လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်နဲ့ အွန်လိုင်း ဘလော့ဂ်စာမျက်နှာတခုမှာ ရေးသားသူ ကလောင်အမည် ဒေါက်တာ ဆိတ်ဖွား ဆိုသူကို စုံစမ်းဖော် ထုတ်ဖို့ ကော်မရှင်တရပ် မကြာမီ ဖွဲ့စည်းပါတော့မယ်။
ဒေါက်တာ ဆိတ်ဖွား ရေးထားတဲ့ အထဲမှာ သမ္မတ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား တင်းမာမှုဖြစ်ခဲ့ရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။ ခုံရုံးကိစ္စ လွှတ်တော်က အတည်ပြုထားတာကို ပြန်လည်သုံးသပ်ဖို့ သမ္မတက သဝဏ်လွှာ ပေးပို့ခဲ့ပေမယ့် လွှတ်တော်က ပယ်ချပြီး ယခင်အတိုင်းပဲ ပြန်လည် အတည်ပြုလိုက်တဲ့ အပေါ်မှာ ဒေါက်တာ ဆိတ်ဖွားဆိုသူက ဝေဖန်ထားတာပါ။
သမ္မတရဲ့ သဘောထား မှတ်ချက်ကို ပယ်ချလိုက်တာဟာ လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစားတာ ဖြစ်တယ်။ “အခြေခံဥပဒေက မည်သို့ပင်ဆိုစေကာမူ လွှတ်တော်ဥက္ကဋ္ဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်” လို့ ဒေါက်တာ ဆိတ်ဖွားက ရေးထားပါတယ်။
“လွှတ်တော်ဥက္ကဋ္ဌများနဲ့ အပေါင်းပါများ ဆိုတဲ့စကားက လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေကို စော်ကားရာရောက်ပါတယ်၊ ဒီမိုကရေစီ နည်းလမ်းအရဆိုပြီး ဒီလိုစည်းမဲ့ကမ်းမဲ့ ရေးချင်တိုင်းရေးတာကို မပြောလိုပေမယ့် လွှတ်တော်ကို ပြည်သူတွေက တမျိုးမြင်မှာစိုးလို့ အခုလိုလုပ်ရတာပါ” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။
အဆိုတင်သွင်းသူ လွှတ်တော်အမတ် ဒေါက်တာ စိုးရင်က အရေးကြီးအဆို တင်သွင်းရာမှာတော့ “ဒေါက်တာ ဆိတ်ဖွားရဲ့ ဝေဖန်ရေးသားချက်ဟာ မိမိတို့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်များနှင့် လွှတ်တော် ကိုယ်စားလှယ်တွေကို စော်ကားထားတာ ဖြစ်တယ်၊ အဲဒီ စော်ကား ရေးသားချက်ကို ကိုယ်စားလှယ်များက မခံမရပ်နိုင် ဖြစ်နေကြတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူပေးရန် တောင်းဆိုလာကြောင်း၊ ဒါကြောင့် အရေးယူနိုင်ဖို့ စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ဖို့ ပြည်ထောင်စုလွှတ်တော်၌ အရေးကြီး အဆိုတင်ပါကြောင်း” ဖြင့် အဆိုတင်သွင်းပါတယ်။
ဒေါက်တာ စိုးရင်ဟာ လွှတ်တော်ဆိုင်ရာ အခွင့်အရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် အများစုကတော့ ဒီအဆိုကို ထောက်ခံကြပါတယ်။ စစ်တပ် ကိုယ်စားလှယ် အများစုကတော့ သမ္မတရဲ့ သဘောထား မှတ်ချက်ကို ထောက်ခံထားတဲ့သူတွေ ဖြစ်လို့ ဆိတ်ဖွား ကိစ္စကို မထောက်ခံကြပါဘူး။
အဲဒီအဆိုကို ထောက်ခံမဲ ၃၇၄ မဲ၊ ကန့်ကွက်မဲ ၁၅၄ မဲ၊ ကြားနေ ၄၂ မဲနဲ့ အဆိုက အောင်မြင်သွားပြီး ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေးကော်မရှင် တရပ်ဖွဲ့ဖို့ လွှတ်တော် နာယက က အတည်ပြုပေးလိုက်ကြောင်းနဲ့ မကြာခင်ဖွဲ့စည်း စုံစမ်း ဖော်ထုတ်တော့မယ်လို့ ကိုယ်စားလှယ်တွေက ဧရာဝတီကို ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကချင်ဒေသက စစ်ပွဲအခြအနေတွေနဲ့ တခြား အရေးကြီးတဲ့ ကိစ္စတွေကို မဆွေးနွေးကြဘဲ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ သူတယောက်က အင်တာနက်ပေါ်မှာ မိမိထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားတာကို လွှတ်တော်မှာ အရေးကြီး အဆိုတင်တဲ့ ကိစ္စအပေါ်မှာလည်း ဝေဖန်မှုအမျိုးမျိုး ထွက်နေတယ်။
ကိုယ်စားလှယ်တွေ အပြောအရတော့ ဆိတ်ဖွားရဲ့လုပ်ဆောင်ချက်ဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်မှု တခုသာဖြစ်ပြီး ၎င်းဘယ်သူဆိုတာ ခန့်မှန်းသိထားတဲ့အတွက် အခုလို အဆိုတင်တာလို့ ပြောကြပါတယ်။
“ခုံရုံးကိစ္စတွေ ပြောဆိုကတည်းက ဆိတ်ဖွား ဘယ်သူဆိုတာ သိတဲ့သူတွေရှိမှာပါ၊ ဒီကိစ္စတခုတည်း မဟုတ်ပါဘူး။ အရင်ကလည်းပဲ လွှတ်တော်ကို ဝေဖန်ပုတ်ခတ် ပြောဆို ရေးသားထားတာတွေ ရှိလို့ အဆိုတရပ်တင်ဖို့ ဖြစ်လာရတာပါ” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကလည်း ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ သိထားတွေ ရှိကောင်းရှိနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကော်မရှင်အနေနဲ့လည်း စုံစမ်းဖော်ပြီးရင်တောင် လူသိရှင်ကြား ထုတ်ဖော်ကြေညာမှာ မဟုတ်ဘဲ နောင်ဆက်လက် မလုပ်ဆောင်ဖို့ သတိပေးရုံပဲ လုပ်ဆောင်မယ်လို့ ထင်မြင်ကြောင်း ရှင်းပြပါတယ်။
“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဆိုတာကို ဖော်ထုတ်မိရင်တောင်မှ သိုသိုသိပ်သိပ်နဲ့ပဲ ဒီကိစ္စက ပြီးသွားမှာပါ” လို့ ဦးကြည်မြင့်က ဆိုတယ်။
အင်တာနက်ပေါ်မှာ မိမိတို့ ထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားနေတဲ့ ဘယ်သူ၊ ဘယ်ဝါမှန်း မသိတဲ့သူကို ဒီလောက်အထိ အကဲဆတ်နေတာဟာ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက လွှတ်တော်အပေါ် ပြင်းထန်တဲ့ ဝေဖန်ရေးသားမှုမျိုးတွေ မလုပ်ရဲအောင် ကြိုတင်ဟန့်တား လိုတာကြောင့်လို့ တချို့က ယူဆကြပါတယ်။ အလားတူ ဒေါက်တာ ဆိတ်ဖွားလိုမျိုး ရေးသားဝေဖန်နေတဲ့ ပြည်တွင်းက မီဒီယာတချို့ကိုပါ တဖက်လှည့်နဲ့ သတိပေးချင်တဲ့ အတွက်လို့ ယူဆကြပါတယ်။
ရန်ကုန်မီဒီယာဂရုပ်ရဲ့ အကြီးအကဲဖြစ်သူ ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်) ကတော့ ဒေါက်တာ ဆိတ်ဖွား ကိစ္စကို လွှတ်တော်မှာ တရုတ်တရက် အရေးကြီး အဆိုတင်တာဟာ အကဲဆတ်တဲ့ တုံ့ပြန်မှုလို့ မှတ်ချက်ပြုပါတယ်။ ဒါပေမယ့် မီဒီယာတချို့က လွှတ်တော်အပေါ်မှာ ဝေဖန်ထောက်ပြ ရေးသားမှုတွေ လျော့ကျသွားနိုင်သလို အများစုကတော့ လျော့ကျသွားမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“အစိုးရကိုလည်း ဝေဖန် ရေးသားနေကြတာပဲလေ။ ပြောရမယ်ဆိုရင် အစိုးရက လွှတ်တော်ထက် ဝေဖန်မှု ခံနိုင်ရည်ရှိတယ် ပြောရမှာပဲ။ လွှတ်တော်ဟာ အရင်ကလည်းပဲ တုံ့ပြန်မှုတချို့ ရှိခဲ့ပါတယ်” လို့ ဦးကိုကိုက ဆိုပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးကတော့ လွှတ်တော်အနေနဲ့ ဥပဒေကို ကျော်ပြီးလုပ်တာ ဘာမှ မရှိဘူး၊ ဖွဲ့စည်းပုံအတိုင်း လုပ်နေတာချည်းပဲ။ ပြည်သူတွေက ယုံကြည်လို့ ရွေးချယ်ထားတဲ့အတွက် ပြည်သူ့ ဆန္ဒအတိုင်း လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။
“ကျနော်တို့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ၆၀၀ ကျော်ရှိတယ်။ ဒီလူ ၆၀၀ ကျော်ရဲ့ဆုံးဖြတ်ချက်ဟာ ဘယ်တော့မှ မမှားနိုင်ဘူးလို့ ကျနော်ထင်တယ်” လို့ ဦးဝင်းဦးက ဆိုပါတယ်။
ဒေါက်တာ ဆိတ်ဖွားကတော့ လွှတ်တော်ဟာ ခုံရုံးကိစ္စအပြင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သဘောထား မှတ်ချက်ကိုလည်း ပယ်ချကာ လွှတ်တော်တွင်းမဲခွဲ၊ မိမိတို့သဘောနဲ့ အတည်ပြုတဲ့ ကိစ္စဟာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့ ဝေဖန်ထားပါတယ်။
ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး လင့်ခ်