မြန်မာ့ရုပ်ရှင်လောကနဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေ ယခုရက်ပိုင်းမှာ မြင့်တက်လာပါတယ်။ အထူးသဖြင့် မြန် မာရုပ်ရှင်ကားတွေနဲ့ ပတ်သက်ပြီး ပရိတ်သတ်ရဲ့တုံ့ပြန်မှုတွေက ဘယ်တုန်းကနဲ့မှ မတူအောင် များပြားနေပါတယ်။
လူမှုကွန်ရက်မှာလည်း ရုပ်ရှင်လောကသားတွေနဲ့ ပရိတ်သတ်တွေ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေအပေါ် အပြန်အလှန်ရေး သားလာကြပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်ရေးတွေကို မြန်မာ့ရုပ်ရှင်လောကသားတွေ ဂရုစိုက်ဖို့ လိုပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းကို ဖော်ဆောင်နေတဲ့ကာလမှာ ဝေဖန်ရေးက မဖြစ်မနေ လိုအပ်ပါတယ်။
ဒီလို အပြုသဘောဆောင်တဲ့ ဝေဖန်ရေး အလေ့အထကောင်းကို ရုပ်ရှင်နယ်ပယ်တခုတည်းအတွက်သာမဟုတ်ဘဲ အခြား နယ်ပယ်အသီးသီးထိ သယ်ဆောင်သွားဖို့ လိုပါတယ်။
မြန်မာ့ရုပ်ရှင်လောကကို ရုပ်ရှင်ပရိတ်သတ်က လူမှုကွန်ရက်မှာမဝေဖန်ခင်မှာ ဗီစီဒီခွေရောင်းချမှုတွေဖမ်းဆီးတဲ့ စစ်ဆင် ရေးကို အာဏာပိုင်တွေက စတင်ခဲ့ပါတယ်။ ရုပ်ရှင်လောကသားအချို့က ခိုးကူးခွေတွေကြောင့် မြန်မာရုပ်ရှင်အဆင့်အ တန်း နိမ့်ကျနေရတယ်လို့ စွပ်စွဲထားတယ်။
ခိုးကူးခွေ နှိမ်နင်းရေးအဖြစ် ဗီစီဒီခွေရောင်းသူတွေကို နှိမ်နင်းခဲ့ပေမယ့် လက်တွေ့မှာ ဗီစီဒီခွေရောင်းချကြသူတွေက မြန်မာ ရုပ်ရှင်ခိုးကူးခွေ ရောင်းသူက မပြောပလောက်တဲ့ အနည်းငယ်သာဖြစ်ပါတယ်။ မိသားစုကြည့်လို့ရတဲ့ ဖျော်ဖြေရေးနိုင်ငံခြား ရုပ်ရှင်ဇာတ်ကားတွေကိုသာ အများစုက ရောင်းချကြတာပါ။ (ဆင်ဆာမဲ့ ညစ်ညမ်းနိုင်ငံခြားကား ရောင်းသူ အချို့လည်း ရှိ ပါတယ်။)
ခိုးကူးခွေနှိမ်နင်းရေးအဖြစ် နိုင်ငံခြားရုပ်ရှင်ခွေတွေ နှိမ်နင်းမှုကို အရင်ကလည်း မကြာခဏ လုပ်ခဲ့ကြပြီး လက်လီခွေရောင်း ချသူအချို့အရေးယူအပြစ်ပေးခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ နိုင်ငံခြားရုပ်ရှင်ခွေ ဖမ်းဆီးမှုကြောင့် မြန်မာ့ရုပ်ရှင်အဆင့် အ တန်းက ထင်သလောက် မြင့်တက်ခဲ့တာ မရှိပါဘူး။
ရုပ်ရှင်ကြည့် ပရိတ်သတ်တွေအတွက်တော့ ခိုးကူးခွေနှိမ်နင်းရေးဟာ နိုင်ငံခြားဇာတ်ကားကောင်း မကြည့်ရတာသာ
အဖတ်တင်ပါတယ်။ နည်းပညာခေတ်ကြီးမှာ ခိုးကူးခွေနှိမ်နင်းနေရုံနဲ့ မရတော့ပါဘူး။ မောက်စ်တကမ်း အကွာကနေ
ရုပ်ရှင်ကားတွေကို ကြည့်လို့ရနေပြီဆိုတာ သတိမူဖို့လိုပါတယ်။ ကလစ်တချက်နှိပ်ရုံနဲ့ ကိုရီးယားဇာတ်လမ်းတွဲ၊ တရုတ် သိုင်းကား၊ ဘောလိဝုဒ်၊ ဟောလိဒ်ဝုဒ်၊ အမျိုးစုံအောင် ကြည့်လို့ရနေပြီဖြစ်တယ်။
အားနာနာနဲ့ ဆိုပါရစေ။ လက်ရှိအခြေအနေမှာ မြန်မာ့ရုပ်ရှင်အဆင့်အတန်း နိမ့်ကျနေပါတယ်။ ဒီလို နိမ့်ကျလာတာ အခုမှ ရုတ်တရက် ထိုးဆင်းလာတာတော့ မဟုတ်ပါဘူး။ တအိအိနဲ့ မြန်မာ့ရုပ်ရှင် ထိုးဆင်းနေတာ ဆယ်စုနှစ်နီးပါးရှိခဲ့ပါပြီ။ အခုမှ ပြောခွင့်သာလို့ ဝိုင်းဝန်းပြောဆိုဝေဖန်နေကြတာဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်အဆင့်အတန်းနိမ့်ကျရတဲ့ အကြောင်းပေါင်းများစွာ ရှိပါလိမ့်မယ်။ ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ အတက်ပညာချို့တဲ့ မှု၊ သရုပ်ဆောင်ကောင်း ရှားပါးမှု၊ ဝတ္ထု ဇာတ်ညွှန်း ညံ့ဖျင်းမှု၊ ဆက်တင် အခက်အခဲ၊ ပါဝင်ကြသူတွေရဲ့စေတနာနည်းပါးမှု ရုပ်ရှင်ရုံအရေအတွက် လျော့ကျလာမှု၊ ဇာတ်ဝင်သီချင်း ကောင်းကောင်း မသုံးနိုင်မှုစတဲ့ အကြောင်းရင်းပေါင်းများစွာမှာ အ ခြေခံပါတယ်။
အရင်က ရုပ်ရှင်ဇာတ်ကားတွေမှာ သီဆိုခဲ့တဲ့ တေးသီချင်းတွေကို ဇာတ်ဝင်တေးအဖြစ် တေးစီးရီးစျေးကွက်မှာ ခိုင်ခို်င်မာ မာ ရပ်တည်နိုင်အောင်အထိ အနုပညာအရည်အသွေးကောင်းခဲ့ကြတယ်။ အဓိက အကျဆုံးက ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ကြသူတွေရဲ့ စေတနာနည်းပါးမှုပါပဲ။ ဒါဟာ မျက်စိမှိတ်စွပ်စွဲချက် မဟုတ်ပါဘူး။
မြန်မာရုပ်ရှင်အချို့မှာ တလအတွင်း လက်ပူတိုက် ထုတ်လုပ်ခဲ့တဲ့ ကားတွေပါဝင်တယ်။ ဖြစ်ကတတ်ဆန်း အခန်းလေးတ ခန်းထဲမှာပဲ ဖြစ်သလို လှည့်ပတ်ရိုက်ခဲ့ကြတဲ့ ရုပ်ရှင်ကားတွေရှိခဲ့တယ်။ ဆူလွယ်နပ်လွယ် ငွေဖြစ်လွယ်တဲ့ ပေါပေါပဲပဲ ဟာသရုပ်ရှင်တွေရိုက်ပြီး ပရိတ်သတ်ရဲ့ ငွေတွေ၊ အချိန်တွေ၊ မေတ္တာတရားတွေ သဲ့ယူခဲ့ကြသူတွေရှိတယ်။
လက်ရှိအချိန်မှာ ရုပ်ရှင်ရုံအရေအတွက်က အရင်ထက်စာရင် သိသိသာသာလျော့နည်းလာတာ အမှန်ပါပဲ။ တချို့ရုပ်ရှင်ရုံ တွေ ပုဂ္ဂလိကလက်ထဲ ရောက်သွားပြီး ဟိုတယ်ဖြစ်သွားတာတွေရှိတယ်။ ကာလရွေ့လျားပြီး ဂိုဒေါင်ဖြစ်သွားတဲ့ရုပ်ရှင်ရုံ ရှော့ပင်းမောလ်ဖြစ်သွားရတဲ့ရုပ်ရှင်ရုံတွေလည်း ဒုနဲ့ဒေးပါပဲ။
တကယ်လို့သာ မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားပြီး ဝင်ငွေကောင်းမှာ သေချာခဲ့ရင် စီးပွားရေးလုပ်ငန်းရှင်တွေက ရုပ် ရှင်ရုံတွေ နေရာအနှံ့ ဆောက်လုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ ရုပ်ရှင်ရုံ လုပ်ငန်းအတွက် အချိန်မဆိုင်းဘဲ ရင်းနှီးမြှုပ်နှံကြ မှာသေချာပါတယ်။ ရုပ်ရှင်ရုံတွေပေါပေါများများရှိခဲ့တုံးက ရုပ်ရှင်ကား တကယ်ကောင်းရင် ရုပ်ရှင်လက်မှတ်တွေကို ပရိတ် သတ်က မှောင်ခိုစျေးပေးပြီး ကြည့်ခဲ့ကြရတယ်။
ရုံပြည့်ပြီ ဆိုင်းဘုတ်ချိတ်ဆွဲခဲ့ရတဲ့ ဇာတ်ကားတွေလည်း အများအပြားထွက်ပေါ်ခဲ့တယ်။ အခု ရုပ်ရှင်ရုံအရေအတွက်လည်း အရင်အရေအတွက်ရဲ့ထက်ဝက်တောင် မရှိတော့ဘူး။ မြို့ပြမှာ နေထိုင်အခြေချတဲ့ လူဦးရေကလည်း အရင်ထက်များလာ တယ်။ ဒါပေမယ့် ရုံပြည့်ပြီချိတ်ဆွဲရတဲ့ ရုပ်ရှင်ကားက တနှစ်လုံးနေလို့ လက်တဖက် မပြည့်ဘူး။
ရုပ်ရှင်ကားထုတ်လုပ်သူတွေ သရုပ်ဆောင်တွေ အတတ်ပညာရှင်တွေအနေနဲ့ မြန်မာ့ရုပ်ရှင် မြှင့်တင်နိုင်ဖို့ ဝိုင်းဝန်းကြံ ဆောင်ကြရမယ့် အချိန်ရောက်နေပါပြီ။ ပရိတ်သတ်က ဝေဖန်တယ်ဆိုတာ ရုပ်ရှင်ကားကောင်းတွေ ကြည့်ချင်ကြလို့ ရုပ်ရှင် ကားကောင်းငတ်လို့ ချစ်စိတ်၊ တန်ဖိုးထားစိတ်နဲ့ ဝေဖန်နေကြတာဖြစ်ပါတယ်။
မြန်မာရုပ်ရှင်မကြည့်တော့ဘူလို့ ပိုင်းဖြတ်ထားရင် ဝေဖန်နေစရာ အကြောင်းမရှိပါဘူး။ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုး တတ်စေချင်လို့ သံယောဇဉ် မကုန်လို့ ဝေဖန်နေတယ်ဆိုတာ ရုပ်ရှင်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေ သတိချပ် စေလိုပါတယ်။
နိုင်ငံခြားရုပ်ရှင်တွေကြောင့် မြန်မာရုပ်ရှင်ကျဆင်းရတယ်ဆိုရင်လည်း နိုင်ငံခြားကားတွေကို ယှဉ်ပြိုင်နိုင်အောင် ဘယ်လို လုပ်ကြမလဲ။ ဆက်သွယ်ရေးကွန်ရက်တွေ ပေါကြွယ်လှတဲ့ သတင်းနည်းပညာခေတ်ကြီးမှာ တားဆီးပိတ်ပင်ဖို့ဆိုတာ မ လွယ်ပါဘူး။ ဘယ်လိုကောင်းအောင် ယှဉ်ပြိုင်မလဲဆိုပြီး အားထုတ်ကြရမှာဖြစ်ပါတယ်။
သိုးဆောင်းစကားပုံက “စိုက်သောသူ၏ အသီးကိုသာ ခူးဆွတ် ရိတ်သိမ်းရစမြဲ”လို့ ဆိုထားတယ်။ မြန်မာ့လူမှုရေးမှာလည်း စေတနာမှန်သော ကံတရားလို့ ဆိုထားတယ် မဟုတ်လား။
မြန်မာရုပ်ရှင်ပရိတ်သတ်အပေါ်မှာထားတဲ့ စေတနာကို သိချင်ရင် ရုပ်ရှင်ဇာတ်ကားနာမည်တွေကိုသာ ကြည့်လိုက်ပါတော့ လို့ဆိုပါရစေ။
(သန်းနိုင်ဦးသည် မန္တလေး အခြေစိုက် သတင်းစာဆရာ ဖြစ်သည်)