နိုင်ငံရေးအကျဉ်းသားဟောင်း(နိုင်/ကျဉ်း) များအတွက် ပြန်လည်ကုစားပေးမှုများနှင့် ပြန်လည်ထူထောင်ရေးအတွက် ကူညီပံ့ပိုးပေးမှု များပြုလုပ်ပေးရန် အစိုးရသစ်တွင် တာဝန်ရှိကြောင်း နိုင်/ကျဉ်းရေးရာဆောင်ရွက်နေသူများက ထုတ်ပြန်ပြောဆို လိုက် သည်။
နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)တို့က “လွတ်မြောက်ပြီးတဲ့အခါ ဘဝကိုအစကနေ ပြန်စကြရတယ်” ဟူသည့် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏ အတွေ့အကြုံများနှင့် ပြန်လည်ပေါင်းစည်ရေးစိန်ခေါ်မှုပြဿနာများ အစီရင်ခံစာထုတ်ပြန်ပွဲကို မေ ၂၅ ရက် က ရန်ကုန်မြို့ Orchid Hotel တွင်ပြုလုပ်ခဲ့စဉ် နိုင်ငံရေးအကျဉ်းသားဟောင်းများက ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများသည် မတရားဖမ်းဆီးအကျဉ်းခံရပြီးနောက် ထောင်မှ ပြန်လည် လွတ်မြောက်လာချိန် ၎င်းတို့ဘ၀ ပြန်လည်တည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အခက်အခဲများစွာ ကြုံတွေ့ နေရကြသော်လည်း အစိုးရအနေဖြင့် ယင်း လုပ်ငန်းစဉ်များကို ကူညီပံ့ပိုးပေးရန်၊ ပြန်လည်ကုစားမှု အစီအစဉ်များ ယခု အချိန်အထိ အကောင်အထည်ဖော်ဆောင်ခြင်း မရှိသေးသည့်အတွက် ယင်းသို့ထုတ်ပြန်ပြောဆိုရခြင်းဖြစ်ကြောင်း နိုင်/ကျဉ်းရေးရာဆောင်ရွက်နေသူများက ပြောသည်။
“ပြီးခဲ့တဲ့အစိုးရတုန်းက နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီအစည်းအဝေးတွေမှာ နိုင်/ကျဉ်းတွေနဲ့ပတ်သက်ပြီး တာ ဝန်ယူပေးဖို့ဆိုတာကိုပြောခဲ့ပါတယ်။ သို့သော်လည်း သူတို့က တယောက်ချင်းအနေနဲ့ ဒီကိစ္စတွေကို သူတို့ပိုက်ဆံထည့် မယ်။ လှူမယ်။ အစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်မှုပုံစံမျိုးနဲ့လုပ်ပေးမယ်ဆိုတာမျိုးမဟုတ်လို့ ကျနော်တို့ လက်မခံခဲ့ဘူး။ ဒါ ကြောင့် အခုအစိုးရသစ်အနေနဲ့ ဒါကိုကမကထပြုစေချင်တာပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော် မတီဝင် ဦးတင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။
ယင်းသုတေသနအစီရင်ခံစာကို AAPP နှင့် FPPS တို့မှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး စာရင်းကောက်ယူရရှိသည့် နိုင်/ကျဉ်းဦးရေ ၃၀၀၀ ကျော်မှ အချက်အလက်ပြည့်စုံသည့် ၁၆၀၀ ကျော်၏ စစ် ကြောရေးကာလနှင့် ထောင်အတွင်းတွေ့ကြုံရသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လွတ်မြောက်ပြီးချိန်မှစ၍ တွေ့ကြုံရ သောအခက်အခဲများကို အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
အစီရင်ခံစာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ပြန်လည်ကုစားပေးမှုအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သောဥပဒေ၊ လုပ်ငန်းစဉ်ရေးဆွဲခြင်းများပြုလုပ်ရန် အစိုးရနှင့်လွှတ်တော်သို့ အကြံပြုတိုက်တွန်း ထားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ထောင်ချခံရသောကြောင့် ရေရှည်သက်ရောက်ထိခိုက်မှုများအပြင် အမျိုးမျိုးသော ကန့်သတ်ချုပ်ချယ်မှုများ၊ လူမှုရေးအရ ခွဲခြားသတ်မှတ်ခံရခြင်းများကြုံတွေ့ရပြီး လူမှုအဖွဲ့အစည်းနှင့် ပြန်လည်ပေါင်းစည်း ရေးအတွက်လည်း အဟန့်အတားများစွာ ကြုံတွေ့နေကြရကြောင်း အစီရင်အခံစာတွင် ပါရှိသည်။
လတ်တလောတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ လူမှုဘဝဖူလုံရေးလစ်ဟာချက်များကို ဖြည့်ဆည်းပေးနိုင်ရန် AAPP၊ FPPS၊ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းနှင့် တချို့သော အရပ်ဘက်လူမှုအဖွဲ့အစည်းများက ကြိုးပမ်း ဆောင်ရွက်နေကြ ကြောင်း နိုင်/ကျဉ်းရေးရာဆောင်ရွက်နေသူများက ပြောသည်။
သုတေသနပါအချက်အလက်များသည် ပြန်လည်ထူထောင်ရေးအစီအစဉ်များအတွက် ရေးဆွဲချမှတ်ရာတွင် သက်သေ အဖြစ် ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံ ရေးအကျဉ်းသားဟောင်းများအား ပြန်လည်ကုစားပေးရေး ကိစ္စအပေါ်အခြေခံ၍ မြန်မာ နိုင်ငံတွင် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုကို တစိတ်တပိုင်းအနေဖြင့် ဆောင်ကျဉ်းပေးနိုင်မည်ဟု သုတေသနပြု လုပ်သူများက ယုံကြည်ထားသည်။
“ဒီသုတေသနအစီရင်ခံစာဟာ လက်စားချေချင်လို့မဟုတ်ပါဘူး။ အမှန်တရားကိုပြောချင်တာဖြစ်ပါတယ်။ နစ်နာခဲ့သူတွေ ဒုက္ခရောက်နေတာကို ကုစားပေးဖို့ဖြစ်ပါတယ် ” ဟု AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
AAPP နှင့် FPPS တို့စစ်တမ်းများအရ ၁၉၆၂ ခုနှစ်မှ ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၇၀၀၀ မှ ၁၀၀၀၀ ခန့်ရှိကြောင်း သိရသည်။