ပြီးခဲ့တဲ့ တပတ်က စိတ်ဉာဏ်ရည် မြင့်မားစေဖို့ အတွက် ကလေးများကို ငယ်စဉ်ကတည်းက သင်ကြား စောင့်ရှောက်ဖို့ လိုတယ်ဆိုတဲ့ အကြောင်း ကျမ တင်ပြဆွေးနွေးခဲ့ပါတယ်။
ဒီတပတ်မှာတော့ သားယောက်ျားလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်မှု စွမ်းရည် မြင့်မားစေဖို့ အတွက် မိဘများအနေနဲ့ ဘယ်လို ထိန်းသိမ်းပြုစု စောင့်ရှောက်ပေးရမယ် ဆိုတဲ့ အကြောင်းကို ကျမ တင်ပြ ဆွေးနွေးချင်ပါ တယ်။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို မှန်ကန်စွာနဲ့ ထိန်းသိမ်းနိုင်မှု ရှိခြင်း ဆိုတဲ့ စွမ်းရည်ဟာ လူတဦးချင်းစီ အတွက်ရော၊ လူမှု အဖွဲ့စည်း အတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ စွမ်းရည် တခုပါ။ ဒီ စွမ်းရည်လေးကို ရရှိစေဖို့ အတွက် နောင်တချိန်မှာ လူကြီးဖြစ်လာမယ့် ကလေးတို့ကို ငယ်ငယ် ကတည်းက လေ့ကျင့်ပေးဖို့ လိုပါတယ်။
မပြောသင့် မပြောအပ်တဲ့ အရာကို မပြောဖို့၊ ကိုယ်ချင်းစာတရား ရှိဖို့၊ ကိုယ့်ရဲ့ လောဘ ဒေါသ စတာတွေကို ပတ်ဝန်းကျင်ကို ရိုက်ခတ်စေတဲ့ အထိ မပေါက်ကွဲမိစေဖို့ စတာတွေကို ထိန်းချုပ်နိုင်ဖို့ အတွက် ဟိုးငယ်စဉ်ကလေး ဘဝကတည်းကို က မိဘဆရာများက ကလေးတို့ကို သင်ကြားပေးကြရမှာပါ။
သင်ကြားပေးတဲ့ နေရာမှာလည်း နည်းလမ်းမှန်ကန်ဖို့ လိုပါတယ်။ ကျမတို့ ရဲ့ မြန်မာ လူမှုအသိုင်းဝိုင်းမှာ တော်တော် များများ လက်ခံထားတဲ့ အယူဆတခု ရှိပါတယ်။ ဒါကတော့ ယောက်ျားလေး မငိုရဘူး ဆိုတဲ့ အယူအဆပါ။ ယောက်ျားလေး ကလေးငယ်ငယ်လေးတွေကို မိဘများက “မင်း ယောကျၤား မဟုတ်ဘူးလား။ မငိုနဲ့” ဆိုပြီး တားမြစ် တတ်ကြပါတယ်။ အမှန်တော့ ဒါဟာ အင်မတန်မှ မှားယွင်းတဲ့ တားမြစ်ချက် တခုပါပဲ။ ဝမ်းနည်းမှု၊ ဒေါသထွက်မှု၊ အားငယ်မှု၊ ကြောက်ရွံမှု စတာတွေ အားလုံးဟာ လူသားရဲ့ ခံစားချက် များပေမို့ ယောက်ျားလေးမှာ ရော၊ မိန်းကလေး မှာပါ အတူတူပါပဲ။ ယောကျၤားလေး မငိုရဘူးလို့ တားမြစ်လိုက်တဲ့ အတွက် ယောကျၤားလေးများမှာ သူတို့ရဲ့ ဝမ်းနည်းမှုကို ငိုကြွေးခြင်းနဲ့ ဖြေသိမ့်လို့ မရရှာတော့ပါဘူး။ ငါယောက်ျားပဲ ငါဝမ်းမနည်းဘူး ဆိုပြီးတော့ ကိုယ့်ရဲ့ ခံစားချက်ကို ကိုယ့်ဘာသာလိမ်ညာ တတ်လာပါတယ်။ ဒီလို ခံစားချက်ကို လိမ်ညာခြင်းကနေ တဆင့် ကိုယ်ဒေါသ ထွက် နေရင်တောင်မှ ကိုယ့်ဘာသာကိုယ် ဒေါသထွက်နေမှန်း မသိလိုက်ဘဲ စိတ်နောက် ကိုယ်ပါ လုပ်တတ်တဲ့ အပြုအမူတွေ ဖြစ်လာကြတာပါပဲ။
တချို့ ပြောတတ်ကြ ပါတယ်။ မျက်လုံးထဲမှာ ရုတ်တရက် ဘာမှ မမြင်တော့ဘူး ဖြစ်သွားတယ်။ ဒါကြောင့်မို့ လုပ်လိုက်မိတယ် ဆိုတာမျိုးပါ။ ဒါဟာ ကိုယ့်ကိုယ့်ကို အတွက် ရော ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့လူမှု အသိုင်းဝိုင်းနဲ့ နိုင်ငံအတွက်ပါ အင်မတန်မှ အန္တရာယ် ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုပါ။ အထူးသဖြင့် ရာထူးကြီးကြီး ယူထားတဲ့လူတွေ၊ လုပ်ပိုင်ခွင့် များများ ရထားတဲ့ လူတွေ အတွက် စိတ်ပိုင်း ဆိုင်ရာ ထိန်းချုပ်နိုင်မှု စွမ်းရည်က ပိုပြီးတော့ လိုအပ်လှပါတယ်။
အမှန်တော့ မိန်းကလေးနဲ့ ယောက်ျားလေးမှာ ကျမတို့ ထင်ထားသလိုမျိုး မိန်းကလေးက ယောက်ျားလေးထက် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားခံစားမှု စွမ်းရည် မပိုပါဘူး။ တကယ်တော့ ယောက်ျားလေးများဟာ မိန်းကလေးများထက် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှား ခံစားမှု စွမ်းရည် ပိုပြင်းထန် ကြပါတယ်။ ယောက်ျားလေးများက မိန်းကလေးများထက် ပိုခံစားနိုင်၊ ပိုဝမ်းနည်းနိုင်၊ ပိုဒေါသထွက်နိုင်၊ ပိုပြီးတော့ နာကျင်နိုင်ကြတာပါ။ ဘာကြောင့်များ မိန်းကလေးများက ပိုပြီးတော့ ခံစားနိုင်တယ်လို့ ပတ်ဝန်းကျင်မှာ ထင်ရသလဲ ဆိုရင်ဖြင့် ခံစားမှုကို ထုတ်ဖော်ပြတဲ့ နေရာမှာ သဘာဝချင်း ကွာခြားသွားလို့ ပါပဲ။
မိန်းကလေးများက သူတို့ ဝမ်းနည်းရင်၊ ဒေါသထွက်ရင် သူတို့ ယုံကြည် စိတ်ချရတဲ့ လူ (မိဘ၊ သူငယ်ချင်း) စတဲ့ လူတွေ ဆီကို သွားပြီးတော့ ရင်ဖွင့်တတ်ကြပါတယ်။ ယောကျာ်လေးများကတော့ အဲဒီလိုမျိုး ပြောဆိုရင်ဖွင့် တာမျိုး မရှိကြပါဘူး။ သူတို့ ဝမ်းနည်းရင်ပဲ ဖြစ်ဖြစ် ဒေါသထွက်ရင်ပဲ ဖြစ်ဖြစ် စိတ်လှုပ်ရှား ခံစားရတဲ့ အခါမျိုးမှာ ကားလျှောက်မောင်း ပစ်တာမျိုး၊ ဘောလုံးကန်တာမျိုး၊ လမ်းလျှောက် ပစ်လိုက်တာမျိုးနဲ့ ဖြေသိမ့်တတ်ကြ ပါတယ်။
မိဘများ အနေနဲ့ ကလေးတို့ ဝမ်းနည်းတဲ့အခါ၊ ဒေါသထွက်တဲ့အခါ မျိုးတွေမှာ သူတို့ ခံစားနေရတဲ့ ဝမ်းနည်းမှု၊ ဒေါသ စတာတွေ ကို အသိအမှတ် ပြုပေးဖို့ လိုပါတယ်။ အနည်းဆုံး ဘာမှ မပြောတတ်ရင် တောင်မှ ကလေးကို ထွေးပွေ့ ဖက်ထားမယ် ဆိုရင်ဖြင့် သူတို့ရဲ့ စိတ်ဆိုး ဒေါသထွက်မှု၊ ဝမ်းနည်းမှုတို့ ပြေပျောက်သွားနိုင်ပါတယ်။
သူတို့ ဖြစ်လာတဲ့ ပြဿနာ၊ သူတို့ခံစားရတဲ့ ခံစားချက်တွေကို ပြောပြတဲ့ အခါမျိုးမှာလည်း ကလေး တို့ကို အပြစ်မတင်ဘဲ ကိုယ်ချင်းစာစိတ်နဲ့ ငြိမ်ငြိမ်သက်သက် နားထောင်ပေးဖို့လိုပါတယ်။ ပြီးရင်တော့ ဘာကြောင့် ဘယ်လို ဖြစ်ရတယ် ဆိုတာကို အပြစ်တင် ဝေဖန်တာ မပါဘဲနဲ့ သူတို့လေးတွေနဲ့ အတူတူ ကူညီ စဉ်းစားပေးရ ပါမယ်။
ဒါဆိုရင်ဖြင့် ကိုယ့်ရဲ့ စိတ်လှုပ်ရှား ခံစားမှုကို သိတဲ့၊ ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ စိတ်ဉာဏ်ရည် မြင့်တဲ့ ကလေးတွေ ဖြစ်လာ ကြမှာ အမှန်ပါပဲ။ လူ့လောက မှာ လူတိုင်း လူတိုင်းဟာ ဒေါသနဲ့ မကင်းပါဘူး။ ဝမ်းလည်း နည်းတတ်ကြ ပါတယ်။ စိတ်ဆိုးတယ်၊ ဒေါသထွက်တယ်၊ ဝမ်းနည်းတယ်၊ ကြောက်တယ်ဆိုတာ လူ့စိတ်အခြေခံ မှာကိုက ပါလာတဲ့ အရာတွေပါ။ ဒါပေမယ့် ဒီစိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ကို အဆုံးစွန် လွှတ်ပေး လိုက်တဲ့ အထိ မဖြစ်စေဖို့ ဆိုတာ ကတော့ တဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်နဲ့ ဆိုင်ပါတယ်။
စိတ်ဉာဏ်ရည် မြင့်မားသူများဟာ လူတဖက်သားကို လည်း ကိုယ်ချင်းစာ တရားမြင့်မားတတ်ကြ ပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားမှုကို ကိုယ်သိသလို၊ လူအများရဲ့ စိတ်ခံစားမှုကို လည်း နားလည် ခံစားသိမြင် နိုင်စွမ်းရှိတာမို့ လူ့လောကအတွက်၊ လူ့အသိုင်းဝိုင်းအတွက် အင်မတန်မှ အဖိုးတန်တဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ တချိန်မှာ နိုင်ငံရဲ့ တာဝန်ကို ထမ်းဆောင်ကြရမယ့် သားယောကျၤားလေးများကို စိတ်ဉာဏ်ရည် မြင့်မားတဲ့ ယောကျၤားကောင်းများ ဖြစ်စေဖို့ အတွက် မိဘ ဆရာများ အနေနဲ့ ငယ်စဉ်ကတည်းက ကလေးတို့ကို လေ့ကျင့် ပေးကြပါဦး လို့ အကြံပြုလိုက်ပါတယ်။