ရခိုင်ပြည်နယ် စစ်ဘေးရှောင်သူများ အတွက် နိုင်ငံတော်မှ ကူညီထောက်ပံ့ပေးရေး အရေးကြီး အဆို ပယ်ချခံရပြီး လွှွတ်တော်ဂုဏ်သိက္ခာထိခိုက်မည့် အထင်အမြင် လွဲမှားစေသည့် ရေးသားမှုများ မပြုလုပ်ရန် လွှတ်တော်ဥက္ကဋ္ဌ၏ သတိပေးခံခဲ့ရသည့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို ၎င်း၏ ရပ်တည်ချက် နှင့် သဘောထားများအပေါ် ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်း သတင်းထောက် ငြိမ်းငြိမ်း က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ဒေါ်ခင်စောဝေက လွှတ်တော်မှာ ပယ်ချခံလိုက်ရတဲ့ ရခိုင်စစ်ဘေးရှောင်တွေနဲ့ပတ်သက်တဲ့ အရေးကြီးအဆိုကို ပြင်ဆင်ပြီး တင်မယ်လို့ ညှိနှိုင်းပေမယ့် မအောင်မြင်ဘူးလို့ ကြားရတယ်။ ဘာဖြစ်လို့ တင်သွင်းလို့ မရတာလဲရှင့်။
ဖြေ။ ။ မေ ၉ ရက်နေ့က ဆွေးနွေးတဲ့အထဲ မှာ အဲဒီအဆို မပါလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ကို ကျမ အဆိုကို ဘာလို့ မတင်ဖြစ်တာလဲလို့ သွားမေးကြည့်တော့ ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှာလည်း ဒီလိုအဆိုမျိုးကို တင်ထားပြီးပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီအဆိုကို တင်သွင်းခွင့် မပြုတော့ဘူးလို့ ပြောတယ်။ အဲဒါနဲ့ အန်တီက အမျိုးသားလွှတ်တော်မှာ တိုက်ပွဲရပ်ရေးနဲ့ ငြိမ်းချမ်းရေးကို အဓိကထားပြီး ဆွေးနွေးသွားတယ်။ ဒီကယ်ဆယ်ရေးအတွက်ကတော့ ထိထိရောက်ရောက် ပါမသွားသေးတဲ့အတွက်ကြောင့် အန်တီရဲ့ အဆိုက စစ်ဘေးရှောင် ဒုက္ခသည်တွေကို အထောက်အပံ့ပေးဖို့ ဇောင်းပေးပြီး လုပ်ထားတဲ့အဆို ဖြစ်ပါတယ်လို့ ထပ်ပြီး တင်ပြတယ်။ အဲဒီတော့ သူက အဆိုကို သေချာလေ့လာကြည့်တဲ့အခါ စစ်ပွဲနဲ့ ပတ်သက်တာတွေ ပါနေတယ်ပေါ့။
အန်တီတို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ဟာ အနည်းငယ် ထည့်ထားတယ် ဆိုတာလည်း ဘေးဒုက္ခသည်တွေ ဒီကိုရောက်နေတာ တိုက်ပွဲကြောင့် ရောက်နေကြတာလေ။ NLD ရဲ့ မူကလည်း အမျိုးသား ရင်ကြားစေ့ရေး၊ ဖယ်ဒရယ်မူကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး ဆိုပြီး မူဝါဒတွေ ချမှတ်ထားတာ NLD အစိုးရမှာလည်း ရှိတယ်လေ။ အဲဒီအတွက် ဒီအဆိုကို အမျိုးသား ရင်ကြားစေ့ရေးကို ဇောင်းပေးပြီးတော့ အားလုံး ပါဝင်ပူးပေါင်း ဆောင်ရွက်သင့်တယ်။ တဖွဲ့ကျန်ခဲ့ရင်လည်း ငြိမ်းချမ်းရေးက မရနိုင်ဘူးပေါ့နော်။ ဒါကြောင့် အကုန်လုံး အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးရအောင် ဆိုပြီး ဖြည့်ရေးတယ်။ အဲဒါတွေ ထည့်ရေးတဲ့အတွက် ဥက္ကဌကြီးက ဒေါ်ခင်စောဝေမှာ ကယ်ဆယ်ရေး အချက်ချည်းပဲ မဟုတ်ဘဲ ဒါတွေပါနေတယ်။ ဒါဆို ဟုတ်ပါပြီ။ အဲဒါဆို အန်တီက အဲ့ဒီဟာတွေကို အကုန်ဖျက်ပေးပါမယ်။ အသစ်ပြန်ပြီး ကယ်ဆယ်ရေး အဆို သီးသန့်လုပ်မယ်ဆိုပြီး တင်ပြတယ်။ သူက အမျိုးသားလွှတ်တော်မှာ တင်ထားပြီး ဖြစ်တဲ့အတွက် ဒီဟာကို မတင်တော့ဘူး ဆိုပြီး ပြောလိုက်တယ်။
အန်တီ့အနေနဲ့ကလည်း ပြည်သူတွေကို ဒီလို အရေးကြီးအဆို တခုတင်ဖို့ ကတိပေးထားခဲ့တယ်လေ။ ဒါကို မရတဲ့အတွက် ပြည်သူတွေအတွက် အန်တီ အနေနဲ့ စိတ်မကောင်းဘူးဆိုပြီး ဖေ့စ်ဘုတ်အကောင့်မှာ တင်လိုက်တယ်။
မေး။ ။ အဆိုမတင်ခင် ပြည်တွင်းပြည်ပ မီဒီယာတွေမှာ ပြောလိုက်တဲ့အတွက် ကျင့်ဝတ် ချိုးဖောက်တယ်ဆိုပြီး လွှတ်တော်ကနေ အရေးယူတဲ့ပုံစံမျိုးလို့ ပြောလို့ရလား။
ဖြေ။ ။မဆိုင်ပါဘူး။ လွှတ်တော် ကိုယ်စားလှယ်တဦးကို ဥက္ကဋ္ဌတယောက် အနေနဲ့ သတိပေးပိုင်ခွင့်တော့ ရှိတယ်။ ဟိုအရင် ပထမအကြိမ် လွှတ်တော် စတုန်းကလည်း ဒီလို တယောက်ရှိခဲ့ဖူးတယ်။ အန်တီအနေနဲ့ ဒီဥပဒေကို ကျော်တယ်ဆိုပေမယ့် အန်တီသည် ကိုယ့်နိုင်ငံ အမျိုးသား အကျိုးစီးပွားကို ထိခိုက်ပြီး ပြောတာ ဘာမှ မပါဘူးလေ။ ဥပမာ စစ်ဘေးရှောင်တွေဆီ သွားတဲ့အခါ စစ်ဘေးရှောင်တွေကို တခုခု ကူညီဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းမယ်ဆိုတာ အန်တီနဲ့ အတူတူ ပါလာတဲ့ မီဒီယာတွေလည်း သိတယ်။ ပြည်သူကိုလည်း ကတိပေးခဲ့တယ်လေ။
နောက် ဦးဘရှိန်ကလည်း RFA မှာ ဒေါ်ခင်စောဝေတော့ အဆိုတခု တင်ဖို့ ရှိတယ်လို့ပြောခဲ့တယ်။ အဲဒီတော့ အန်တီကို မီဒီယာတွေက မေးကြတယ်။ ဘယ်လိုအကြောင်းနဲ့ ပတ်သက်ပြီး တင်မလဲမေးတော့ ဒီလိုနေရပ်ကို စွန့်ခွာပြီး ထွက်ပြေးလာနေရတဲ့ အတွက် ရေရှည်မှာဆိုရင် အန်တီတို့ အလှူအတန်းတွေ လိုက်လုပ်နိုင်မှာ မဟုတ်ဘူး။ အခုက တနိုင်တပိုင် လုပ်နေကြတာ။ ရေရှည်အတွက်ဆိုရင် နိုင်ငံတော်အစိုးရကိုပဲ အကူအညီ တောင်းရမယ်ဆိုပြီး အန်တီတို့က အဲဒါကို ရှင်းပြတာ။ အန်တီ ပြောလိုက်တာဟာ နိုင်ငံတော် အကျိုးစီးပွားကို ထိခိုက်တဲ့စကားပါလား။ ဒါ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြန်တာလည်း မဟုတ်ဘူးလေ။
မေး။ ။ဒုက္ခသည်အရေးက ငြိမ်းချမ်းရေးနဲ့ ခွဲမရဘူး။ ဒါပေမယ့်လည်း ဆွေးနွေးခွင့် မရတော့ဘူးဆိုတော့ ဘယ်လို ဆက်လုပ်သွားမလဲ။
ဖြေ။ ။အခု ပြည်နယ်လွှတ်တော်မှာလည်း အရေးတကြီး အဆိုတင်တဲ့အတွက် ပြည်နယ်အစိုးရက အတည်ပြုလိုက်ပြီ။ အန်တီတို့ ရခိုင်ပြည်နယ်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၂ ယောက်သည် ရခိုင်အမျိုးသားပါတီကို ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ပြည်သူတွေကိုယ်စား စစ်ဘေးသင့် ဒုက္ခသည်တွေ ကိုယ်စား တင်ပြဖို့ လိုတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ဘေးသင့် ဒုက္ခသည်တွေ အကြောင်း လွှတ်တော်မှာ တင်ပြလို့ မရခဲ့ဘူး ဆိုရင် အန်တီတို့ တာဝန်မကျေဘူး ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ပြည်သူကို ချပြတယ်။ အန်တီတို့ မေလ ၉ ရက်နေ့ ညမှာဘဲ အစည်းအဝေး ခေါ်ပြီး တိုင်ပင်တယ်။ ဘယ်လိုဆက်လုပ်ကြမလဲပေါ့။ အစိုးရဆီ အကူအညီပေးဖို့ စာရေးမယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကိုလည်း လက်မှတ်ထိုးပြီး တင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဖေ့စ်ဘုတ်အကောင့်မှာလည်း တင်ထားသေးတယ်။
မေး။ ။ငြိမ်းချမ်းရေးနဲ့ ဒုက္ခသည်အရေး ကိစ္စတွေ ဆွေးနွေးဖို့ ပယ်ချလိုက်တာဟာ လွှတ်တော်နဲ့ အစိုးရ နှစ်ခုစလုံးမှာ NLD ပါတီ က အများစု ဖြစ်နေတော့ ဒါဟာ အစိုးရရဲ့ သဘောထားလို့ မှတ်ယူပါသလား။ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ဘာပဲဖြစ်ဖြစ် သူတို့သဘောထားအပေါ် အန်တီတို့ ထင်မြင်ယူဆချက်ကို မပေးချင်ဘူး။ ဒါပေမယ့် သူတို့က အဆိုတင်ခွင့်၊ ဆွေးနွေးခွင့် မပေးဘူးဆိုတာ လွှတ်တော်ဥက္ကဋ္ဌ တယောက်ရဲ့ လုပ်ပိုင်ခွင့်အနေနဲ့ လုပ်ခွင့်တော့ ရှိတယ်။ လုပ်လို့ရတယ်။ ဒါပေမယ့် သူတို့အတွင်းစိတ် ဘာလဲ ဆိုတာတော့ မသုံးသပ်ချင်ပါဘူး။
မေး။ ။ဒေါ်ခင်စောဝေ ရဲ့ အတွေ့အကြုံအရ လွှတ်တော်သက်တမ်း နှစ်ခု စလုံးမှာ တပါတီ က ကြီးစိုးတဲ့အခြေအနေဆိုတော့ လွှတ်တော်တွင်း နိုင်ငံရေး ဆွေးနွေးမှုက လွန်ခဲ့တဲ့ ငါးနှစ်နဲ့ အခု ဘယ်လိုကွာပါသလဲ။
ဖြေ။ ။ အရင် ငါးနှစ် လွှတ်တော်မှာလည်း ဒီလိုပါပဲ။ တခါတလေ ကျတော့လည်း အတိုက်အခံတွေ၊ ပြည်ခိုင်ဖြိုးမှာလည်း အုပ်စုများနေတယ်။ အန်တီတို့ တိုင်းရင်းသား ပါတီတွေလည်း ရှိတယ်။ ပထမအကြိမ်တုန်းကတော့ အန်တီတို့ တွေ့ရသလောက် တိုင်းရင်းသားတွေ အရေးဆို တော်တော်လေး ဦးစားပေးတာ တွေ့ရတယ်။ တိုင်းရင်းသားအရေး အကုန်လုံးနဲ့ အန်တီတို့ ရခိုင်ဒေသမှာဆိုလည်း လုံးဝ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျတဲ့နေရာလည်း ဖြစ်တယ်။ ရာသီဥတုဒဏ်ခံနေရတဲ့ တိုင်းရင်းသားတွေ ဖြစ်တယ်။ မြန်မာနိုင်ငံတဝှမ်းလုံးမှာ ချင်း ပြီးရင် ရခိုင်က အဆင်းရဲဆုံး ဆိုပေမယ့် ရခိုင်မှာ တော်တော် ဆင်းရဲတာကို လူတိုင်းတွေ့မှာပါ။ အတိုက်အခံ ဆိုတာတော့ ရှိမှာပဲ။ အတိုက်အခံဖြစ်မှပဲ ဒီမိုကရေစီ စနစ်လို့ ခေါ်မယ်။
နောက် လွှတ်တော်မှာလည်း အဲဒီလိုချည်းပဲ တဖက်စောင်းနင်းချည်းပဲ သူတို့လုပ်ချင်တာကို လုပ်ပြီး အတည်ပြုလိုက်တာ ဆိုရင် အန်တီတို့ ပါတီကတော့ အတိုက်အခံ လုပ်သွားမှာပဲ။ သူတို့နဲ့ တူတာဆို အတူတူသွားမယ်။ နိုင်ငံတော် အကျိုးစီးပွား အတွက် ဒီဥပဒေက မကိုက်ဘူး၊ အန်တီတို့ တိုင်းရင်းသားတွေ အတွက် ဥပဒေတွေက မကိုက်ညီဘူးဆိုရင် အတိုက်အခံဘက်က နေသွားမယ်။ ဒါပေမယ့် ဒီလို ဆုံးဖြတ်တဲ့အခါ ဒီမိုကရေစီ နည်းအရ မဲများလို့ အနိုင်ကျင့်ခံရတယ်လို့ပဲ ပြောပြော သူတို့ နိုင်သွားရင် ဘာမှ မတတ်နိုင်ဘူး။ ဒါပေမယ့် လွှတ်တော်ရော နိုင်ငံရေးမှာရော အတိုက်အခံရှိမှ အောင်မြင်မယ်လို့ ထင်တယ်။ အန်တီဝေတို့လည်း နေရာတကာ အတိုက်အခံ လုပ်ဖို့ ရည်ရွည်ချက်မရှိပါဘူး။ ကိုယ့်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ ကိုယ့်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းဖို့ဆိုရင် အကုန်လုံး လက်တွဲပြီး လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်စားလှယ်အဖြစ် ဝင်ရွေးခံပြီး လွှတ်တော်တက်နေတာပါ။