အသက် ၇ လသာရှိသေးသည့် ကျော်ကျော်တယောက် (အမည်လွှဲ) အိပ်ရာမှနိုးလာသည်နှင့် ဝမ်းလျားမှောက်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ကျော်ကျော် မြင်တွေ့နေကြမြဲ ဦးပဉ္စင်းကို မြင်လိုက်ချိန်ရမှာ ကျော်ကျော်တယောက် အသံပြုပြုံးပြလိုက်ပြီး ထိုသံဃာတော်ရှိသည့် နေရာဆီသို့ ဝမ်းလျားထိုး ရောက်ရှိသွားလေသည်။
ဦးပဉ္စင်း ကလည်း တချက်ပြုံးကြည့်ပြီးနောက် လှုပ်တုပ်တုပ်လုပ်နေသော ကျော်ကျော်ခန္ဓာကိုယ်လေးကို ဆွဲယူကာ တင်ပါးလေးကို လက်ဖြင့်စမ်းလိုက်ပြီး “ဟာ … သားလေးကတော့ ရှုးတွေပေါက်ထားပြန်ပြီ” ဟု ပြောဆိုလျက် သေးစိုနေသည့် ဘောင်းဘီကိုချွတ်ပြီး ဘောင်းဘီအသစ်တထည် လဲလှယ်ပေးလိုက်သည်။
ဦးပဉ္စင်းက ကျော်ကျော်ကို ဘောင်းဘီလဲပေးနေသည့်မြင်ကွင်းမှာ ဖခင်ဖြစ်သူက မိမိရင်သွေးကို ပြုစုယုယနေသည့်ပုံမျိုးပေါ်လွင်ကာ ချစ်ခင်ကြင်နာမှုဖြင့် နူးညံ့လွန်းလှသည်။ အမှန်တကယ်တော့ ကျော်ကျော်သည် မိဘမဲ့ကလေးငယ်တဦးဖြစ်ပြီး ဦးပဇင်းသည် ကျော်ကျော်တို့လို မိဘမဲ့ကလေးများအား အဖေအမေကဲ့သို့ ပြုစုစောင့်ရှောက်မှုပေးနေသော အဝါရောင်မျိုးဆက်သစ်လူငယ်များ (Y.G.W) ပရဟိတ မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းမှ သံဃာတော်တပါးပင် ဖြစ်သည်။
ကျော်ကျော် လူ့လောကကိုရောက်ရှိပြီး မကြာခင်မှာပင် သူကိုမွေးဖွားခဲ့သည့် မိခင်ဖြစ်သူက အိမ်နီးချင်းများဆီ စွန့်ပစ်ပေးခဲ့ပြီးနောက်ပိုင်း ကျော်ကျော်ကို ပုသိမ်မြို့အခြေစိုက် အဝါရောင်မျိုးဆက်သစ်လူငယ်များ (Y.G.W) ပရဟိတ မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်း၏ သံဃာတော်များက ခေါ်ယူမွေးစားခဲ့ခြင်း ဖြစ်သည်။
“ဒီကလေးအမေက စင်္ကာပူမှာ သွားအလုပ်လုပ်တယ်။ ဟိုမှာယောက်ျားတယောက်နဲ့ငြိစွန်းပြီး ကိုယ်ဝန်ရတော့ ဟိုလူက တာဝန်မယူဘူး။ အဲဒါနဲ့ ကောင်မလေးက မြန်မာပြည်လာ ကလေးမွေးပြီးတော့ အိမ်နီးနားချင်းတွေဆီ ပေးပစ်ခဲ့တယ်။ ဦးဇင်းတို့က ဒီသတင်းကြားပြီး အိမ်နီးချင်းတွေဆီကနေ သူ့ကိုသွားတောင်းပြီး အမွေစားအမွေခံနဲ့ မွေးစားခဲ့တာပေါ့ ” ဟု ပုသိမ်မြို့ Y.G.W ကျောင်းမှ ဆရာတော်တပါးဖြစ်သည့် ဦးဥပသန္ဒက မိန့်သည်။
ပုသိမ်မြို့ Y.G.W မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းတွင် ကျော်ကျော်တို့လို အကြောင်းအမျိုးမျိုးကြောင့် မိဘက စွန့်ပစ်ခဲ့သူ၊ မိဘများက ဆင်းရဲနွမ်းပါးသဖြင့် ပညာသင်မပေးနိုင်သူနှင့် မိဘကမစောင့်ရှောက်နိုင်သည့် ကလေးငယ်သူငယ်ပေါင်း ၁၅၀ ကျော်ကို ဦးဆောင် ဆရာတော် ဦးက္ကန္ဒောဘာသနှင့် ရဟန်း ၁၉ ပါးတို့က ကျွေးမွေးစောင့်ရှောက်နေခြင်း ဖြစ်သည်။
ပုသိမ် Y.G.W ကျောင်း၏ ဦးဆောင်ဆရာတော် ဦးက္ကန္ဒောဘာသသည် သာသနာ့ဓဇ ဓမ္မာစရိယ အောင်မြင်ထားသည့် ဝါတော် ၁၂ ဝါရှိ ရဟန်းသံဃာတော်တပါးဖြစ်ပြီး ကျောင်းရှိ ကျန်ရဟန်းသံဃာတော်များသည်လည်း အနည်းဆုံးဝါတော် ၂ ဝါရှိသည့် သံဃာတော်များ ဖြစ်ကြသည်။
ဦးဆောင်ဆရာတော် ဦးက္ကန္ဒောဘာသက “မိဘမဲ့နေတဲ့ ဆင်းရဲဒုက္ခရောက်နေတဲ့ ကလေးငယ်တွေအတွက် ပတ်ဝန်းကျင်ကောင်းတခုကို ဖန်တီးပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းလေးကို တည်ထောင်တာပါ။ မိဘမရှိ၊ ပညာရေးချို့တဲ့ ကလေးတွေကို စောင့်ရှောက်ပညာသင်ပေးခြင်းအားဖြင့် နိုင်ငံအတွက် အားကိုးရတဲ့ လူတော်လူကောင်းလေးတွေ ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ပါတယ်”ဟု မိန့်သည်။
မိဘမဲ့ကလေးငယ်များနှင့် ခိုးကိုးရာမဲ့ အဘိုးအဘွားများအား စောင့်ရှောက်ခြင်း၊ ပညာရေး ထောက်ပံ့ခြင်း၊ နွမ်းပါးလူနာများအား ဆေးကုသစရိတ် ထောက်ပံ့ခြင်း၊ သွေးလိုအပ်သူ လူနာများအတွက် သွေးလှူဒါန်းခြင်းများ၊ သဘာဝဘေးကျရောက်သော ဒေသများအား ကူညီလှူဒါန်းခြင်းများ လုပ်ဆောင်ရန် ရည်ရွယ်ပြီး အဝါရောင် မျိုးဆက်သစ်လူငယ်များ (Y.G.W) ပရဟိတအသင်းကို ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့ရှိရဟန်းသံဃာတော်များက စုစည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Y.G.W ဗဟိုဌာနချုပ်ကို မန္တလေးမြို့တွင် ဖွင့်လှစ်ပြီးနောက်ပိုင်း ရန်ကုန်၊ ပဲခူး၊ ဆွာ၊ မိုးညို၊ လပွတ္တာ၊ အမြန်လမ်း ၈၉ မိုင် ၅ ဖာလုံ၊ မြင်းမူနှင့် ပုသိမ်မြို့တို့တွင် Y.G.W မိဘမဲ့ကလေး စောင့်ရှောက်ရေးဌာနခွဲများ ဖွင့်လှစ်ခဲ့ပြီး တနိုင်ငံလုံး အနေအထားဖြင့် ကလေးပေါင်း ၂,၀၀၀ ကျော်ကို ကျွေးမွေးစောင့်ရှောက်ထားကြောင်း သိရသည်။
ပုသိမ်မြို့ Y.G.W ကျောင်းကို ဆရာတော်ဦးက္ကန္ဒောဘာသနှင့် ရည်ရွယ်ချက်တူ ရဟန်းတော်များ စုပေါင်း၍ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မေလ ၅ ရက်က ပုသိမ်မြို့တဖက်ကမ်း လင်းဝင်းကြီး အုပ်စု၊ ပိတောက်ချောင်းကုန်း ကျေးရွာတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအဖြစ်ပါ တွဲဖက်ဖွင့်လှစ်ပြီး ကလေးငယ်များကို သူငယ်တန်းမှ ၆ တန်းအထိ ပညာသင်ကြားပေးနေခြင်း ဖြစ်သည်။
ဘုန်းတော်ကြီးကျောင်း၌ စာသင်ကြားခွင့်မရသည့် ၇ တန်းမှ ၁၀ တန်းအထိ ပညာသင်ကြားလိုသူများကို ကန်ကြီးထောင့်မြို့နယ် ကျိုက်လတ်ကျေးရွာ အထက်တန်းကျောင်းသို့ ပို့ဆောင်၍ Y.G.W ကျောင်း၏ စရိတ်ဖြင့် ကျောင်းထားပေးနေကြောင်း ဆရာတော်ဦးက္ကန္ဒောဘာသက မိန့်သည်။
ပုသိမ် Y.G.W ကျောင်း၌ KG တန်းမှ ၁၀ တန်းအထိ ပညာသင်ကြားနေသည့်ကျောင်းသား ၁၃၉ ဦး ရှိပြီး သာသနာဆိုင်ရာ ပရိယတ္တိစာပေ သင်ကြားနေသူ ကိုရင် ၃ ပါး ရှိသည်။ လသားအရွယ်မှ အသက် ၂ နှစ် အရွယ်ရှိသည့် ကလေးငယ် ၉ ဦး အပါအဝင် ကလေးငယ်ပေါင်း ၁၅၁ ဦး ရှိကြောင်း သိရသည်။ လသားအရွယ်ဖြင့် ကျောင်းသို့ရောက်ရှိလာသည့် ကလေးငယ်များကို ရဟန်းသံဃာတော်များက အမည်မှည့်ပေးကြပြီး မိဘသဖွယ်စောင့်ရှောက်မှု ပေးနေသည်ကို တွေ့ရသည်။
Y.G.W ကျောင်း၌ နေ့စဉ် မနက် ၆ နာရီနှင့် ညနေ ၆ နာရီတိုင်းတွင် ကျောင်းဦးဆောင်ဆရာတော်များက ကလေးငယ်များကို ဘုရားဝတ်တက်စေပြီး ကျန်အချိန်များတွင် လွတ်လပ်စွာဆော့ကစားခွင့် ပေးထားသည်ကို တွေ့ရသည်။
ကလေးငယ်များကို ကျွေးမွေးထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး “လသားအရွယ် ဘုစုခရုလေးတွေထိန်းရတာ မလွယ်ဘူး။ အချိန်ပြည့် ကြည့်နေရတယ်။ ညဘက်ဆို အိပ်ရေးပျက်တာပေါ့။ နို့ဆာလို့ထငိုရင် ဖျော်ထားတဲ့နို့ဗူးတိုက်၊ သူတို့ဖင်လေးတွေ စမ်းကြည့်။ သေးစိုနေရင် လဲပေး။ အသာလေးချော့ပြီး ပြန်သိပ်ပေါ့။ လုပ်ကာစတော့ခက်ခဲပေမယ့် နောက်ပိုင်းတော့ အေးဆေးဖြစ်သွားပါတယ်။ အခုဆို ကလေးတွေမရှိရင်တောင် မနေတတ်တော့ဘူး ဖြစ်နေပြီ” ဟု ဦးဇင်းဥပသန္ဒက ကလေးနို့ဘူးဖျော်ရင်း ပြုံးရွှင်စွာဖြင့် ပြောသည်။
ပုသိမ် Y.G.W ကျောင်း၌ ရောက်ရှိခိုလှုံနေကြသည့် ကလေးငယ်များမှာ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ လာရောက်နေထိုင်ကြသည့် ဗမာ၊ ပအို့ဝ်၊ ပလောင်၊ ရှမ်း၊ ရခိုင်စသည့် တိုင်းရင်းသားကလေးငယ်များ ဖြစ်ကြသည်။
Y.G.W ကျောင်းရှိ ကလေးအများစုမှာ ရှမ်းပြည်နယ်မှလာရောက်ကြသည့် ပအို့ဝ်တိုင်းရင်းသားများဖြစ်ကြပြီး စစ်ဘေးစစ်ဒဏ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်ကြောင့် ပညာသင်ကြားရန် အခက်အခဲများရှိသည့်အတွက် ခေါ်ယူစောင့်ရှောက်ထားခြင်းဖြစ်သည်ဟု ဆရာတော်ဦးက္ကန္ဒောဘာသက မိန့်သည်။
“ပအို့ဝ်ဒေသမှာက တိုက်ပွဲတွေရှိတယ်။ စီးပွားရေး ချို့တဲ့တယ်။ မူးယစ်ဆေးဝါး အန္တရာယ်ကလည်း ရှိနေတယ်။ စစ်ဖြင်ရင် ကလေးတွေက ကျောင်းမတက်ရ၊ တခါအရွယ်ရောက်လာရင် မူးယစ်ဆေးစွဲမှာလည်း စိုးရိမ်ရတော့ မိဘတွေကိုယ်တိုင်က သူတို့သားသမီးကို ရပ်ရွာမှာမထားချင်ဘူး။ အဲဒါကြောင့် ဦးဇင်းတို့ကခေါ်ထားပြီး ပညာသင်ပေးတယ်။ အချိန်တန် ပညာစုံလို့ ပြန်ချင်သူလည်း ပြန်ကြ။ ဒီမှာဆက်နေမယ်ဆိုလည်း ဦးဇင်းတို့က သားသမီးလို စောင့်ရှောက်ထားမှာပါ”ဟု ဆရာတော်က မိန့်သည်။
ပုသိမ် Y.G.W ကျောင်းမှ ပရဟိတရဟန်းသံဃာများအနေဖြင့် ငွေကြေးတတ်နိုင်လွန်းသဖြင့် မိဘမဲ့ကလေးများအား ခေါ်ယူမွေးစားနေခြင်း မဟုတ်ဘဲ ကျောင်းနှင့်နီးစပ်ရာ ဒကာ၊ ဒကာမများဆီမှ ရရှိလာသည့် ငွေကြေးအလှူများနှင့် Y.G.W အသင်းသား ရဟန်းသံဃာတော်များ စုပေါင်းထည့်ဝင်ထားသည့် လစဉ်ကြေးများဖြင့် နေ့စဉ်ကုန်ကျစရိတ်ကို အသုံးပြုနေခြင်းဖြစ်ကြောင်း ဦးဆောင်ဆရာတော် ဦးက္ကန္ဒောဘာသက မိန့်သည်။
Y.G.W ကျောင်းရှိ ကလေး ၁၅၀ ကျော်၏ စားစရိတ်မှာ မနက်စာလျှင် ကျပ် ၇ သောင်း၊ နေ့လည်စာ ကျပ် ၁ သိန်း ၁ သောင်းနှင့် ညစာ ကျပ် ၇ သောင်းကုန်ကျပြီး တနေ့တာထမင်းစရိတ်အဖြစ် နေ့စဉ် ကျပ် ၂ သိန်း ၅ သောင်းကျော် ကုန်ကျစရိတ် ရှိနေသည်ဟု သိရသည်။
“အလှူရှင်ရှိတဲ့နေ့ဆို စားစရိတ် မကုန်ဘူးပေါ့။ မရှိတဲ့နေ့ဆိုရင် ဦးဇင်းတို့က နီးစပ်ရာဒကာ၊ ဒကာမတွေဆီက အလှူခံတယ်။ အလှူခံလို့ မရတဲ့အချိန်ဆိုရင်တော့ ဦးဇင်းတို့ Y.G.W အသင်းသား ရဟန်းတော်တွေ စုပေါင်းထည့်ဝင်ထားတဲ့ လစဉ်ကြေးထဲက အသုံးပြုပြီး ဖြေရှင်းပါတယ်” ဟု ဆရာတော်ဦးက္ကန္ဒောဘာသက မိန့်သည်။
ကျောင်းအုပ်ချုပ်သူ ရဟန်းသံဃာများအနေဖြင့် ကလေးများ နေရေးထိုင်ရေးအဆင်ပြေအောင် စီမံနေရသလို လူ ၁၅၀ ကျော် နေ့စဉ်စားသောက်ရန် အိုးကြီးအိုးငယ်အသွယ်သွယ်ဖြင့် ချက်ပြုတ်နေကြသည့်် တာဝန်မှာ ကြီးလေးလွန်းလှသော်လည်း ကျောင်းရှိကလေးများကလည်း မိမိတို့ကျရာ တာဝန်များကို ခွဲဝေယူ၍ မညည်းမညူ လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။
ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်မှ ပုသိမ် Y.G.W ကျောင်းသို့ လာရောက်နေထိုင်ပြီး စတုတ္ထတန်း ပညာသင်ကြားနေသည့် မောင်ညီညီကျော်က “သားဒီမှာနေရတာ ပျော်တယ်။ သားတို့ဒေသက စစ်ပွဲဖြစ်နေတော့ ကျောင်းတွေပိတ်ထားရတယ်။ စာမသင်ရဘူး။ စစ်ဖြစ်ရင် ထွက်ပြေးရတယ်။ တောထဲမှာ သွားပုန်းရတယ်။ အဲဒါနဲ့ အဖေနဲ့အမေက ဒီကျောင်းကို ပို့ထားပေးတာ” ဟု ပြောသည်။
လက်ရှိအချိန်၌ Y.G.W ကျောင်းရှိ ကလေးဦးရေမှာ တနေ့တခြား များပြားလာသည့်အတွက် ကလေးများအတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ကလေးငယ်များ တကိုယ်ရည်အသုံးပြုရန် သေတ္တာများ၊ ကျောင်းဝတ်စုံများနှင့် ကလေးငယ်များအား တလတကြိမ် ကျန်းမာရေးစောင့်ရှောက် ကုသပေးမည့်သူများ လိုအပ်နေကြောင်း သိရသည်။
Y.G.W ကျောင်းသို့ လစဉ်လာရောက်လှူဒါန်းနေသည့် ပုသိမ်မြို့၊ အမှတ် ၇ ရပ်ကွက်၊ ပိတောက်ဝါ လူငယ်ပရဟိတအသင်းမှ ကိုဇော်လေးက “ကျနော်တို့က လွန်ခဲ့တဲ့ ၃ လလောက်ကစပြီး ဒီကျောင်းလေး သတင်းကြားလို့ လာလှူရင်းကနေ မိဘမဲ့ကလေးတွေကိုမြင်တော့ အရမ်းသနားတာနဲ့ လစဉ်လှူဖြစ်သွားတယ်။ ဦးဇင်းလေးတွေက ကလေးတွေ အများကြီးကို တကယ်စေတနာထားပြီး ပြုစုစောင့်ရှောက်တာ မြင်ရတော့ အရမ်းလေးစားမိပါတယ်” ဟု ပြောသည်။
Y.G.W ကျောင်းရှိ ကလေးငယ်များက ရဟန်းသံဃာများကို အဖေကြီးဟု ခေါ်ဆိုကြပြီး သံဃာတော်များကလည်း ကလေးများကို သား၊ သမီးစသဖြင့် မိသားစုအခေါ်အဝေါ်များ အသုံးပြုပြောဆိုလျက်ရှိရာ သံဃာတော်များနှင့် ရင်သွေးရတနာလေးများ၏ ဆည်းလည်းပြောဆိုသံများက ကျောင်းအတွင်း စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ် ကောင်းနေသည်။
ကလေးများ ပညာတတ်မြောက် အရွယ်ရောက်သည့်အချိန်တွင်လည်း ၎င်းတို့ ဝါသနာပါသည့် အရာများကို မြေတောင်မြှောက်ပေးသွားမည်ဟု Y.G.W ဆရာတော်တပါးဖြစ်သည့် ဦးဥပသန္ဒက မိန့်သည်။
“ ဦးဇင်းတို့က ကလေးတွေကြီးလာရင် ဘာဖြစ်ရမယ်လို့ သတ်မှတ်ထားတာ မရှိဘူး။ စက်ပိုင်းဆိုင်ရာ ဝါသနာပါတဲ့ ကလေးကို ဆေးထိုးအပ် အတင်းကိုင်းခိုင်ရင် ဒီကလေးက ဒုက္ခရောက်သွားနိုင်တယ်။ အဲဒီတော့ သူတို့ဝါသနာပါတဲ့လမ်းကို လျှောက်ပါစေ။ ဦးဇင်းတို့က မြေတောင်မြှောက်ပေးမယ်။ ဆရာဝန်၊ အင်ဂျင်နီယာစသဖြင့် သူတို့ဖြစ်ချင်တဲ့အထိ ဦးဇင်းတို့ အတတ်နိုင်ဆုံး ပံ့ပိုးထောက်ပံ့ပေးဖို့ စိတ်ကူးထားတယ်”ဟု ဦးဥပသန္ဒက မိန့်သည်။
မိဘစောင့်ရှောက်ကူညီမှုကင်းမဲ့သည့် ကလေးများ ထပ်မံလာရောက်နိုင်သည့် အခြေအနေနှင့် ပတ်သတ်ပြီး Y.G.W ဦးဆောင်ဆရာတော် ဦးက္ကန္ဒောဘာသက “ ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ရာမှာ ငွေကြေးပိုင်း အခက်အခဲလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုခက်ခဲလို့ ကလေးတွေကို လက်မခံဘူးဆိုတာ မရှိပါဘူး။ တကယ်ကို အားကိုးရာမိဘမဲ့နေတယ်။ မိဘတွေအနေနဲ့လည်း ပညာသင်ပေးဖို့၊ ကျွေးမွေးစောင့်ရှောက်ဖို့ အခက်အခဲရှိနေတယ်ဆိုရင် ဦးဇင်းတို့ကျောင်းကို လာပို့ပါ။ ဦးဇင်းတို့ သားသမီးလို သဘောထားပြီး တတ်နိုင်သရွေ့ ပြုစုစောင့်ရှောက်ပေးမယ်”ဟု မိန့်လေသည်။