ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ မော်ရှန် ရပ်ကွက် ရာအိမ်မှူး အမျိုးသမီး ယမန်နေ့ ညနေပိုင်းတွင် သေနတ်ပစ် ခံရ၍ သေဆုံးမှု ဖြစ်ပွားကြောင်း ဖားကန့် ရဲစခန်းက ပြောသည်။
အဆိုပါ ဒေါ်နန္ဒာလှိုင် အမည်ရှိ ရာအိမ်မှူးသည် အသက် ၄၀ ဝန်းကျင်ရှိပြီး ယမန်နေ့ ညနေ ၅ နာရီခန့်တွင် သေနတ်သမား ၂ ဦးက ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်လာပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖားကန့် ရဲစခန်းမှ ဒုရဲမှူး ကျော်သန့်က ဧရာဝတီကို ပြောပြသည်။
“လောလောဆယ် အမှုက တရားခံကို စုံစမ်းလို့မရသေးဘူး။ ဘယ်အဖွဲ့ ပစ်တယ်ဆိုတာလဲ စုံစမ်းလို့ မရသေးဘူူး။ ပြောရခက်တယ်။ လူသတ်မှု ဖြစ်တဲ့ ပြစ်မှု ပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့်ထားတယ်”ဟု ဒုရဲမှူး ကျော်သန့်က ပြောဆိုသည်။
ဖားကန့် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့ဝင် တဦးဖြစ်သော နော်လတ် ဆိုသူကလည်း ယမန်နေ့ ညနေပိုင်းက ရာအိမ်မှူး အမျိုးသမီး သေနတ်ပစ်ခံရကြောင်း၊ သို့သော် ပစ်သည့်သူကို မသိရှိရသေးကြောင်း၊ ဖားကန့် ဒေသတွင် လက်နက်ကိုင် အဖွဲ့များကြောင်း ပြောသည်။
ထို အမျိုးသမီးသည် ၂၀၁၆ ခုနစ်တွင် ရာအိမ်မှူး အဖြစ် ရွေးကောက်ခံထားရသူ ဖြစ်ပြီး ဖားကန့်မြို့နယ်တွင် ပထမဆုံး အမျိုးသမီး ရာအိမ်မှူး တဦးဖြစ်ကြောင်းလည်း နော်လတ်က ပြောပြသည်။
ဖားကန့်ဒေသတွင် အစိုးရ တပ်မတော်၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နှင့် ရှမ်းနီ ပြည်သူ့စစ် စသည့် လက်နက်ကိုင် အဖွဲ့များ ရှိသော နယ်မြေတခုဖြစ်ကြောင်း သိရသည်။
ဒေါ်နန္ဒလှိုင် သေနတ်ဖြင့် ပစ်သတ်ခံရမှု နောက်ကွယ်တွင် သံသယ ဖြစ်ဖွယ်များ ရှိနိုင်ကြောင်း၊ ၎င်းသည် ရပ်ကွက်အတွင်း တရား မဝင် စွန့်ပစ် မြေစာပစ်သည့် ကိစ္စတွင်လည်း ဦးဆောင် လုပ်ကိုင်နေသူ တဦးဖြစ်ကြောင်း ဖားကန့်ဒေသခံများက ပြောဆိုကြသည်။