ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်းရှိ မိုင်းခေါင်စစ်ရှောင်စခန်းတွင် စစ်ဘေးဒုက္ခသည် ၄၄ ဦး ထပ်မံ တိုးလာသည်ဟု သတင်းရရှိသည်။
အဆိုပါ စစ်ဘေးဒုက္ခသည်များမှာ မန်စီမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်( KIA) ၏ တပ်မဟာ(၃) လက်အောက်ခံ၊ တပ်ရင်း (၂၇) တို့ တိုက်ပွဲဖြစ်ပွားရာအနီးရှိ လိုင်ကာဇွပ်ဂျာ၊ ဂျေဆာန်း၊ မုန်းလူ နှင့် ဂါရိုင် ကျေးရွာ တို့မှ ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
မန်စီမြို့ စစ်ရှောင်စခန်းများကို အကူအညီပေးနေသည့် ဇင်လွန်းဖောင်ဒေးရှင်းမှ ဦးနန်းဇိမ်းလဂျာက “ ၄၄ ယောက် အသစ်တိုးလာတာ သူတို့က စစ်ပွဲကြားထဲ ညှပ်မိနေတော့ ထွက်ပြေးလာကြတာ ၊ ထွက်ပြေးလို့ မရပဲ ကျန်နေတာလည်း ၂၀ လောက် ရှိသေးတယ် “ ဟု ဧရာဝတီကို ပြောသည် ။
စစ်ဘေးရှောင်လာသူ ၄၄ ဦးအနက် ၂၅ ဦးမှာ အမျိုးသားဖြစ်ပြီး အမျိုးသမီး ၁၉ ဦးပါဝင်ကြောင်း၊ ၎င်းတို့ တိမ်းရှောင်လာကြသည့် မိုင်းခေါင်စစ်ရှောင်စခန်းမှာ ၂၀၁၁ ခုနှစ်မှ စ၍ စစ်ဘေးရှောင်နေသူ ၁၂၀၀ ကျော် ရှိနေကြောင်း၊ KIA နှင့် တပ်မတော်တို့မှာ မေလ ၁၄ ရက်မှ စ၍ မန်စီမြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွား နေခြင်း ဖြစ်ပြီး လက်ရှိတွင်လည်း ကောင်းခါးပါ ကျေးရွာ အနီးတွင် စစ်ရေး အခြေအနေ တင်းမာ နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ် အတွင်းရှိ စစ်ရှောင်စခန်းများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ၂၀၁၁ ခုနှစ်က စ၍ ထောက်ပံ့ခဲ့သော် လည်း ၂၀၁၆ ခုနှစ်တွင် ထောက်ပံ့မှုအားလုံးကို ၆၀ ရာခိုင်နှုန်းခန့် လျော့ချ လိုက် သဖြင့် စခန်းရှိ ဒုက္ခသည်များမှာ စားနပ်ရိက္ခာ အခက်အခဲ ရှိနေကြောင်း၊ တပ်မတော်နှင့် KIA မှာ ၂၀၁၁ ခုနှစ်မှ စ၍ တိုက်ပွဲများ ဖြစ်ပွားနေကြခြင်းဖြစ်ပြီး လက်ရှိတွင် ကချင် ပြည်နယ် အတွင်း စစ်ဘေးဒုက္ခသည် တသိန်းခွဲခန့်ရှိနေပြီး နေအိမ်များသို့ မပြန်နိုင်သည်မှာ ၅ နှစ် ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။