လမ်းပေါ်မှာ လေလွင့်နေတဲ့ ပိုင်ရှင်မဲ့ လေလွင့်ခွေးတွေ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အကောင်း ဆုံး အဖြေတခုရဖို့ ပူးပေါင်းဖြေရှင်းရမယ့်အချိန် ရောက်လာပါပြီ။ လေလွင့်ခွေးတွေ စောင့်ရှောက်ရေးအတွက် စည်ပင် သာ ယာတခုတည်း အားနဲ့ မရလောက်ဘူး။ တိရစ္ဆာန်ချစ်သူတွေ အပါအဝင် ပရဟိတအဖွဲ့တွေရဲ့အားတွေ အများကြီး လိုပါ တယ်။
ယခုရက်ပိုင်းမှာ စည်ပင်သာယာက လေလွင့်ခွေးတွေ အဆိပ်ကျွေးသတ်တယ်ဆိုတဲ့သတင်း ပုံနဲ့တကွ လူမှုကွန်ရက်မှာ တင်လိုက်ရာက ခွေးချစ်သူတွေကြားမှာ ဒွိဟပွားစရာဖြစ်လာပါတယ်။ သတင်းဓာတ်ပုံက လွန်ခဲ့တဲ့ ၅နှစ်က ထိန်ပင်သု သာန်မှာ ခွေးပေါက်လေးတွေအပါအဝင် ခွေးမကြီး မိသားစုလိုက် အဆိပ်ကျွေးသတ်တဲ့ ပုံဖြစ်ပါတယ်။ အခုလည်း လေ လွင့်ခွေးတွေကို အဲဒီလို အဆိပ်ကျွေးဖြေရှင်းတဲ့နည်းသုံးမှာ စိုးရိမ်နေကြသူတွေရှိတယ်။
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက မြို့ကြီးပြကြီးတွေမှာ လေလွင့်ခွေးတွေ ရှိနေတယ်။ တချို့မြို့တွေမှာ လေလွင့်ခွေးတွေကို
တိရစ္ဆာန်ချစ်သူတွေစုပေါင်းပြီး စောင့်ရှောက်ထားတာရှိတယ်။ မန္တလေးမြို့မှာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က မန္တလေး တောင်အရှေ့ဘက်မှာ ခွေးဂေဟာတခု ရှိခဲ့ပေမယ့် အခုအခါ ခွေးဂေဟာရှိနေသေးပေမယ့် လေလွင့်ခွေးတွေကို စောင့် ရှောက်မှု မရှိတော့ပါဘူး။ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံကို တင်ပို့တဲ့ ခွေးတွေထားရှိရာ နေရာကို တာဝန်ရှိသူတွေ ဝင်ရောက် စစ်ဆေးပြီး ခွေးတင်ပို့သူကို အရေးယူတဲ့ဖြစ်စဉ်ရှိခဲ့တယ်။
လေလွင့်ခွေးတွေရှိနေတာ မြို့ပြရဲ့အလှကို ထိခိုက်စေတာ အမှန်ပါပဲ။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ပန်းခြံတွေ ဈေးတွေ
ဘုရားကျောင်းကန် ဇရပ်တွေမှာ လေလွင့်ခွေးတွေက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းအောင် ပေါတယ်။ ခွေးလေ ခွေးလွင့်အရေးက အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စလည်း ဖြစ်တယ်။ ဒီလေလွင့်ခွေးတွေကို ဘယ်လိုဖြေရှင်းကြမလဲ။ ဒါဟာ အရေးကြီးတဲ့ ပြဿနာဖြစ်ပါတယ်။ အဆိပ်ကျွေး သတ်တယ်ဆိုတဲ့ဖြေရှင်းနည်းက တော်တည့်မှန်ကန်တဲ့နည်း မဟုတ်ဘူး။
လေလွင့်ခွေးတွေကို ဒီအတိုင်း သူ့သဘာဝအတိုင်းနေပါစေဆိုပြီး လစ်လျူရှု ထားလို့ မရတာက သေချာတယ်။ တိရစ္ဆာန် ချစ်သူတွေကတော့ လူသားဆန်ခြင်း ရှုထောင့်က စဉ်းစားပြီး အဆိပ်ကျွေးသတ်တဲ့နည်းကို ခါးခါးသီးသီးဆန့်ကျင်ကြတယ်။ သူတို့က လေလွင့်ခွေးတွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဆန္ဒရှိကြတယ်။
တချို့က စင်္ကာပူနိုင်ငံလို မျိုးဆက်ပွားမှုကို ထိန်းချုပ်စေတဲ့နည်းနဲ့ ကန့်သတ်စေလိုကြတယ်။ စင်္ကာပူနည်းက လေလွင့်ခွေး တွေကို မေ့ဆေးနဲ့ ခဏဖမ်းပြီး ခွေးမတွေကို သန္ဓေတားဆေးထိုးပေးတယ်။ ခွေးထီးတွေကို သန္ဓေမအောင်တဲ့ ဆေးထိုး ပေးတယ်။ ဆေးထိုးပြီးသားခွေးတွေ ကြောင်တွေကို အမှတ်အသားလုပ်ပြီး ပြန်လွှတ်ပေးတယ်။ ဆေးထိုးဖို့ လိုအပ်လာရင် ပြန်ဖမ်းပြီး ဆေးထိုးပေးပြန်တယ်။ ဒီနည်းနဲ့ လေလွင့်ခွေးတွေ ကြောင်တွေကို ထိန်းချုပ်တယ်။
ပရဟိတအဖွဲ့အချို့က ကောက်ခံရရှိတဲ့ အလှူငွေတွေနဲ့ လေလွင့်ခွေးတွေကို ခွေးရူးပြန်ကာကွယ်ဆေး သန္ဓေတားဆေးတွေ ထိုးပေးတဲ့နည်းနဲ့ လေလွင့်ခွေးပြဿနာကို ဖြေရှင်းချင်ကြတယ်။ လေလွင့်ခွေးတွေက လမ်းသွာလမ်းလာတွေကို ကိုက်ခဲ့ရင် ဘယ်သူတာဝန်ယူဖြေရှင်းမှာလဲလို့ မေးခွန်းထုတ်ကြသူတွေလည်း ရှိပါတယ်။
ပြဿနာတိုင်းအတွက် အဖြေရှိတယ်ဆိုပေမယ့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံအတွက် အကန့်အသတ်တွေက များလှတယ်။ မြန်မာနိုင်ငံက အခုမှ ရုန်းထဖို့ ကြိုးစားနေရတဲ့ နိုင်ငံမျှသာဖြစ်ပါတယ်။ ဌာနအသီးသီးမှာ ဘက်ဂျက်လိုငွေ အမြဲပြနေတဲ့ အနေအထားမှာရှိတယ်။ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မွေးမြူတာ အကောင်းဆုံးအဖြေဆိုသော်ငြား ဒီအတွက် ဘတ် ဂျက် အဆင်သင့်ရှိနေပြီလား။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ပညာရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွေထဲကနေ ခွဲဝေသုံးစွဲရမှာလား။ အလှူရှင်တွေဆီက ငွေကြေးနဲ့ လောက်ငမှု ရှိမှာလား။ လေလွင့်ခွေးတွေ စောင့်ရှောက်ဖို့ မြေနေရာ အလှူရှင်ရှိတယ်ဆို စေဦးတော့ အနီးအနားဝန်းကျင်ကလူတွေက ခွေးတွေဆီက အနံ့တွေ အသံတွေ ခံနိုင်ပါ့မလား စတဲ့ မဆုံးနိုင်တဲ့မေးခွန်း တွေအတွက် အဖြေ အသင့်မရှိသေးပါဘူး။
လေလွင့်ခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် ကိစ္စက ရေရှည်ဖြစ်ပါတယ်။ ငွေ၊ လူ၊ နေရာ၊ အချိန်၊ နည်းပညာတွေ အားလုံး လိုအပ်ပါတယ်။ အခု စိတ်ကူးပေါက်လို့ ထလုပ်တယ်ဆိုပေမယ့် ရေရှည်မှာ ဘယ်လို စခန်းသွားကြမလဲဆိုတာ အရေးကြီးပါတယ်။ ခွေးလေခွေးလွင့် ရှင်းလင်းရေးက ခွေးရူးကောင်းစား တမွန်းတည့်နဲ့ မရဘူး။ ခွေးမြီးကောက် ကျည်တောက်စွပ်သလိုနဲ့လည်း မရနိုင်ဘူး။
လေလွင့်ခွေးတွေအတွက် အကောင်းဆုံး ဘယ်လိုဖြေရှင်းမလဲ ဆိုတာ အစိုးရသစ်အတွက် လပတ်စာမေးပွဲဖြစ်ပါတယ်။ (နောင်မှာ ဒီထက်ဖြေရှင်းရခက်တဲ့ အတန်းတင် မေးခွန်းတွေ လာဦးမှာပါ)။ အခု မေးခွန်းအတွက် မော်ရေးရှင်း (သက်ညှာစွာ စစ်ဆေးခြင်း) မရှိပါဘူး။
အမှတ်ပေးရမှာက ဒီအစိုးရကို ရွေးချယ်လိုက်တဲ့ ပြည်သူလူထုဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ဂုဏ်ထူးမှတ်နဲ့ အောင်မ လား။ ပွတ်ကာသီကာ အောင်မလား ဆိုတာ မကြာမီမှာ အဖြေထွက်လာမှာဖြစ်ပါတယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်။)