ်းခံကိုယ်တော်တွေအတွက် ချက်ပ လက်ကားတွေ လှူလိုက်ကြတာရှိတယ်။ (ယာနဒါနအဖွဲ့က ဆွမ်းခံ ကိုယ်တော်တွေအတွက် နေ့စဉ် ကားတွေနဲ့ အခမဲ့ ပို့ဆောင်ပြီး ကုသိုလ်ယူနေပါတယ်။ ဒကာရင်းတွေ မြို့သစ်တွေဘက် ပြောင်းရွှေ့ကုန်လို့ ဆရာတော်တွေ ဆွမ်းခံကြွဖို့ အဆင်ပြေအောင် ယာနဒါနအဖွဲ့က ဆွမ်းခံချိန်တွေမှာ ကုသိုလ်ဖြစ် အကြိုအပို့ လုပ်ပေးနေတာပါ)
ဗိုက်ပူပိုင်ရှင်အချို့က အရည်ကြိုအပ်ပြီး လိုက်ထရပ်ကားတွေကို ဘေးတန်းနှစ်ဖက် ခုံရိုက်ပြီး ဘတ်စ်ကားအဖြစ် ပြေးဆွဲကြ တယ်။ အမှတ်(၉)ယာဉ်လိုင်းနဲ့ အေးချမ်းမောင်ယာဉ်လိုင်းကလွဲပြီး ယာဉ်လိုင်းတော်တော်များများ လိုက်ထရပ်တွေကိုသာ ဘတ်စ်ကားအဖြစ် အသုံးပြုနေကြပါတယ်။ ဒိုင်နာကားတွေ အသုံးပြုတဲ့ ယာဉ်လိုင်းရှိပေမယ့် ကားအရေအတွက် နည်းပါး တယ်။ အေးချမ်းမောင် ယာဉ်လိုင်းက ပုဂ္ဂလိက ယာဉ်လိုင်းဖြစ်ပြီး စီးတီးဘတ်စ် ကားကြီးတွေနဲ့ ပြေးဆွဲတဲ့ တခုတည်းသော ယာဉ်လိုင်းဖြစ်ပါတယ်။
လိုက်ထရပ်ကားတွေ ထုတ်ရခြင်းရဲ့မူလရည်ရွယ်ချက်က ခရီးတိုတွေအတွက် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ လိုက်ထရပ်ကားတွေလည်း လူစီး ဘတ်စ်ကား တွေဖြစ်သွားရတယ်။ ကုန်ပစ္စည်းသယ်ဖို့ထုတ်ထားတဲ့ ကားတွေဖြစ်လို့ ခရီးသည်တွေအတွက် သက်သောင့်သက်သာ မရှိ ဘူး။ အတက်ခက် အဆင်းမလွယ်တဲ့ ကားတွေဖြစ်တယ်။ ဘတ်စ်ကား မသုံးမဖြစ် သုံးနေကြရသူတွေကတော့ လိုက်ထရပ် ဘတ်စ်ကားတွေကိုပဲ အကောင်းလုပ်စီးနေကြရဆဲ ဖြစ်ပါတယ်။
၁၉၈၈ခုနှစ် အထိ မန္တလေးမှာ ယာဉ်လိုင်းပေါင်း(၁၁)လိုင်းသာ ရှိခဲ့တာပါ။ ၁၉၈၈ခုနှစ် အရေးတော်ပုံကာလ နောက်ပိုင်းမှာ မြို့ပြဧရိယာချဲ့ထွင်လာမှုနဲ့အတူ ယာဉ်လိုင်းအသစ်တွေပါ တိုးချဲ့လာခဲ့ပါတယ်။ စတင်တိုးချဲ့ကာစက အမှတ်စဉ်နဲ့ မဟုတ် ဘဲ ဘာအဖွဲ့ရန်ပုံငွေ၊ ညာအဖွဲ့ရန်ပုံငွေဆိုပြီး အလျဉ်းသင့်သလို ယာဉ်လိုင်းနာမည်တွေ စိတ်ကြိုက်ပေးပြီး ပြေးဆွဲခဲ့ကြ တယ်။
မန္တလာစစ်သည်၊ ရတနာ စစ်သည်၊ စစ်မန်းဧရာ၊ စစ်မန်းတံခွန်၊ မန်းစစ်သည်၊ ခြငေ်္သံဦး၊ သန်မြန်သူ၊ ရွှေမန္တလေး၊ ရွှေမြို့ တော်၊ ရွှေနိုင်ငံ၊ ရွှေမန်းမေ၊ ရွှေဇင်ယော်၊ ရွှေယာဉ်ပျံ၊ ပွင့်သစ်၊ တက်လူ၊ ရွှေအားမာန်၊ အားမာန်သစ်၊ စသဖြင့် နာမည် အမျိုးမျိုးနဲ့ စုံလင်အောင်ပေးခဲ့ကြတယ်။ ၂၀၁၀ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ နာမည်နဲ့ ယာဉ်လိုင်းတွေ အစား ယာဉ်လိုင်းတွေကို နံပါတ်ထုတ်ပေးစေခဲ့တယ်။
ယာဉ်လိုင်းသစ်တွေတိုးချဲ့ကာစက နန်းတော်အတွင်း ဘတ်စ်ကားလိုင်းတွေ ပြေးဆွဲခဲ့ပေမယ့် နောက်ပိုင်းမှာ ဘတ်စ်ကား ပြေးဆွဲခွင့်ကို ပိတ်ပင်ခဲ့တာ ယခုအချိန်ထိဖြစ်ပါတယ်။ ယခင်က နန်းတွင်းဟာ မြို့လူထု အလုပ်ပိတ်ရက်၊ ကျောင်းပိတ် ရက်တွေမှာ လေ့လာစရာ အနားယူအပန်းဖြေစရာ နေရာတခုဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်း ဘတ်စ်ကားပြေးဆွဲခွင့် ပိတ် ပင်ရုံမက ဝင်ခွင့်ထွက်ခွင့်တွေကိုပါ ကန့်သတ်လာခဲ့ပြီး မြို့လူထုနဲ့ တစိမ်းပြင်ပြင် ဖြစ်မှန်းမသိ ဖြစ်လာရပါတော့တယ်။
မန္တလေးဘတ်စ်ကားတွေရဲ့အဓိက မှတ်တိုင်က ဈေးချိုဖြစ်ပါတယ်။ ယာဉ်လိုင်းအားလုံး ဈေးချိုမှာ ဆုံကြတယ်။ မြို့ အရှေ့ ဘက် ရန်ကင်းတောင်မှာ ဂိတ်ထိုးတဲ့ အမှတ်(၄)နဲ့ အမှတ်(၅) ကားလိုင်းတွေလည်း ဈေးချိုမှာ ဂိတ်ထိုးတယ်။ နောက်မှ ပြေးဆွဲတဲ့ အမှတ်(၃၀)နံပါတ်နဲ့ ပြေးဆွဲနေတဲ့ အေးချမ်းမောင် ယာဉ်လိုင်းကလည်း ဈေးချိုရှေ့က ဖြတ်သွားတယ်။ မတ္တရာ က လာတဲ့ အမှတ်(၉)ယာဉ်လိုင်းတွေကလည်း ဈေးချိုအနောက်ဘက် အိမ်တော်ရာဘုရားအနီးမှာ ဂိတ်ထိုးပါတယ်။ ဈေးချို ဟာ ရန်ကုန်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်းတွေရဲ့ ဆူးလေမှတ်တိုင်လိုပါပဲ။
မဟာမြတ်မုနိ ဘုရားကြီးနဲ့ မန္တလေးတောင်ကို အဓိကထားပြေးဆွဲတဲ့ ယာဉ်လိုင်းတွေလည်း ရှိတယ်။ ယာဉ်လိုင်းတိုင်းက ပုံသေပြေးဆွဲတယ်လို့ သတ်မှတ်လို့မရပါဘူး။ အချို့ယာဉ်လိုင်းနံပါတ်တွေက လမ်းကြောင်း နှစ်ခု၊ သုံးခု ပြေးဆွဲကြတာရှိ တယ်။
ဥပမာ အမှတ်(၆)ယာဉ်လိုင်းက လမ်းကြောင်း သုံးခု ပြေးဆွဲပါတယ်။ ဘုရားကြီး-နတ်လမ်း၊ တမ္မဝတီ-ဘုန်းတော်တိုးနဲ့ ကံသာယာ-ညောင်ကွဲ လမ်းကြောင်းဆိုပြီး လမ်းကြောင်းသုံးခု ပြေးဆွဲပေးနေပါတယ်။ အမှတ်(၁၁) ယာဉ်လိုင်းကလည်း ကျွဲနဖား-ဈေးချို နဲ့ အောင်ပင်လယ်-မီးခြစ်စက် လမ်းကြောင်းနှစ်ခုနဲ့ ပြေးဆွဲပေးနေပါတယ်။ ကိုယ်သွားချင်တဲ့ နေရာကို ယာဉ်လိုင်းနံပါတ်သိရုံနဲ့ စိတ်ချလက်ချ တက်စီးသွားလို့ မရနိုင်ပါဘူး။ အကောင်းဆုံးကတော့ ယာဉ်နောက်လိုက်ကို သွား ချင်တဲ့နေရာ ရောက်မရောက် မေးပြီးမှ စီးတာ စိတ်အချရဆုံးပါပဲ။
ဘတ်စ်ကားကို အဓိက အားထားကြသူတွေက ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေ ဖြစ်တယ်။ ဈေးဗန်းတွေ ခေါင်မိုးပေါ် တင်ပြီး လူက ကားနောက်ခန်းမှာ ထိုင်လိုက်ကြရတာပါ။ မြို့သစ်မှာ နေထိုင်ကြတဲ့ အမျိုးသမီးကြီးတွေလည်း ဘတ်စ်ကား စီးကြတယ်။ မြို့ထဲနဲ့ မြို့သစ်က စက်ဘီးနဲ့သွားဖို့ကလည်း ဝေးတဲ့အပြင် ဆိုင်ကယ်လည်း မစီးတတ်တဲ့အခါ ဘတ်စ်ကား ကိုသာ အားထားရာဖြစ်လာရတယ်။ ၂၁ရာစု အမျိုးသမီးငယ် အများစုကတော့ ဆိုင်ကယ်စီးတတ်ကြပါတယ်။ ဆိုင်ကယ် မစီးတတ်ခဲ့ရင် မန္တလေးမှာ ခရီးမတွင်နိုင်ပါဘူး။ မြို့ဖွဲ့စည်းပုံက လေးထောင့်စပ်စပ်ဖြစ်တဲ့အပြင် လမ်းတွေကလည်း ကျင် တွယ်ချိုးတွေနဲ့ တည်ဆောက်ထားတယ်။
ဘတ်စ်ကားလိုင်းတွေ အရင်ထက် များလာတယ်ဆိုပေမယ့် မြို့ကို ကွန်ရက်သဖွယ် လွန်းထိုးပြေးဆွဲတဲ့ ဘတ်စ်ကားတွေ နဲ့မချိတ် ဆက်နိုင်သေးဘူး။ ဘတ်စ်ကားပြေးဆွဲခြင်းက လုပ်ထုံးလုပ်နည်း ရှုပ်ထွေးတဲ့အပြင် ချက်ချင်းလက်ငင်း အကျိုး အမြတ် မရတာကြောင့်လည်း စီးပွားရေးသမားတွေက မလုပ်ချင်ဘူး။ ၁၉၉၀ ပြည့်လွန်နှစ်တွေက မြို့ပတ်ရထား စီမံကိန်း အကောင် အထည်ဖော်ခဲ့ပေမယ့် ကြာရှည်မခံခဲ့ဘူး။
မြို့ပတ်ရထား တည်ဆောက်စဉ်က မြို့အနောက်ခြမ်းနဲ့ မြို့အရှေ့ခြမ်းကို အင်္ဂလိပ် အက္ခရာ ရှစ်ပုံသဏ္ဌာန် ချိတ်ဆက် ဆောင်ရွက်ခဲ့ပြီး နန်းတွင်းထဲကို ဖြတ်သန်း ခုတ်မောင်းခွင့်ရခဲ့ပါသေးတယ်။ တည်ဆောက်ပြီး မကြာခင်မှာပဲ ဖြတ်သိမ်း လိုက်တာဖြစ်လို့ တည်ဆောက်စရိတ်၊ ဖျက်သိမ်းစရိတ် နှစ်ခါကုန်ခဲ့တဲ့ စီမံကိန်းဖြစ်ခဲ့ရတယ်။ သေချာစဉ်းစား မလုပ်ခဲ့တဲ့ အတွက် နိုင်ငံဘဏ္ဍာတွေ မလိုအပ်ဘဲ ဆုံးရှုံးခဲ့ရတယ်။
အခုလက်ရှိ အစိုးရက မြို့ပတ်ရထားစီမံကိန်းလုပ်ဖို့ အစီအစဉ် ရှိတယ်ဆိုတော့ အရင်လို မိအေး နှစ်ခါနာမဖြစ်ဖို့ စနစ်တကျ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ကြစေလိုပါတယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)