ပြည်တွင်းစစ် ရပ်တန့်ပြီး လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ငြိမ်းချမ်းရေးကို လက်တွေ့ အကောင်အထည် ဖော်ရေးတို့အတွက် “တနိုင်ငံလုံး စစ်ပွဲရပ်” ဆိုသည့် အရပ်ဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို စက်တင်ဘာ ၂၁ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။
စက်တင်ဘာလ ၂၁ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်ပြီး စစ်ပွဲနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ ငြိမ်းချမ်းရေး ရရှိရန် ရည်ရွယ်ကာ ၁၉၈၂ ခုနှစ်မှ စတင်၍ ကမ္ဘာတဝန်းတွင် နှစ်စဉ်ကျင်းပသည်။
ငြိမ်းချမ်းရေးကွန်ရက်၊ မဲခေါင်ကွန်ရက်၊ အဖြူရောင်တွဲလက်များ၊ နှောင်ကြိုးမဲ့ လူမှုကွန်ရက်၊ ရှမ်းပြည် ကျောက်မဲလူငယ်များကွန်ရက်၊ ရန်ကုန်ဂီတလူငယ်များ ကွန်ရက်၊ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များကွန်ရက်၊ ပွင့်လင်းလူမှုအဖွဲ့အစည်းကွန်ရက်၊ ပန်းရဲ့လမ်း၊ ကဗျာဆရာများသမဂ္ဂ၊ စိမ်းရောင်စို၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ကာတွန်းဆရာများအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကွန်ရက် စသည့် အဖွဲအစည်းများက လှုပ်ရှားမှုကို ဆောင်ရွက်မည်ဟု ရန်ကုန်မြို့ ရွှေသံလွင်ကွန်ဒိုတွင် ယနေ့ နံနက်က ကျင်းပသော “တနိုင်ငံလုံး စစ်ပွဲရပ်” ငြိမ်းချမ်းရေးလှုပ်ရှားမှု မီဒီယာရှင်းလင်းပွဲမှ သိရသည်။
ပြည်တွင်းစစ်များ အမြန်ဆုံးရပ်တန့်ပေးရေး ဘုံတောင်းဆိုချက်အဖြစ် “တနိုင်ငံလုံး စစ်ပွဲရပ်” အထိမ်းအမှတ် ငြိမ်းချမ်းရေး ကိုယ်စားပြု အပြာရောင်အဝတ်စကို နဖူးစည်း၊ လက်ပတ်များအဖြစ် အသုံးပြုကြမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်နေ့တွင် ယင်းလှုပ်ရှားမှု ဆောင်ရွက်သူများသည် ရောက်ရှိသည့်နေရာ၌ ညနေ ၄ နာရီမှ ၄ နာရီ ၁၅ မိနစ်အတွင်း ငြိမ်သက်စွာ ဆုတောင်းခြင်းများ ပြုလုပ်မည်ဟု ဆိုသည်။
အဆိုပါ လှုပ်ရှားမှုအတွက် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ တရားဝင် စီတန်းလှည့်လည်ခွင့်အတွက် စာတင်မည်ဖြစ်ပြီး ခွင့်ပြုချက် ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အဖွဲ့အစည်းများအားလုံးက လှုပ်ရှားမှုများ ပြုလုပ်ကြမည်ဟု သိရသည်။
“တရားမျှတမှုရှိမှ ငြိမ်းချမ်းရေးဆိုတာ ထာဝရဖြစ်တည်မှာပါ။ ကျမတို့အနေနဲ့ ခွင့်ပြုမိန့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လှုပ်ရှားမှုကို လုံးဝပြုလုပ်မှာဖြစ်တယ်” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူတဦးဖြစ်သူ မအက်စတာ က ပြောသည်။
လှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ်၊ တောင်ကြီး၊ အင်းလေး၊ ဟိုပုန်း၊ အောင်ပန်း၊ ရွှေဘို၊ ပြည်၊ ပေါင်းတည်၊ ဥက္ကံ၊ သာယာဝတီ၊ ဘားအံ၊ ကျောက်ဆည်၊ မြစ်သား၊ မော်လမြိုင်၊ နေပြည်တော်၊ ကျောက်မဲ၊ သံတောင်ကြီး၊ တောင်ငူ စသည့် မြို့များတွင် ပြုလုပ်မည်ဟု သိရသည်။ အနုပညာရှင်များ၊ ကဗျာဆရာများ၊ ကျောင်းသားကျောင်းသူများလည်း ပါဝင်လှုပ်ရှားမည်ဟု ဆိုသည်။
အဖြူရောင်တွဲလက်များအဖွဲ့မှ မဖြူအိသန်းက “ကချင်ပြည်နယ်က မန်ဝင်းကြီး ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ ဆုတောင်းမှုတွေ ဆွေးနွေးမှုတွေ ပြုလုပ်မယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို လူထုသိအောင် You Tube ကနေဖြန့်သွားမယ်။ အဲဒီနေ့မှာ Father တွေကလည်း ဝတ်ပြုဆုတောင်းမှုတွေလုပ်မယ်” ဟု ပြောသည်။
အဆိုပါ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ တံတားဖြူတွင် အဖွဲ့အစည်းများ စုပေါင်းကာ စကျင်ကျောက်တိုင်ငယ် တခုကိုလည်း စိုက်ထူပြီး အပြာရောင် မိုးပျံပူဖောင်းများ လွှတ်တင်မည်ဟု သိရသည်။
“ငြိမ်းချမ်းရေး သီချင်းတွေဖြန့်မယ်၊ စတစ်ကားတွေ ကပ်တာမျိုးတွေကို လှည်းတန်းမီးပွိုင့်မှာ လုပ်မယ်” ဟု တက္ကသိုလ် ခရစ်ယာန်ကျောင်းသားများကွန်ရက်မှ တာဝန်ခံတဦးက ပြောသည်။
ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး သောင်းနှင့်ချီသော ဒုက္ခသည်များ ထွက်ပြေးနေရဆဲဖြစ်သည်။