ယခုအချိန်မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်နေကြသူတွေကို ပြင်းပြင်း ထန်ထန် အရေးယူဖို့ တောင်းဆိုမှုတွေရှိလာတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုယ်တိုင်က သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို အနည်းဆုံးထောင်ဒဏ် ၁၀နှစ်ကနေ အများဆုံး ထောင်ဒဏ်တသက်တကျွန်းထိ ကျခံရမယ့် ဥပဒေ ကြမ်း ရှေ့နေချုပ်ရုံးထံ တင်ပြထားကြောင်း အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ဖြေကြားထား တယ်။
အရွယ်မရောက်သေးတဲ့သူတွေကို ပစ်မှတ်ထားပြီး ကာမရယူတဲ့ ဖြစ်စဉ်တွေ မကြာခဏ ပေါ်ပေါက်နေတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေက သက်ငယ်မုဒိမ်းကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုကြတယ်။
သက်ငယ်မုဒိမ်းကျူးလွန်နေကြတာက မြို့ကြီးပြကြီးရော ကျေးလက် တောရွာပါမကျန် နေရာဒေသမရွေးမှာ ဖြစ်ပေါ်နေ တာပါ။ ကျူးလွန်ကြသူတွေထဲမှာ လက်လုပ်လက်စား လုပ်ကိုင်ကြတဲ့သူတွေ၊ ပညာတတ်ဘွဲ့ရတွေ အမှုထမ်းတွေလည်း ပါဝင်ကြတယ်။
လူ့အဖွဲ့အစည်းရဲ့ အိမ်ဦးခန်းမှာ နေရာပေးထားကြရသူ အချို့သည်ပင် မုဒိမ်းမှုကျူးလွန်ကြသူတွေထဲမှာ ပါဝင်တယ်။ ကျူးလွန်ကြသူတွေက စိတ်အလိုလိုက်ပြီး တကြိမ်တခါ မိုက်မဲကျူးလွန်မိတာမဟုတ်ဘဲ အကြိမ်ကြိမ် ကျူးလွန် ကြတာတွေလည်း ရှိပါတယ်။
ဆွေမျိုးအရင်းအခြာတွေ ဆွေနီးမျိုးစပ်တွေ လုပ်ဖော်ကိုင်ဖက်တွေထဲက လူစိတ်မရှိသူအချို့ကလည်း ကာမစိတ်လွန်ကဲပြီး ကျူးလွန်ကြတာတွေရှိတယ်။ လူရင်းတွေပဲဆိုပြီး ကလေးငယ်တွေကို မျက်ကွယ်မှာ ပစ်ထားလို့ မရပါဘူး။ ကာမရာဂကြီး လွန်သူတွေရဲ့လက်ချက် မိသွားနိုင်ပါတယ်။
ကာမရာဂစိတ်လွန်ကဲသူတွေက စိတ်ပိုင်းဆိုင်ရာ စံလွဲနေကြသူတွေသာဖြစ်ပါတယ်။ သူတို့တွေက လိင်ပညာပေးတွေ စနစ်တကျ မခံယူခဲ့ကြရဘူး။ မြန်မာလူ့အဖွဲ့အစည်းက အရှေ့တိုင်း ယဉ်ကျေးမှုထွန်းကားတဲ့ လူ့အဖွဲ့အစည်းဖြစ်တာနဲ့အညီ လိင်မှု ကိစ္စ မှန်သမျှကို မကြားဝံ့မနာသာအဖြစ် ဖုံးဖုံးဖိဖိ လုပ်ခဲ့ကြတယ်။
မပြောမဖြစ်လို့ ပြောရပြန်ရင်လည်း နားနဲ့မနာ ဖဝါးနဲ့နာပါဆိုပြီး အာလုပ်စကားခံ ပြောကြရတယ်။ ချက်အောက် ကိစ္စမှန် သမျှ ယဉ်ကျေးမှုတံတိုင်းနဲ့ ကာဆီးထားကြတယ်။ ကျောင်းတွေမှာ လိင်ပညာရေး(Sex education) မစနိုင်သေးခင် အိမ် တွေက စတင်လို့ရပါတယ်။
ကြမ်းတမ်းတဲ့ စကားလုံးဝေါဟာရတွေအစား ကလေးငယ်နဲ့ သင့်တော်မယ့် စကားလုံးတွေရွေးချယ်ပြီး ရင်သွေးငယ်တွေကို သင်ကြားပြသပေးထားလို့ရပါတယ်။ မိခင်က သမီးကို မှာကြားရမယ့် မျိုးဆက်ပွားကျန်းမာရေးကိစ္စတွေ ဖခင်က သားကို ပြောရမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝပြောင်းလဲမှု ဖြစ်စဉ်တွေ ပြောပြတဲ့ အလေ့အကျင့်နည်းတယ်။
အဲဒီအကျိုးဆက်က တတ်ယောင်ကားတွေရဲ့ စကားနားယောင်ပြီး လူ့အဖွဲ့အစည်းက ဘယ်လိုမှ လက်မခံနိုင်တဲ့ လိင်မှုကိစ္စ အဓမ္မရယူတဲ့ဖြစ်ရပ်တွေ ဖြစ်လာတော့တာပါပဲ။
သက်ငယ်မုဒိမ်းဖြစ်စေ သက်ကြီးမုဒိမ်းဖြစ်စေ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံပါဘူး။ စက်ဆုပ်ရွံရှာဖွယ်ကိစ္စအဖြစ် နှာခေါင်းရှုံ့ကြတယ်။ တည်ဆဲ ဥပဒေတွေအရ ရဲအရေးပိုင်တဲ့ အမှုဖြစ်ပြီး တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ်ကျခံနိုင်ရတဲ့ ဥပဒေဖြစ်တယ်။
သက်ငယ်မုဒိမ်း ကျူးလွန်သူဆိုရင် မုဒိမ်းမှုအပြင် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေနဲ့ပါ အရေးယူအပြစ်ပေးခံရနိုင်ပါတယ်။ ဒါပေသိ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ကျူးလွန်နေကြသူတွေ ရှိနေဆဲဖြစ်တယ်။
ကျူးလွန်တဲ့ဖြစ်စဉ်တွေမှာ နွမ်းပါးချို့တဲ့သူတွေ မှီခိုနေရသူတွေကို ပစ်မှတ်ထားတာဖြစ်လို့ တချို့အမှုတွေက တရားရုံးအထိ ရောက်မလာကြတာလည်းရှိတယ်။ အရပ်ဘက် အဖွဲ့အစည်းအချို့က ကျူးလွန်ခံရသူတွေအတွက် လူမှုအထောက်အပံ့တွေ ပေးကြတယ်။
တရားစွဲဆိုဖို့ စရိတ်ကျခံတာပေးတာတွေ ရှိပေမယ့် အကျူးလွန်ခံရသူတွေရဲ့အုပ်ထိန်းသူတွေကိုယ်တိုင်က တရားစွဲဆိုဖို့ စိုးရွံ့ကြတာလည်းရှိတယ်။ သာမန်ပုထုဇဉ်မှန်သမျှ ကာမစိတ်နဲ့ မကင်းနိုင်ကြပါဘူး။ ကာမစိတ်များသူနဲ့ နည်းသူသာ ကွာခြား နိုင်တယ်။ ကာမရာဂစိတ် မလွန်ကဲအောင် အရှက်ကြောက်တရား ဟီရိသြတပ္ပနဲ့ ထိန်းချုပ်ကြရမှာပါ။
ကာမဂုဏ်မှာချည်း ပျော်မွေ့နေပြီး အိပ်စားကာမကိုသာ ထပ်ပြန်တလဲလဲ လုပ်ဆောင်နေရင် တိရစ္ဆာန်နဲ့ မခြားတော့ပါဘူး။ အရှက်အကြောက်တရားနဲ့ လူ့အဖွဲ့အစည်းကို ထိန်းကျောင်းပေးနေတာဖြစ်ပါတယ်။
အန်းဒရွိုက်ယဉ်ကျေးမှုထွန်းကားတဲ့ခေတ်မှာ မကြားဝံ့ မမြင်ဝံ့ဆိုတာတွေက ပါးလျလာတယ်။ လက်တဝါးအရွယ် ဖုန်းတလုံးနဲ့ ကမ္ဘာကြီးကို ချိတ်ဆက်နိုင်ပြီဖြစ်ပါတယ်။ လိင်ပညာပေး မဟုတ်တဲ့ ညစ်ညမ်း စာပေတွေ ညစ်ညမ်းဓာတ်ပုံတွေ ညစ်ညမ်းရုပ်ရှင်တွေက လက်တကမ်းမှာ အလွယ်တကူ ရနေတယ်။
အဲဒီလို ညစ်ညမ်းရုပ်ရှင်နဲ့ ညစ်ညမ်းစာပေတွေကိုဖတ်ပြီး ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်သူတွေက လက်တည့်စမ်းဖို့ သားကောင်ရှာတော့တာပါပဲ။
ကာမရာဂလွန်ကဲသူတွေရဲ့စက်ကွင်းက လွတ်ဖို့ မိမိတို့ရဲ့ ကလေးငယ်တွေကို စောင့်ရှောက်ကြဖို့ လိုပါတယ်။ လိင် အကြမ်းဖက်ခံကြရတဲ့ကလေးငယ်တွေက အခြားကလေးငယ်တွေထက် ဖွံ့ဖြိုးမှုနောက်ကျပြီး စိတ်ပိုင်းဆိုင်ရာဒဏ်ရာ တွေလည်း ရရှိကြတယ်။
ကာမရာဂ လွန်ကဲပြီး ကျူးလွန်သူတွေကို နောင်မလုပ်ရဲအောင် ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတဖို့လည်း လိုပါတယ်။ ကျူးလွန်ခံကြရ တဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးဖို့ စာနာပေးဖို့ ဘဝခရီးလမ်း သာယာဖြောင့်ဖြူးဖို့ လူ့အဖွဲ့အစည်းမှာ ဝင်ဆံ့နိုင်ဖို့ လက်တွဲခေါ်ယူဖေးမကြရမှာပါ။
အနာဂတ်က လူငယ်တွေရဲ့လက်ထဲမှာ ရှိပါတယ်။ ကလေးငယ်တွေကို စောင့်ရှောက်ခြင်းက ကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်ခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့တိုင်းပြည် စိမ်းလန်းတဲ့ပြည်ထောင်စုဖြစ်ဖို့ ကလေးလူကြီးအားလုံး လိင်အကြမ်း ဖက်ခံရမှု ကင်းဝေးဖို့လိုပါတယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)