ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ရန် အဆိုပြုချက်ကို ယမန်နေ့ ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ်သွားသည်။
ကောင်းမွန်သော အုပ်ချုပ်ရေး (Good governance)၊ သန့်ရှင်းသောအစိုးရ (Clean government) ဖြစ်ပေါ်စေရေး ရည်ရွယ်ပြီး ယင်းအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ပုသိမ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြီးခဲ့သည့် ဇူလိုင် လ ၂၅ရက်နေ့ ဆွေးနွေးရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဤအဆိုကို ဆွေးနွေးရန် NLDပါတီမှ လက်ပံတန်း မဲဆန္ဒနယ်အမတ် ဦးကျော်မင်း၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူ သင်း၊ကျောက်ပန်း တောင်း မဲဆန္ဒ နယ်မှ ဒေါက်တာဇော်မြင့်မောင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ ဒေါက်တာမျိုးအောင်၊ ဝါးခယ်မ မဲ ဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စန်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးကို မူလသတ်မှတ်ထားသော် နောက်ပိုင်းတွင် တပ်မ တော်သားအစုအဖွဲ့မှ ဗိုလ်မှူးကြီး ခင်မောင်ထွန်း၊ ဗိုလ်မှူးကြီး အောင်မြင့်နှင့် တခြားသောပါတီများမှ ကိုယ်စားလှယ်များ ကိုလည်း ဆွေးနွေးခွင့်ပြုခဲ့သည်။
ယင်းအဆိုကို NLD လွှတ်တော်အမတ်များအပါအဝင် ၇ဦးက ထောက်ခံဆွေးနွေးသော်လည်း တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးက အခြေခံဥပဒေ ပုဒ်မ ၆၈ တွင် ပြဌာန်းပြီးဖြစ်၍ အခြေခံဥပဒေကို ကျော်လွန် ဆွေးနွေးနေကြောင်း ထောက်ပြကာ ကန့်ကွက်ခဲ့သည်။
အခြေခံဥပဒေ ပုဒ်မ ၆၈တွင် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစီးပွားထဲဖြစ်သော မိသားစုပိုင်၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွား ရေး လုပ်ငန်း၊ ဆုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ပေးပို့ရ မည်ဟုဖော်ပြထားသည်။
အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကလည်း အခြေခံဥပဒေကိုကျော်လွန်နေသည် ဟု ကန့်ကွက်သည့်အပြင် ပြည်ထောင်စုအဆင့်ဖြစ်သည်အတွက် လွှတ်တော်များ၌ ဖွဲ့စည်းထားသော ရေးရာကော်မတီ ဝင်များ၏ ပြည်တွင်းပြည်ပ ပိုင်ဆိုင်မှုကိုပါ စစ်ဆေးသင့်ကြောင်း ထပ်ဆင့်အဆိုသစ်ကို တင်သွင်းခဲ့သေးသည်။
ယနေ့ထုတ် သတင်းစာများတွင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၈၌လည်း ပြဋ္ဌာန်း ထားပြီး ဖြစ်သကဲ့သို့ ဆင့်ပွားပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၀တွင်လည်း ပြည်ထောင်စုလွှတ်တော်နာယက ထံပေးပို့ရ မည်ဟု ပါရှိကြောင်း၊ ထိုအပြင် ပုဒ်မ ၁၀၁တွင်လည်း လွှတ်တော်အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသည့် ပုဂ္ဂိုလ်များသည် တစီးပွားထဲဖြစ်သည့် စီးပွားရေး လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကို စာရင်းပြုစု ပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဟု ပါရှိပြီးဖြစ်သည်ဟု ထောက်ပြပြော ဆိုကြောင်း ရေးသားထားသည်။
အဆိုရှင် ပုသိမ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကမူ အခြေခံဥပဒေနှင့် ဆင့်ပွားဥပဒေများတွင် ပြဋ္ဌာန်းထား သည်မှာ မှန်ကန်သော်လည်း ပြည်သူလူထု ပွင့်လင်းမြင်သာစွာ သိရှိရန် ယခုအဆိုကို တင်ခြင်းဖြစ်ကြောင်း၊ လိုအပ်ပါက မဲခွဲဆုံးဖြတ်စေလိုကြောင်း ပြောဆိုခဲ့သည်။
လက်ပံတန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းကလည်း ယခုအဆို ရှုံးနိမ့်သည်မှာ မှန်သော်လည်း လွှတ်တော် တင်ပြဆွေးနွေးခွင့်ရပြီး ပြည်သူများသိရှိသည့်အတွက် အတိုင်းအတာတခုအထိအကျိူးရှိသည်ဟု ထင်မြင်ကြောင်းဆိုသည်။
သမ္မတ ဦးသိန်းစိန်ကလည်း လွှတ်တော်အတည်ပြုချက်ဖြင့် ခန့်အပ်ထားသည် အစိုးရအဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို ပြီးခဲ့သည့် သြဂုတ်လ ၁ရက်နေ့က တင်ပြရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုသို့ အမိန့်ထုတ်ပြန်ထားသည့်အတွက် တင်ပြခြင်းရှိမရှိကို ဧရာဝတီက သမ္မတရုံးအဖွဲ့သို့ မေးမြန်းစုံစမ်းရာ ဆက်သွယ်၍ မရပေ။